ကျွန်တော်နဲ့ အတွေးအမြင်

ကျွန်တော်နဲ့ အတွေးအမြင်

ရေးသူ - ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

ကျွန်တော်ဟာ တစ်သက်လုံးပညာရှာဖွေမှုကို အလေးထားခဲ့သူဖြစ်တယ်။ ငယ်ငယ်ကတည်းက ဘာဖြစ်ချင်သလဲလို့မေးရင် ပညာတတ်ဖြစ်ချင်တယ် လို့ပဲ ဖြေမိတယ်။ ပညာလို့ပြော ပြန်ရင်လည်း အမှန်တော့ အတန်းပညာ ကို ရည်ညွှန်းနေတာကို နောင်မှသတိပြုမိတယ်။ တကယ် တော့ ပညာ ဆိုတာ အတန်းပညာသာမက ပိုပြီးအရေးကြီးတာက ဘ၀ပညာပဲဖြစ် တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ် ရင် ကျွန်တော်က အတန်းပညာနဲ့ ပတ်သက်ပြီး ကံကောင်းတယ်လို့ ပြောနိုင်တယ်။ ဘွဲ့တွေအမျိုးမျိုး ရခဲ့ တယ်။ ဒါတောင် အခွင့်အရေးများရရင် ဆက်ပြီး သင်ချင်သေးတာ။ ပါရဂူ ဘွဲ့ကို ထပ်ယူချင်တယ်။ သုတေသနလုပ်ချင်တယ်။ ဘ၀ ပညာနဲ့ပတ် သက်လို့ ကျွန်တော်အားနည်းတယ်။ လူရည် မလည်လှဘူး။ ဟန်ဆောင် ရတာ အားနည်းတယ်။ မကြိုက်ရင် မကြိုက်တာကို ပြောမိတယ်။ ရှေ့ နောက်ကြည့်ဖို့ခက်တယ်။ လွယ်လွယ်ကူကူနဲ့ မိတ်ဆွေမဖြစ်ဘူး။ ခွကျတဲ့ သဘာဝရှိတယ်။

အီးကျူမြင့်ဖို့လိုတယ်
...........................
ကိုယ့်ရဲ့အားနည်းချက်ကို သိလို့ထင်ပါရဲ့ ကျွန်တော်က အီးကျူ (EQ) ကို စိတ်ဝင် စားတယ်။ လေ့လာတယ်။ သင်ပြတယ်။ အီးကျူနည်းလို့ အခုလို ဖြစ်နေတယ်လို့ ထင်တယ်။ ဘ၀ကိုရင်ဆိုင်တဲ့နေရာမှာ ဥာဏ်ရည် ထက် မြက်ရုံ မလုံလောက်ဘဲ အီးကျူမြင့်ဖို့လိုတယ်။ အဓိကကတော့ ကိုယ့် အကြောင်း ကိုယ်သိတယ်လို့ ထင် နေကြတယ်။ အမှန်တော့ မပြည့်စုံဘူး။ ကိုယ့်အကြောင်း ကိုယ့်လောက်သိတဲ့ သူတွေရှိတာကို သတိပြုရမှာဖြစ် တယ်။ ကိုယ့်အကြောင်း ကိုယ်သိအောင် လုပ်နေတဲ့နေရာမှာ အထိ ရောက်ဆုံးက တရားထိုင်တာဖြစ်တယ်။ အခုလိုဆင်ခြင်ပြီး ကိုယ့် အကြောင်း ကိုယ်သိအောင် လုပ်နိုင်ဖို့လိုတယ်။ တစ်လောက ကျွန်တော့်ရဲ့ အီးကျူကို အစမ်းသပ်ခံရတယ်။ လူတိုင်းချီးကျူးတာကိုနှစ်သက်ကြပြီး ဝေဖန် ပြစ်တင်တာကိုတော့ လက်ခံဖို့ခက်တယ်။ ကျွန်တော်နဲ့ ပတ်သက် ပြီး လူမှုရေး ကွန်ရက်မှာ အကြီးအကျယ် ဝေဖန်ခံခဲ့ရတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက ဒီဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး အကြောင်းတရား အပြည့်အစုံမသိပေမဲ့ ထောက်ခံခဲ့သူတွေက အများကြီးထောက်ခံတယ်။ ကြိုက်တယ်ဆိုရင် ဘာကို ကြိုက်တာလဲ၊ ဘာကိုထောက်ခံနေတာလဲ လို့တော့ သိဖို့လိုမှာ။ အခုတော့ တစ်ခါတည်း ကြိုက် နေကြတာ။ ဒါက ယဉ်ကျေးမှုတစ်ရပ်ဖြစ်တယ်လို့ ကျွန်တော့်ကို ဖြေသိပ်ကြပါတယ်။ ဆရာ့ အတွက် အထူးအဆန်းဖြစ်ပေမဲ့ ကျွန်တော့်အတွက် တော့ ရိုးနေပြီလို့ အားပေးကြတယ်။ ဝေဖန်တဲ့သူတွေ၊ အပြစ်တင်တဲ့သူတွေကို ကျွန်တော် နားလည်ပါတယ်။ သူတို့နေရာမှာဆိုရင် ကျွန်တော်လည်း ဒီလိုဖြစ်မှာ။

