သူတို့ ပိုက်ဆံရှာနည်း

သူတို့ ပိုက်ဆံရှာနည်း

ကျွန်တော်ရဲ့ခရီးဆောင်ဝန်ဆောင်မှုအဖွဲ့က မြန်မာငွေ USD $1000 လဲပေးထားတယ်။ ဟိုမှာ လိုအပ်ရင်ပါလာတဲ့ ပိုက်ဆံကို သူတို့ငွေကြေးနဲ့ ဖလှယ်ပြီး သုံးစွဲနိုင်ဖို့ စီစဉ်ပေးတဲ့ သဘောပါ။ မသုံးရင်လည်း ရပါတယ်။ ကျွန်တောက တက်နိုင်ရင်ပါလာတဲ့ ပိုက်ဆံကို မသုံးဘူးလို့ ဆုံးဖြတ်ထားတယ်။ မရပါဘူး။ မြင်မြင်သမျှ ပစ္စည်းတွေက ဝယ်ချင်စရာပါပဲ။ အီလက်ထရောနစ်ပစ္စည်းတွေဆိုရင် မမြင်ဘူးတာတွေအများကြီးပဲ။ ပိုက်ဆံနှမြောတာနဲ့ ဟိုကြည့် ၊ ဒီကြည့် ၊ ဟိုကိုင်ကြည့် ဒီကိုင်ကြည့်လုပ်ပြီး မဝယ်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်ပါတဲ့ ပိုက်ဆံကုန်တော့တာပါပဲ။ ဘာကြောင့်ကုန်ရတယ်ဆိုတာ ပြောပြချင်ပါတယ်။
မစ္စတာဂျင်မီက ပြောတယ်။
“တို့နိုင်ငံ ဧည့်သည်တစ်ယောက် ရောက်လာတယ်ဆိုတာ ပိုက်ဆံ တစ်ယောက်သုံးမယ့်လူတစ်ယောက် ရောက်လာတယ်လို့ ငါတို့က ခံယူတာ။ ဒီတော့ မင်းအိတ်ထောင်ထဲက ပိုက်ဆံ တို့နိုင်ငံမှာ ကျန်ခဲ့ဖို့ နေရာတွေ လုပ်ပေးထားတယ်။ အဲ့ဒီနေရာတွေသွားမယ်၊ ကြည့်မယ်၊ ဝယ်မယ်၊ သုံးမယ်။ ဒီလိုနဲ့မင်းဆီက ငွေတွေ အားလုံး တို့ဆီမှာကျန်ခဲ့တော့မယ်။”
သူပြောတဲ့စကားက ဟုတ်တယ်။
သူတို့ဆီမှာ လူတွေလုပ်ထားတဲ့ ဖန်းတီးထားတဲ့ အဆောက်အဦတွေ ရှိတယ်။ သမိုင်းတန်ဖိုးကြီးတဲ့ ပစ္စည်းမျိုးမဟုတ်ဘူး။ ဥပမာ Marlion ရုပ်တုဆိုပါစို့…ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်း ပုံစံ ထုလုပ်ထားတယ်။ ဒီရုပ်ထုနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေ ရှိတယ်။ သမိုင်း မဟုတ်ဘူး။ အဲ့ဒီရုပ်တု ဟာဘိလပ်မြေနဲ့ လုပ်ထားတယ်။ လူတွေလာခြင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားတယ်။အမှတ်တရ ဓာတ်ပုံ ရိုက်စရာနေရာတွေ ဖန်တီးထားတယ်။ အဲ့ဒီရှေ့မှာ ဓာတ်ပုံရိုက်ကြတယ်။ သူတို့ရဲ့ MarLion ရုပ်တုဟာ ကျွန်တော်တို့ မန္တလေးကျုံးနဲ့ နှိုင်းရင်ဘာမှ မဆိုင်ဘူး။ ကျွန်တော်တို့ မန္တလေးကျုံးဟာ သမိုင်းရှိတယ်။ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေရှိတယ်။ အလှအပရှိတယ်။ အရှေ့ဘက်က တောင်တန်းပြာပြာ ၊ အနောက်ဘက်ကတောင်တန်းပြာပြာ၊ ရေပြာပြာနဲ့ အုတ်ရိုးနီနီတွေဟာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ မရှိတဲ့ အလှအပဆုံး သမိုင်းအမွေအနှစ်ဖြစ်တယ်။ Marlion ရုပ်တုအပြင် Sentosa ကျွန်းပေါ်ကိုရောက်သွားတယ်။ ဒီခေတ်လူတွေ ဖန်တီးထားတဲ့ အဆောက်အဦးတွေတွေ့ရတယ်။ သူတို့ဖန်တီးထားတာက ကျွန်တော့် အိတ်ထောင်ထဲက ပိုက်ဆံကို တဖြည်းဖြည်းချင်း နှိုက်ယူနေသလိုဖြစ်လာတယ်။

