သမိုင်းတွင်ခဲ့တဲ့ ဂန္တဝင်ကြီးတွေကို နောက်ကွယ်မှ ပံ့ပိုးပေးခဲ့ကြတဲ့ ဒုတိယလူ

သမိုင်းတွင်ခဲ့တဲ့ ဂန္တဝင်ကြီးတွေကို နောက်ကွယ်မှ ပံ့ပိုးပေးခဲ့ကြတဲ့ ဒုတိယလူ

ကုမ္ပဏီတစ်ခု အောင်မြင်သွားရင် လူ့ရှေ့ထွက်လေ့ရှိတဲ့သူတွေပဲ နာမည်ကျော်သွားတတ်တယ်။ အောင်မြင်ပြီဆိုတဲ့ အဆင့်တစ်ခုကို ရောက်သွားအောင် နောက်ကွယ်က ကြိုးစားပန်းစားလုပ်ကိုင်ပြီး ရိုးရိုးအေးအေး နေတတ်တဲ့သူတွေကို မသိကြတော့ဘူး။ တကယ်တမ်းတော့ အောင်မြင်ခဲ့တဲ့ ကုမ္ပဏီကြီးတွေနဲ့ ဂန္တဝင်ကြီးတွေရဲ့ နောက်ကွယ်မှာ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ “ဒုတိယလူ” ဆိုတာ အမြဲတမ်းရှိတတ်ကြပါတယ်။

Buzz Aldrin (ဘက်ဇ် အယ်ဒရင် – လကမ္ဘာပေါ်ကို ဒုတိယခြေချခဲ့တဲ့ လူသား)

လကမ္ဘာပေါ်ကို ပထမဆုံးခြေချခဲ့တဲ့ လူသားလို့ မေးလိုက်ရင် အားလုံးက အာကာသယာဉ်မှူး နီးလ်အမ်စထရောင်း (Neil Armstrong) လို့ပဲ ဖြေဆိုကြမှာပါ။ နီးလ်အမ်စထရောင်းကိုတော့ တစ်ကမ္ဘာလုံးက သူရဲကောင်းအဖြစ် ချီးကျူးကြတယ်။ Apollo 11 အာကာသယာဉ်ကို ၁၉၆၉ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့မှာ ဖလော်ရီဒါပြည်နယ် (Florida) ကနေဒီအာကာသအခြေစိုက်စခန်း (Kennedy Space Center) မှ ထွက်ခွာခဲ့ပြီး ဇူလိုင်လ (၂၁) ရက်နေ့ စကြာဝဠာစံတော်ချိန် (Coordinated Universal Time – UTC) ဝ၂ : ၅၆ : ၁၅ မှာ နီးလ်အမ်စထရောင်းမှ လကမ္ဘာပေါ်ကို ခြေချခဲ့တာပါ။ ဒုတိယအာကာသယာဉ်မှူးဖြစ်တဲ့ ဘက်ဇ် အယ်ဒရင် (Buzz Aldrin) က နောက်မိနစ် (၂ဝ) ကြာမှ လကမ္ဘာပေါ်ကို ခြေချခဲ့တဲ့သူဖြစ်တဲ့အတွက် သမိုင်းမှာ မှတ်တမ်းမဝင်ဖြစ်သွားတာပါ။ လကမ္ဘာကို ဆင်းသက်နိုင်ခဲ့တဲ့ အာကာသယာဉ်မှူး (၂) ယောက်ကို ဂုဏ်ပြုပွဲမှာ သတင်းထောက်က ဒုတိယခြေချခဲ့တဲ့ ဘက်ဇ် အယ်ဒရင်ကို အခုလို မေးလိုက်တယ်။

လကမ္ဘာပေါ်ကို ဒုတိယခြေချခဲ့တဲ့ လူသား

“နီးလ်အမ်စထရောင်းက လကမ္ဘာပေါ်ကို ပထမဆုံးခြေချခဲ့တဲ့လူသားအဖြစ် မှတ်တမ်းဝင်သွားတယ်။ ခင်ဗျားက မှတ်တမ်း မဝင်ခဲ့ဘူး။ အဲဒီအတွက် မခံစားရဘူးလား”