ဒါပေမဲ့ လူတစ်ယောက်အတွေးအမြင်ဟာ ဆင်ခြင်တုံတရားကတစ်ဆင့် ဖြစ်ပေါ် သင့်တယ်လို့ ယူဆမိတယ်။ စိတ်ခံစားမှုအပေါ်အခြေခံပြီး သုံးသပ် ရင် အစွန်း ရောက်နိုင်တယ်။ ကျွန်တော်က အစွန်းတရားကို ကြောက်ရွံ့ တယ်။ အစွန်း တရားကြောင့် ပြဿနာတွေ ကြီးထွားခဲ့တာကို သတိထား မိတယ်။ အစွန်း တရားထက် ပြုစုဖို့လိုလိမ့်မယ်။ ဒီနေရာမှာ ဘာသာတရား လက်ခံမှုက အထောက်အကူဖြစ်မယ်လို့ ထင်တယ်။ အလယ်အလတ် လမ်းစဉ်ဟာ အစွန်းကို ရှောင်ကြဉ်တာဖြစ်တယ်။

သတိထားကြဖို့လို
........................
အမုန်းတရားပွားရတာ လွယ်ကူတယ်။ မေတ္တာရှိဖို့ပြောရင် လက်ခံမှုအား နည်းတယ်။ ဒါကြောင့်လည်း တစ်ကမ္ဘာလုံးမှာ အမုန်းတရားတွေ ပျံ့နှံ့ နေတာ။ ဒီစိတ်ထားတွေက အမြဲရှိ နေခဲ့ပေမဲ့ အခုခေတ်မှာ လူမှုရေး ကွန်ရက်ကတစ်ဆင့် ပိုပြီး မြန်မြန်ဆန်ဆန်ပျံ့နှံ့သွားတယ်။ ပြန့်နိုင်တယ်။ ဒါကြောင့်လည်း ပိုပြီးသတိထား ကြဖို့လိုတယ်။ အများကြိုက်တဲ့ စာလုံးတွေ သုံးပြီး အမုန်းတရားကိုမဖြန့်သင့်ဘူး။ အမုန်းတရားတွေ ဘာကြောင့်ဖြစ်နေ ရသလဲဆိုတာကို စဉ်းစားတဲ့အခါ အကြောက်တရားက ပေါက်ပွားလာ တယ်လို့ ထင်တယ်။ ကြောက်တဲ့စိတ်က တစ်ဆင့် အမုန်းတွေပေါ်လာ တာ။ မကြောက်ရင် မုန်းစရာမရှိဘူးလို့ထင်မိတယ်။

