ကျွန်တော်နဲ့ ဆယ်နှစ်တာကာလ

ကျွန်တော်နဲ့ ဆယ်နှစ်တာကာလ

ရေးသူ - ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
အချိန်ကလည်း အကုန်မြန်လိုက်တာ။ အသက်ကြီးလာလို့ထင်ပါရဲ့။ အချိန်ကာလ ကို ပိုပြီး သတိထားလာတယ်။ တန်ဖိုးထားလာတတ်တယ်။ ကျွန်တော်မိသားစုနဲ့ အတူ မြန်မာပြည်ပြန်ရောက်တာ ၁၀ နှစ်တင်းတင်းပြည့်ခဲ့ပြီ။ ကျွန်တော် ၁၉၉၂ ခုနှစ်က မြန်မာပြည်ကထွက်ခွာပြီး ကုလသမဂ္ဂအဖွဲ့အစည်းမှာ တာဝန်ယူခဲ့ တယ်။ အငြိမ်းစားကို ၂၀၀၇ ခုနှစ်မှာ ယူခဲ့ပြီး ပြန်လာခဲ့တယ်။ အငြိမ်းစားယူပြီး ကျွန်တော်နဲ့မိသားစုက မြန်မာပြည်ပြန်ဖို့ပဲ စိတ်ကူးရှိတာ။ အပြင်မှာနေဖို့ စိတ် မကူးခဲ့ဘူး။ ကိုယ့်နိုင်ငံပြန်ပြီး တတ်နိုင်သလောက်လုပ်ပေးမယ်။ လုပ်နိုင် သလောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာ။ တစ်ဖက်ကလည်း သမီးငယ်ကို မြန်မာ အကြောင်း သိစေချင်တဲ့ စေတနာလည်း ပါခဲ့တာ။ အငြိမ်းစားယူခဲ့ပေမဲ့ နားဖို့ လည်း မစဉ်းစားမိခဲ့ဘူး။ ကျန်းမာရေးကောင်းသလောက် လုပ်ဖို့သာ အာရုံ ရှိခဲ့တာ။
၂၀၀၇ ခုနှစ်ကနေ အခုအထိ ဆယ်နှစ်အတွင်း မြန်မာပြည်မှာ အကြီး အကျယ် ပြောင်းလဲခဲ့သလို ဒီဆယ်နှစ်အတွင်းမှာလည်း ကျွန်တော်နဲ့ကျွန်တော်တို့ မိသားစု ဟာလည်း ထူးထူးခြားခြားပြောင်းလဲခဲ့တယ်။ ကျွန်တော်တို့ ၂၀၀၇ ခုနှစ်မှာ အပြီး အပိုင်ပြန်လာခဲ့ပေမယ့် အခွင့်ရေးရတိုင်း ခွင့်နဲ့ အိမ်ပြန်လာခဲ့တာမို့ မျက်ခြည် မပြတ် ခဲ့မိဘူး။ ပြန်လာတဲ့အခါတိုင်းလည်း ကျွန်တော်ချစ်တဲ့ တက္ကသိုလ်မှာ ဟောပြောပွဲတွေ လုပ်ပေးခဲ့တယ်။