“ကမ္ဘာမြေကို ပြန်ရောက်တဲ့အချိန် အာကာသယာဉ်ထဲက ကျွန်တော်ပထမဆုံး ထွက်ခဲ့တယ်။ ဒါ့ကြောင့် တခြားကမ္ဘာကနေ ကမ္ဘာမြေပြင်ပေါ် ပထမဆုံးခြေချခဲ့တဲ့သူလို့ မေးရင် ကျွန်တော်ပဲပေါ့ဗျာ ဟားဟား”

ဘက်ဇ်အယ်ဒရင် (Buzz Aldrin)

ပရိသတ်ကြီးရဲ့ လက်ခုပ်သံတွေက တဖြောင်းဖြောင်း ထွက်ပေါ်လာခဲ့တယ်။ “ငါပဲ ဖြစ်ရမယ်” ဆိုတဲ့ အတ္တစိတ်ကို ဘေးဖယ်ပြီး လုပ်ဖော်ကိုင်ဖက်တွေကို မျက်နှာပန်းလှစေချင်တဲ့ ဘက်ဇ် အယ်ဒရင်ရဲ့ ချီးကျူးစရာ စိတ်ဓာတ်ပါ။ ကိုယ့်ရဲ့အဖွဲ့သားအားလုံး အောင်မြင်ရင် ကိုယ်အောင်မြင်တာ မဟုတ်ပါလား။

Eduardo Saverin (အက်ဂွာဒို ဆာဗေးရင်း – Facebook ပူးတွဲတည်ထောင်သူ)

Facebook လို့ ပြောလိုက်ရင် CEO တာဝန်ယူထားတဲ့ မက်ခ်ဇူကာဘတ် (Mark Zuckerberg) ကိုပဲ ပြေးမြင်ကြတာပါ။ ဟုတ်ပါတယ်။ လူမှုကွန်ရက် Facebook ဟာ လူသုံးများလာသလို မက်ခ်ဇူကာဘတ်ရဲ့ အသားတင်ကြွယ်ဝမှုကလည်း Forbes မဂ္ဂဇင်းအရဆိုရင် အမေရိကန်ဒေါ်လာ ၅၆ဘီလီယံ (၅၆,ဝဝဝသန်း) အထိ ချမ်းသာလာပါပြီ။ တကယ်တမ်းတော့ ဒီနေ့ခေတ် ဆင်းရဲချမ်းသာမရွေး သုံးနိုင်တဲ့ လူမှုကွန်ရက် Facebook ကို ဟားဗတ်တက္ကသိုလ် (Harvard University) ရဲ့အခန်းကျဉ်းထဲမှာ မက်ခ်ဇူကာဘတ်နဲ့အတူ ကြိုးစားခဲ့တဲ့သူကတော့ အက်ဂွာဒို ဆာဗေးရင်း (Eduardo Saverin) ပဲဖြစ်ပါတယ်။

Facebook ပူးတွဲတည်ထောင်သူ အက်ဂွာဒို ဆာဗေးရင်း (Eduardo Saverin)

Facebook ရဲ့အစောပိုင်းကာလတွေမှာ Chief Financial Officer (CFO) အနေနဲ့ တာဝန်ယူခဲ့ပါတယ်။ ဒါပေမယ့် ၂ဝ၁၂ခုနှစ် မေလ (၁၅) ရက်နေ့မှာ မက်ခ်ဇူကာဘတ်ဟာ အက်ဂွာဒို ဆာဗေးရင်းကို Facebook မှ ဖယ်ရှားပြီး ရှယ်ယာတွေကို ပိတ်သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ အက်ဂွာဒို ဆာဗေးရင်း နဲ့ Facebook ကုမ္ပဏီ အပြန်အလှန်တရားစွဲကြပြီးနောက် Facebook မှ တရားဝင်လမ်းခွဲခဲ့ပါတယ်။ Facebook ကြီးကို လူမသိသူမသိဘဝမှ ကမ္ဘာကျော်လူမှုကွန်ရက်အဖြစ်ရောက်အောင် စွမ်းဆောင်ခဲ့ပြီးမှ အခုချိန်မှာတော့ အက်ဂွာဒို ဆာဗေးရင်းဟာ Facebook နဲ့ မသက်ဆိုင်တဲ့သူတစ်ယောက်အဖြစ်သာ။