ကျွန်တော့်အနေနဲ့ ပညာတွေများများသင်လေလေ ကိုယ်မသိတာတွေ၊ မတတ် တာတွေ ပိုပိုပြီးများလာတာတွေ့ရတယ်။ ဒါကြောင့် အရာရာကို မသိနိုင်ဘူး။ အရာရာကို မတတ်နိုင်ဘူးလို့ အမြဲဆင်ခြင်တယ်။ ဒါကြောင့် လည်း မိမိရဲ့ စိတ်ကို လေထီးလိုဖြစ်အောင်လေ့ကျင့်တယ်။ လေထီးဟာ ပွင့်မှအလုပ်လုပ်သလို လူတစ် ယောက်ရဲ့စိတ်ထားဟာလည်း ပွင့်နေဖို့ လိုတယ်။ ပိတ်ထားရင် အတွေးအမြင်တွေ တိုးမှာမဟုတ်ဘူး။ မသိချင် ဘူး။ သိနေတာပဲ အားကိုးနေရင် ပြောရဆိုရတာ ခက်တယ်။ ကိုယ်စဉ်းစား တာပဲမှန်တယ်။ သူများပြောတာကို လက်မခံနိုင်တာဟာ အဟန့်အတား ဖြစ်စေတယ်။ ဒီလိုဖြစ်တာဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အား နည်းလို့ပဲဖြစ်တယ်။ အစွဲအလမ်း ကြီးတာကြောင့်ဖြစ်တယ်။ မိမိရဲ့ အတွေး အမြင်ကို မပြောင်းလဲနိုင်ဘဲ ကိုယ်မြင်တာမှန်တယ်။ ကိုယ်တွေးတာကသာ ဟုတ် တယ်လို့ထင်လို့မဖြစ်ဘူး။ ပညာတတ်ဆိုတာက အမြင်မတူတာကို နားထောင်နိုင်ပြီး ဆင်ခြင်နိုင်စွမ်းရှိတာဖြစ်တယ်။ အမြင်မတူတာကို ရန်သူ လို့မမြင်ဘဲ အမြင် တူတာကို အခြေခံပြီး အတွေးသစ်၊ အမြင်သစ် တွေ ရအောင် ကြိုးစားဖို့လိုတယ်။

ညီညီညွတ်ညွတ်ရှိဖို့လို
.............................
အခုအခါမှာ တစ်ကမ္ဘာလုံးမှာ အကြမ်းဖက်မှုတွေလွှမ်းမိုးနေတယ်။ ရုပ်မြင် သံကြား သတင်းတွေကြည့်လိုက်ရင် စိတ်မကောင်းစရာတွေပဲမြင်ရတာ။ တစ်ဦးနဲ့ တစ်ဦးပဋိပက္ခဖြစ် နေကြပြီး အမုန်းတွေပွားနေကြတယ်။ အေး ချမ်းမှု ချုပ်ငြိမ်းနေသလိုပဲ။ အရှုံး၊ အနိုင်ကိုအာရုံမထားဘဲ တစ်ယောက် နဲ့ တစ်ယောက် အပေးအယူ အလျှော့အတင်း လုပ်နိုင်ပြီး အဖြေတွေ ရှာသင့် တယ်လို့ယူဆမိတယ်။