ကျွန်တော်တို့ပြန်ရောက်ပြီး မကြာခင်မှာ ရွှေဝါရောင်တော်လှန်ရေးဖြစ်ခဲ့တယ်။ အခြေအနေတွေက တင်းမာနေတာမို့ အိမ်ထဲမှာပဲနေခဲ့တယ်။ ဒါပေမဲ့ ညနေပိုင်း ကျွန်တော်တို့ အိမ်အနီးရှိတဲ့ အင်းယားလမ်းမီးပွိုင့်ကို လင်မယားနှစ်ယောက် မိုးထဲမှာ လမ်းလျှောက်ပြီးသွားခဲ့တယ်။ မကြာမီ လှည်းတန်းက လှုပ်ရှားမှုမှာ ပါဝင်တဲ့ သံဃာတွေ ချီတက်လာတာကို တွေ့ရတယ်။ မေတ္တာဝေပြီး ချီတက်လာ ကြတဲ့ သံဃာတွေကို ကြည့်ပြီးစိတ်ထဲမှာ အကြီးအကျယ်ခံစားရတယ်။ တစ်ဦးနဲ့ တစ်ဦးလက်တွဲကြပြီး အခုလိုမေတ္တာပို့နေကြတာကို မြင်ရတော့ ရင်ထဲ နာကျင်မိ တယ်။ မျက်ရည်တောင် ကျမိတယ်။ ဇနီးသည်ကလည်း စိတ်မကောင်းဘူး။ သံဃာတွေ မီးပွိုင့်ကျော်ပြီး တက္ကသိုလ်ရိပ်သာလမ်းအမှတ် ၅၄ ကိုချီတက်ကြ တယ်ဆိုတာ သိရပြန်တော့ စိတ်ပူစိုးရိမ်မိပြန်တယ်။ ဒီတုန်းက ရွှေတောင်ကြား လမ်းထိပ်ကစပြီး လမ်းတိုင်းတားပြီး လုံခြုံရေးတပ်ဖွဲ့တွေချထားတယ်။ အခုလို တားဆီး ထားတာ ကို ဖြတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖို့ စဉ်းစားနေကြ တာမို့ ပြဿနာအကြီးအကျယ်ဖြစ်တော့မှာကို ပူပန် မိတယ်။ သွေးမြေမကျစေချင် တော့ဘူး။ နားလည်မှုတွေ၊ သည်းခံမှုတွေ၊ ခွင့်လွှတ်မှုတွေရှိကြပါစေလို့ တဖွဖွဆု တောင်းနေမိတယ်။ နောက်မှာ လုံခြုံရေးအဖွဲ့တွေ ခွင့်ပေးလို့ သံဃာတော်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရ ပြီး ပဋိပက္ခမဖြစ်ခဲ့တာမို့ စိတ်သက်သာရမိ တယ်။ ဂြိုလ်တုကရုပ်ပုံတွေမြင်ရပြန်တော့ ရွှေတိဂုံဘုရားမှာ ဖြစ်နေတဲ့ အနေအထား တွေကို သိရပြန်တယ်။ ဒီတုန်းက Facebook သာရှိရင် ဘယ်လို များဖြစ်မလဲလို့ စဉ်းစား မိတယ်။ ရေသန့်ဘူးတွေဝေပေးနေကြသူတွေ၊ အစား အသောက်တွေဝေနေကြသူတွေကို ကျေးဇူးတင်မိပြီး သာဓုခေါ်ခဲ့ပါတယ်။