Sentosa မှာ သီချင်းဖွင့်ပြရင် ကပြတက်တဲ့ လင်းပိုင်ကြီးတွေ ရှိတယ်။ အဲဒီရေကန်ရဲ့ဘေးမှာ သူတို့မှာ မရှိတဲ့ “သဲ” တွေကို ဝယ်ပြီး ခင်းပြထားတယ်။ အမှတ်တရ ပစ္စည်းတွေရောင်းတဲ့ ရှော့ပင်းမောလ်ကြီးတွေရှိတယ်။ ဒီတော့ပိုက်ဆံကကုန်တော့တာပေါ့။ Aircon Bus ကိုစီးပြီး Underwater World ကိုရောက်ခဲ့ပြန်တယ်။ လူလုပ်ထားတဲ့ ကျောက်ဂူအတုကြီးကို မြင်လိုက်တယ်။ အဲ့ဒီကျောက်ဂူကြီးထဲမှာ ငါးမျိုးစုံပြထားတယ်။ လှည့်လည်ကြည့်ရှု့ရင်း ပြင်ဦးလွင်က ပိတ်ချင်းမြှောင်ကို သတိရမိတယ်။ ပိတ်ချင်းမြှောင်လောက်လည်း မလှပါဘူး။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ထက် အတွေးကောင်းတယ်။ အမြင်ကျယ်တယ် ဒီတော့ ကျွန်တော် တို့အိတ်ထောင်ထဲက ပိုက်ဆံ ကုန်ပြန်တော့တယ်။ Underwater World ကအပြန် 3D , 4D ရုပ်ရှင်ဝင်ကြည့်ဖြစ်တယ်။ အသည်းယားစရာကောင်းလိုက်တာ။ ကိုယ့်ကိုတိုင်ရုပ်ရှင်ထဲမှာ ဝင်သရုပ်ဆောင်နေသလိုပဲ။ 4D ရုပ်ရှင်ဆိုရင် နှလုံးရောဂါ ရှိတဲ့သူ ၊ ကြောက်တဲ့သူတွေကြည့်လို့မရဘူး။

ညနေပိုင်လည်းရောက်ရော Musical Fountain လို့ခေါ်တဲ့ ရေပန်းအကကို ဝင်ပြီးကြည့်တယ်။ အကြာကြီးတန်းစီရတယ်။ နိုင်ငံခြားသား ဧည့်သည်ပေါင်း ၂၀၀၀ လောက်ရှိမယ်။ ရေပန်းအကဆိုတာ တကယ်တော့ ထူးထူးခြားခြားမဟုတ်ပါဘူး။ ရေပန်းတွေကို ရေထဲကမှုတ်ထုတ်တယ်။ အဲ့ဒီရေပန်းတွေကို ရုပ်ရှင်ပိတ်ကားလို လုပ်ထားတယ်။ အဲဒီ ရေမှုန် ၊ ရေမွှား ၊ ရေပန်းတွေကို ရုပ်ရှင်ပြဇာတ်နဲ့ ဆလိုက်ထိုးတယ်။ ဒါပါပဲ။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ထက် လျှပ်စစ်ကို ပိုပြီး အသုံးချတက်တယ်။ Lighting အကြောင်းကို နားလည်တယ်။ ဒီလိုနဲ့ ကျွန်တော့ အိတ်ထောင်ထဲက ပိုက်ဆံအချို့ ထွက်သွားပြန်တယ်။

အပြန်မှာ မစ္စတာဂျေမီနဲ့ စကားပြောဖြစ်တယ်။
“ဘယ်လိုလဲ OK တယ်နော်”
“OK ပါတယ်။ ကျုပ်… အိတ်ထောင်ထဲက ပိုက်ဆံတွေတော့ တဖြည််းဖြည်းနဲ့ ထွက်ကုန်ပြီ”
“ဒါ ငါတို့ရဲ့ အတက်ပညာပဲလေ”
“ငါတို့ ဆီမှာ ဒီထက်ကောင်းတာတွေ သာတာတွေအများကြီးပါကွာ”
“ဒါဆိုရင် ပိုက်ဆံရအောင် ရှာပေါ့။ ငါတို့ဆီမှာ မင်းတို့လို သယံဇာတမရှိဘူး၊ ခိုင်မာတဲ့ ရှည်လျားတဲ့ သမို်င်းမရှိဘူး။ သမိုင်းအဆောက်အဦတွေမရှိဘူး။ ဒါပေမယ့် ငါတို့မှာ အတွေးအခေါ် ရှိတယ်။ အမြင်တွေရှိတယ်။”