မိမိနိုင်ငံရဲ့ အချုပ်အခြားအာဏာကို မထိပါးဖို့အရေးကြီးတယ်။ ကျွန်တော် တို့နိုင်ငံ လွတ်လပ်ရေးရဖို့ချွေးတွေ၊ သွေးတွေပေးဆပ်ခဲ့ကြတယ်။ အရပ် သားတွေ စတေး ခံခဲ့ရသလို တပ်မတော်ကလည်း တာဝန်ကျေပွန်ခဲ့တယ်။ ဒါတွေက အမှန်တရားပဲ။ ဒါကို မငြင်းနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံ မှာ ဖိအားတွေက မျိုးစုံအစိုးရ အနေနဲ့ လုပ်သင့်၊ လုပ်ထိုက်တာတွေကို အာရုံစိုက်နေရတဲ့အချိန်မှာ စိန်ခေါ်မှု အသစ်တွေပေါ်ပေါက်နေတာမို့ အခက်အခဲမျိုးစုံကို တစ်ပြိုင်တည်း ရင်ဆိုင်နေ ရတယ်။ ဒီလိုအခြေအနေ မှာ ညီညီညွတ်ညွတ်ရှိဖို့လိုတယ်။ လက်ညှိုးထိုးပြီး အပြစ်တင်လို့ ထူးမှာ မဟုတ်ဘူး။ ကိုယ်တက်နိုင်တဲ့ဘက်က ကူညီဖို့လိုတယ်။ ခက်ခဲမှုတွေကို အခွင့်အရေးယူပြီး အသံကောင်းဟစ်နေသူက အမြောက်အမြား။ ပြဿနာ ဖော်တာလွယ်ပါတယ်။ အဖြေရအောင်ရှာရတာကခက်တာ။

ကျွန်တော်က လူငယ်ထုကိုအားကိုးတယ်။ သူတို့ဟာ ပွင့်လင်းတယ်။ အတွေးအမြင် အသစ် တွေ ရှိကြတယ်။ မွေးကတည်းက ခေတ်မီအိုင်တီ ပညာနဲ့ ရင်းနှီး တယ်။ သူတို့ရဲ့ အနာဂတ်လှ အောင်ဖန်တီးဖို့ ကျွန်တော် တို့မှာ တာဝန်ရှိတယ်။ လှပတဲ့၊ အေးချမ်းတဲ့ အနာဂတ်ကို ဖော်ထုတ် နိုင်ဖို့ လိုအပ်တယ်။

အတွေးမှန်ရန် အပြောမှန်မှာ
.....................................
အခုလို အပြောခံရတော့၊ ဝေဖန်ခံရတော့ ကျွန်တော်မကြာမကြာ အများကို သတိပေးခဲ့တာကို ပြန်စဉ်းစားပြီး ဆင်ခြင်မိတယ်။ လက်ဆောင်ရတဲ့အခါ ကိုယ်က လက်မခံရင် ဒီလက်ဆောင်ဟာ ပေးတဲ့သူဆီပြန်ရောက် သွား တယ်။ ကိုယ့်ကို စော်ကားတာ၊ အပြစ်တင်တာကို လက်မခံရင် ကိုယ့် အတွက် ဘာမှမထိခိုက်ဘူး။ ခံနိုင်ရည်ရှိအောင် ဆင်ခြင်ရမှာ။ ကိုယ့်ကိုယ် ကိုယ်သုံးသပ်ပြီး ဘာကြောင့် ဒီလို ဖြစ်ရတာကိုလည်း ဆန်းစစ်နိုင်စွမ်း ရှိရမှာ။ မိမိရဲ့အတွေး အမြင်တွေကို ပြင်ဖို့ လိုမယ်ဆိုရင်လည်း ပြင်ရမှာ။ လူတိုင်းခြောက်ပြစ်ကင်းတာတော့ မရှိနိုင်ပါ ဘူး။ မှားတာရှိနိုင်မှာ သေချာ ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အမြဲတမ်းမှန်တဲ့ အတွေးရှိ အောင် ကြိုး စားတယ်။ အတွေးမှန်ရင် အပြောမှန်မှာ၊ အပြောမှန်ရင် နောက် အလုပ် မှန်မှာသာ ဖြစ်တယ်။ ဒါကြောင့် အတွေးအခေါ်အမြင်မှန်အောင် ကြိုးစား ကြစေချင်တယ်။ အတွေးအမြင်ဆိုတာကလည်း ပညာကတစ်ဆင့် ရတာ ဖြစ်တယ်။ ပညာဆိုတာကလည်း ဆင်ခြင်တတ်ပြီး အစွန်းတရားကို ရှောင် ကြဉ်မှု ဖြစ်စေပါတယ်။ စီတ်အလိုလိုက်ပြီး ရင်တွင်းခံစားချက်တွေကိုသာ ရှေ့တန်း တင်ရင် ဒုက္ခတွေ့နိုင်တယ်။ လူတစ်ယောက်ရဲ့တန်ဖိုးဟာ ဆင်ခြင်နိုင်မှုပဲဖြစ် တယ်လို့ ယုံကြည်မိတယ်။ ဒီနေရာမှာ ကိုယ်ချင်းစာ တရားဟာ အရေးကြီးပါ တယ်။ ကိုယ့်ဘက်က စဉ်းစားတိုင်း သူ့ဘက် ကိုလည်း ကြည့်နိုင်ဖို့ လိုအပ်တယ်။