ကျွန်တော်က ၂၀၀၇ မကုန်မီ အီတလီနိုင်ငံ၊ တူရင်းမြို့ကို သုံးလပြန်သွားခဲ့တယ်။ တာဝန်ယူခဲ့တဲ့ ကုလသမဂ္ဂ၀န်ထမ်းတက္ကသိုလ်မှာ အလုပ်တာဝန် တစ်ခုဆောင် ရွက်ဖို့၊ ဒါကြောင့် နှစ်ကုန်ခါနီးမှာ မြန်မာပြည်ပြန် လာခဲ့ပြန်တယ်။ ၂၀၀၈ ခုနှစ်က စပြီး ရန်ုကုန်မှာ အခြေစိုက်တဲ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့မှာ အကြံ ပေး ပုဂ္ဂိုလ်အဖြစ် တာဝန်ဆက်ယူခဲ့တယ်။ တစ်ဖက်ကလည်း စီးပွားရေး တက္ကသိုလ်မှာ စာတွေသင်ခဲ့တယ်။ သမီးကလည်း ရန်ကုန်မြို့မှာကျောင်းပြန် တက်တယ်။ မကြာမီ နာဂစ်နဲ့ဆုံပြန်တယ်။ ကျွန်တော်ထင်ထင်ရှားရှား မှတ်မိ သေး တယ်။ မေလ ၁ ရက်နေ့ ရုံးမှာရှိတဲ့ ကွန်ပျူတာကတစ်ဆင့် ဂြိုလ်တုက မြင်တဲ့ပုံထဲမှာ နာဂစ်မုန်တိုင်း တဖြည်းဖြည်း မြန်မာနိုင်ငံကို ရွေ့လာတာကို ထင်ထင်ရှားရှားမြင်ခဲ့ရတယ်။ ဒါပေမဲ့ စိတ်ထဲမှာ သိပ်ပြီးစိတ်မပူမိဘူး။ ညနေ ဘက်ကြပြန်တော့ လင်မယားနှစ်ယောက် အင်းယားလိတ်ဟိုတယ်မှာ ကျင်းပတဲ့ မင်္ဂလာညစာစားပွဲတက်ခဲ့တယ်။ ည ၈ နာရီကျော်လောက် ညီတော်မောင် လုပ်တဲ့ သူက အစ်ကိုတို့ ဘယ်မှာလဲ။ လေမုန်တိုင်းကျတော့မယ်ဆိုပြီး ပြောမှ အိမ်ကို ပြန်ခဲ့ကြကာ ညဘက်ကျတော့ အကြီးအကျယ်လေ ပြင်းတွေ၊ မိုးတွေရွာပြီး အိမ်ကမှန်တွေလည်း အားလုံးကွဲကုန်တယ်။ အိမ်ရှေ့က သစ်ပင်တွေလည်း ပြိုလဲခဲ့တယ်။

နာဂစ်မှာ ကျွန်တော့်ကို တာဝန်တွေပေးခဲ့ပါတယ်။ သုံးပွင့်ဆိုင်အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး သင်တန်း တွေ လုပ်ပေးနိုင်ခဲ့တယ်။ နိုင်ငံတကာအဖွဲ့ အစည်း တွေကတစ်ဆင့် ပြည်တွင်းအရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ကွင်းဆင်း သုတေသနပြုဖို့ အထောက်အပံ့တွေပေးနိုင်ခဲ့တယ်။ ဒီ အထဲ အထိတ် တလန့် ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို အမှတ်မထင်ကြုံတွေ့ခဲ့ရတယ်။ စာရင်းကောက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေအနက် တစ်ဖွဲ့က ရန်ကုန်မြို့အလုံလမ်းမှာရှိတဲ့ ပိုးကရင်အဖွဲ့။ သူတို့ကို လိုအပ်တဲ့သင်တန်း တွေပေးပြီး နာဂစ်ဖြစ်တဲ့နေရာတွေ စာရင်းကောက်ဖို့ လွှတ်ခဲ့တယ်။ သူတို့အနေနဲ့ ကရင်လူမျိုးတွေဖြစ်တာမို့ နယ်မြေ ကျွမ်းတယ်။ ဒါကြောင့်လည်း ချောင်ကြိုချောင်ကြားခရီးထွက်ခဲ့ကြတယ်။ ကရင် လူငယ် ၂၅ ကျော် အခုလို ခရီးသွားနေတာကို သက်ဆိုင်ရာလုံခြုံရေး အဖွဲ့တွေနဲ့ ကြိုတင်ညှိနှိုင်းမှုမရှိတာမို့ ညဥ့်နက်မှာဖုန်းလာပြီး ကျွန်တော်တို့တော့ အထိန်း သိမ်းခံနေရပြီး ကူညီပါလို့ပြောတာနဲ့ နေပြည်တော်ကိုအကြောင်းကြား၊ အကျိုး အကြောင်းကို ရှင်းပြပြီး ထိန်းသိမ်းခံရတဲ့သူတွေကို လွှတ်အောင် ဆောင်ရွက်နိုင် ခဲ့တယ်။ ခေတ်တစ်ခေတ်မှာ ကြုံရတဲ့စိန်ခေါ်မှုတွေဖြစ်တယ်။
နာဂစ်ဒဏ်ကို ခံခဲ့ရတဲ့လူငယ်အချို့ရဲ့ စိတ်ပိုင်းဆိုင်ရာအားပေးမှု လုပ်ငန်းတွေကို လည်း ဆောင်ရွက်ခဲ့ တယ်။ ဒီအလုပ်တွေလုပ်ရင်း အရပ်ဘက်လူ့အဖွဲ့အစည်း တွေနဲ့ ရင်းနှီးခဲ့ရပြန်တယ်။ ကျွန်တော်နိုင်ငံခြားမှာရှိကတည်းက Egress အဖွဲ့နဲ့ ရင်းနှီးခဲ့တယ်။ တူဖြစ်သူဒေါက်တာထွန်းသူရသက်က တစ်ဆင့်ဒေါက်တာ နေ၀င်း မောင်နဲ့ ရင်းနှီးခဲ့တယ်။ ကျန်တဲ့ Egress တည်ထောင်ခဲ့သူ ခြောက်ဦးနဲ့ လည်း သိကျွမ်းခဲ့တယ်။ ကျွန်တော်က နိုင်ငံခြားမှာရှိပေမဲ့ သူ့ရဲ့သင်တန်းတွေနဲ့ ပတ်သက်ပြီး သင်ရိုးညွှန်းတမ်းတွေရေး ဆွဲပေးခဲ့တာ။ ရန်ကုန်ပြန်ရောက်ပြီး Egress မှာ သင်တန်းတွေ သင်ပေးခဲ့တယ်။ လူငယ်တွေရဲ့ အရည်အသွေးမြှင့် လုပ်ငန်းတွေကို ၀င်ရောက်လုပ်ပေးနိုင်တာမို့ အားရကျေနပ်မိတယ်။