“မင်းတို့လို ဖန်တီးရတာ သိပ်မခက်ပါဘူးကွာ”
“သိပ်မခက်တာတော့ဟုတ်ပါတယ်။ ဒါပေမယ့် စည်းကမ်းရှိရှိလုပ်တက်တဲ့လူတွေလိုတယ်။ စေတနာကောင်းတဲ့သူတွေအများကြီးရှိဖို့လိုတယ်။ မင်းတို့လုပ်မယ်ဆိုရင် ငါတို့ထက်အများကြီးသာမှာပါ။”

“မင်းကိုလည်း ငါတို့ဆီလာဖို့ ဖိတ်ခေါ်ပါတယ်”
“ကျေးဇူးတင်ပါတယ်။ သစ်ပင်တစ်ပင် ဖြစ်ဖို့ဆိုတာ နှစ်ပေါင်းများစွားစောင့်ရတယ်။ သစ်ပင်ကနေ နိုင်ငံခြားငွေရှာတယ်ဆိုတာ ကိုယ့်အသားကို ကိုယ်ဖဲ့စားနေသလိုပဲ။ မြေအောင်သယံဇာတတွေဆိုတာ လူတစ်ယောက်ရဲ့ခန္ဓ္ဓာကိုယ်ထဲက အသည်းတွေ၊ ကျောက်ကပ်တွေ၊ ကလိဇာတွေနဲ့တူတယ်။ ကျောက်ကပ်ထုတ်ပြီးရောင်းစားတဲ့လူတစ်ယောက်ဟာ ဘဝမှာ သက်တမ်းစေံနေနိုင်ဖို့ မလွယ်သလို ၊ ကျန်းကျန်းမာမာနဲ့ နေနိုင်ဖို့လည်း မလွယ်ကူပါဘူး။ ဒါကြောင့် သယံဇာတက နေပြီးငွေရှာတာထက် Idea နဲ့ ငွေရှာတာ ပိုမကောင်းဘူးလားကွ။ မင်းတို့အိတ်ထောင် ကပိုက်ဆံ ငါတို့ဆီမှာ ကျန်ခဲ့ဖို့ အိုင်ဒီယာနဲ့ ဖန်တီးထားတဲ့ နေရာတွေ အများကြီးကျန်သေးတယ်။ပစ္စည်းတွေအများကြီး ကျန်သေးတယ်။မင်းလာတဲ့ ရက်နည်းလို့ပါကွာ။များများနေရင် များများပိုက်ဆံကုန်မှာ။”

လူလုပ်ထားတဲ့ အတုတွေဆိုပေမယ့် ….
အဲဒီအတုတွေထဲမှာ စေတနာတွေပါတယ်။ စည်းကမး်တွေပါတယ်။ အိုင်ဒီယာတွေပါတယ်။ အတွေးအခေါ်တွေပါတယ်။ ကျွမ်းကျင်မှုတွေပါတယ်။ ပညာတွေပါတယ်။ ပူးပေါင်းဆောင်ရွက်တက်မှုတွေပါတယ်။ အပြန်အလှန်နားလည်းမှုတွေပါတယ်။ အပြန်အလှန်ယုံကြည့်မှုတွေပါတယ်။

ကျွန်တော့်တို့ ဆီမှာ သမိုင်းအမွေအနှစ် အစစ်တွေအများကြီးပဲ။ အဲဒီ အစစ်တွေထဲမှာ စေတနာတွေထည့်ကြရအောင်။ စည်းကမ်းတွေထည့်ကြရအောင်။ အတွေးအခေါ်တွေထည့်ကြရအောင်။ ကမ္ဘာ့အမြင်တွေထည့်ကြရအောင်။ နားလည်မှုတွေ၊ ယုံကြည်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြရအောင်ဗျ။

ငှက်တစ်ကောင်၏…အတွေးရနံ့ (စင်္ကာပူ မလေးရှားခရီးသွား အတွေရသစာစု)
ဦးဘုန်း ၊ ဓာတု ၊ မန္တလေး။