အနာဂတ်အနေအထား
...............................
ကိုယ်ဒါလုပ်လိုက်ရင် သူဘယ်လိုခံစားရမလဲ။ ကိုယ်ဒီလိုပြောလိုက်ရင် တစ်ဖက်သား ဘာဖြစ်သွားမလဲ။ ဒီမေးခွန်းတွေကို အမြဲမေးနေရမှာ။ တစ် ဖက်တည်း ကြည့်ရုံနဲ့ မလုံလောက်ပါဘူး။ ကြည့်ရင်လည်း ဒါကသိပ် တစ် ကိုယ်ကောင်း ဆန်တာ။ တွေးတာမြင်တာနဲ့ပတ်သက်ပြီး ကျွန်တော် ကတော့ အမြဲအကောင်း မြင်နိုင်အောင် ကြိုးစားတယ်။ ဘယ်လောက်ပဲ ဆိုးဆိုး အဆိုးထဲက အကောင်းတော့ ရှိနိုင်တယ်။ ရှိတာကိုလည်း လက်ခံ ရမယ်။ ရှိဖို့လည်းလိုအပ်တယ်။ အခုအချိန်မှာ အဆိုးတွေ ရင်ဆိုင်ရပေမဲ့ ဒီအဆိုးတွေကိုကျော်လွှားနိုင်တဲ့ အခွင့်အရေးပေးတယ် လို့ မြင်ရမယ်။ ကျော်လွှားနိုင်ရင် စိန်ခေါ်မှုမဟုတ်တော့ဘဲ အခွင့်အရေးဖြစ်လာမှ။ ကျွန်တော်ကတော့ နိုင်ငံကြီးတိုးတက်စေချင်တယ်။ အောင်မြင်စေချင် တယ်။ ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်တယ်။ ဒါတွေဖြစ်လာအောင် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိတယ်။ ဘေးထိုင်ပြီး ဝေဖန်နေလို့၊ အပြစ်ပြောနေရုံနဲ့ မလုံ လောက်ပါဘူး။

ကိုယ်တတ်နိုင်တဲ့ဘက်မှာ ကူညီဖို့လိုတယ်။ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဒါဆို ပြည့် စုံပြီ။ အခုရင်ဆိုင်နေရတာတွေကို တစ်ဖက်က အာရုံစိုက်သလို တစ်ဖက်က နောက်အနှစ် ၂၀၊ ၃၀ မှာဖြစ်နိုင်မယ့် အနာဂတ်အနေအထား ကို တွေ့မြင်နိုင်ရမယ်။ အိပ်မက်မက်နိုင်ရမယ်။ နောက်အနှစ် ၂၀ မှာ ကျွန်တော်မရှိမှာ သေချာ ပေမဲ့ ကျွန်တော် တို့နိုင်ငံရဲ့ အနာဂတ်ဟာ လှပနေမယ်ဆိုတာကို တစ်ထစ်ချ ယုံကြည်တယ်။ ဖြစ်ချင်တာတွေဖြစ်ဖို့ အတွေးအမြင်တွေ ပြုပြင်ဖို့ လိုမှာဖြစ်ပါတယ်။

#မြန်မာ့အလင်းသတင်းစာ(၁၈.၁၂.၂၀၁၇)
Credit: B2B MYANMAR