၂၀၀၈ နောက်ပိုင်းမှာ ကျွန်တော့်ကို ကုလသမဂ္ဂဌာ နေ ညှိနှိုင်းမှုရုံးမှာ တာဝန် ပေးခဲ့ပြန်တယ်။ တစ်ဖက်မှာ လည်း ပုဂ္ဂလိကလုပ်ငန်းတွေအတွက် အကြံတွေ ပေးခဲ့တယ်။ ဟောပြောပွဲတွေလည်း မကြာခဏလုပ်ခဲ့တာ။ တက္ကသိုလ်မှာလည်း စာသင်မပျက်။ ဒီအလုပ်က ကျွန်တော်ဝါသနာပါတဲ့အလုပ်။ ၂၀၁၀ အပြီးမှာ ကျွန်တော့်ကို ပြည်သူ့လွှတ်တော်ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးခဲ့တယ်။ နောက်ပိုင်းမှာ စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့ရတယ်။ တစ်ဖက်ကလည်း နိုင်ငံခြားတက္ကသိုလ်တွေမှာ အလုပ်လုပ်ခွင့်ရခဲ့ပြန်တယ်။
၂၀၁၆ ခုနှစ်ကစပြီး ကျွန်တော်က အစိုးရအသစ်ရဲ့ငြိမ်းချမ်းရေးကော်မရှင်မှာ ပါဝင်ခွင့်ရခဲ့တယ်။ နိုင်ငံ ရေးနဲ့စီးပွားရေးဆက်စပ်မှုကို ဖော်ထုတ်ခွင့်ရခဲ့တယ်။ ဒုတိယသမ္မတဦးမြင့်ဆွေရဲ့မောင်တောကော်မရှင်မှာ ပါခွင့်ရခဲ့ပြန်တယ်။ အခုတော့ UEHRD မှာ ပါဝင်ပတ်သက်ခွင့်ရခဲ့တယ်။
ဒီဆယ်နှစ်ကာလကို ပြန်သုံးသပ်ရင် ကျွန်တော့်ရဲ့ဘ၀ အပြောင်းအလဲတွေဖြစ်ခဲ့ သလို ဒီဆယ်နှစ်အတွင်း နိုင်ငံမှာအလွန်ကြီး ကျယ်တဲ့ပြောင်းလဲမှု သုံးရပ်ရှိခဲ့ တယ်။ တပ်မတော်အစိုးရ လက်ထက်မြန်မာပြည်ပြန် ရောက်တဲ့ ကျွန်တော်ဟာ ဦးသိန်းစိန် အစိုးရကို မြင်ရသလို အခုတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးစီးတဲ့အစိုးရနဲ့ ကြုံရပြန်တယ်။ ဒီပြောင်းလဲမှုဟာ အလွန် ထူးခြားလှတဲ့ ပြောင်း လဲမှုတွေဖြစ်တယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေတာကို ကြိုဆိုရ မှာသာဖြစ်တယ်။
အခုလည်း ကျွန်တော်တို့နိုင်ငံမှာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်မိတယ်။ ကျွန်တော်တို့ အနာဂတ်က လှပမှာသာဖြစ်တယ်။

ကျွန်တော့်ရဲ့သမီးဟာလည်း အခုတော့ ဘွဲ့ရပြီးအလုပ်လုပ်နေပြီ။ ကျွန်တော် တက်စေချင်တဲ့ ဘွဲ့လွန်သင်တန်းတက်ဖို့ ပြင်ဆင်နေပြီး ကျွန်တော်ဟာလည်း မငယ်တော့ဘူး။ အသက်ရလာပေမယ့် လုပ်ချင်တာတွေက အများကြီးရှိသေး တယ်။ ပညာရေးလုပ်ငန်းတွေကို ဆက်လုပ်ချင်တယ်။ နိုင်ငံအတွက်တတ် နိုင်တဲ့ ဘက်က လုပ်ပေးချင်တယ်။

၁၀ နှစ်ကာလအတွင်း ကျွန်တော်က ဘ၀ကိုအစကပြန်စခဲ့ရတာ။ ပြန်ရောက်တဲ့ အချိန်မှာ ဘယ်သူမှ လည်း မသိ၊ ဘယ်သူ့မှလည်း အဆက်အသွယ်မရှိ။ ဒါကြောင့်လည်း အစကနေ ပြန်ဆောက်တည်ခဲ့ရတာ။ ဆယ်နှစ်ကာလအတွင်း အခက်အခဲအမျိုးမျိုးကြုံခဲ့၊ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ လုပ်ချင်တဲ့ စိတ်ပဲရှိ တယ်။ ကျွန်တော်စာသင်တာဝါသနာပါလို့ တက္ကသိုလ်တွေမှာ သင်ခဲ့ရ တယ်။ ကာကွယ်ရေးတက္ကသိုလ်မှာလည်း ပို့ချခွင့်ရခဲ့တယ်။ ဟောပြောပွဲတွေ ကိုတော့ အချိန်ရတိုင်းလုပ်ပေးတယ်။ တစ်ဖက်ကလည်း ကျွန်တော်က B2B မဂ္ဂဇင်းတည်ခဲ့တဲ့ ဦးတင်ဇံကျော်မိသားစုနဲ့အတူ လစဉ်မျက်နှာဖုံး အင်တာဗျူးတွေ လုပ်နိုင်ပြီး ပုဂ္ဂလိကကဏ္ဍနဲ့ ရင်းနှီးခဲ့တယ်။ တစ်ဖက်ကလည်း တာဝန်ကျေပွန်တဲ့ စီးပွားရေးပေါ်ပေါက်အောင် လုပ်ငန်းရှင်များနဲ့ ကြိုးစားခဲ့ တယ်။ လုပ်စရာတွေက အများကြီး ကျန်သေးတာ။ ၁၀ နှစ်ကိုယ်အသက်ရှင်နေသေးရင် လုပ်ရမယ့် အလုပ်၊ လုပ်သင့်တဲ့ အလုပ်တွေနဲ့ အလုပ်အကျွေးပြုချင်တာပါပဲ။

#မြန်မာ့အလင်းသတင်းစာ(၆.၁၁.၂၀၁၇)