Paul Allen (ပေါလ်အယ်လမ် – Microsoft ပူးတွဲတည်ထောင်သူ)

Microsoft Corporation လို့ ပြောလိုက်ရင် အများစုကတော့ ဘီလ်ဂိတ် (Bill Gates) ကိုပဲ သိကြပါတယ်။ ဘီလ်ဂိတ်က ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာ ရက်ရက်ရောရော လှူဒါန်းလို့ မီဒီယာတွေက စိတ်ဝင်စားကြတာကိုး။ ဒါပေမယ့် Microsoft ဆိုတဲ့ နည်းပညာကုမ္ပဏီကြီးကို ပေါလ်အယ်လမ် (Paul Allen) နဲ့ တည်ထောင်ခဲ့ရတာပါ။ Lakeside School မှာ တက်တုန်းက ဘီလ်ဂိတ်ဟာ သူ့ထက် (၃) နှစ်ကြီးတဲ့ နောင်တော်ကြီး ပေါလ်အယ်လင်နဲ့ ရင်းနှီးခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ Altair ကုမ္ပဏီအတွက် ပရိုဂရမ်တွေ ရေးပေးခဲ့ကြတယ်။

Microsoft ပူးတွဲတည်ထောင်သူ ပါလ်အယ်လမ် (Paul Allen)

၁၉၇၅ခုနှစ် ဧပြီ (၄) ရက်နေ့မှာ Microsoft ကုမ္ပဏီကို တည်ထောင်လိုက်ကြတယ်။ Apple နဲ့အပြိုင် ဈေးကွက်ဝင်ထုတ်ကုန်တွေ ဖန်တီးနိုင်ဖို့ ကြိုးပမ်းခဲ့ကြတယ်။ ဒါပေမယ့် ၁၉၈၂ခုနှစ်မှာ ပေါလ်အယ်လမ်ဟာ အပြင်းအထန်နားမကျန်းဖြစ်ပြီး Microsoft ရဲ့ ဘုတ်ဒါရိုက်တာ အဖြစ်မှ နှုတ်ထွက်ခဲ့ရတယ်။ Microsoft ကို သံယောဇဉ်မကုန်သေးတဲ့ ပေါလ်အယ်လမ်ဟာ ၂ဝဝဝခုနှစ် နိုဝင်ဘာလမှာ ကုမ္ပဏီရဲ့တောင်းဆိုချက်အရ အကြီးတန်းအကြံပေးအရာရှိ (Senior Strategy Advisor) အဖြစ် တာဝန်ယူပေးခဲ့တယ်။ Microsoft Corporation  ကို ကမ္ဘာ့ထိပ်တန်းကုမ္ပကြီးဖြစ်အောင် တစ်ထောင့်တစ်နေရာက ကြိုးစားခဲ့ပေမယ့် ပေါလ်အယ်လမ်ဟာ ဘီလ်ဂိတ်ရဲ့နောက်မှာ ဒုတိယလူအဖြစ် ရပ်တည်နေဆဲပါ။

Steve Wozniak (စတိဗ်ဝေါ့ဇ်နီးယက်ခ် – Apple ရဲ့နောက်ကွယ်မှ ဒုတိယလူ)

Apple လို့ပြောလိုက်ရင်လူတွေသိကြတာက စတိဗ်ဂျော့ (Steve Jobs) နဲ့ ပန်းသီးတံဆိပ်ကို ပြေးမြင်တတ်ကြတာပါ။ ဒါပေမယ့် ၁၉၇၆ခုနှစ် ဧပြီလ (၁) ရက်နေ့မှ Apple ကို တည်ထောင်ခဲ့သူက (၃) ယောက်ရှိပါတယ်။ စတိဗ်ဂျော့၊ စတိဗ်ဝေါ့ဇ်နီးယက်ခ် (Steve Wozniak) နဲ့  ရော်နယ်ဝိန်း (Ronald Wayne) ပါပဲ။ Apple တစ်ခုခု ကျရှုံးခဲ့ရင် အကျိုးအမြတ်ထိခိုက်မှာစိုးတဲ့အတွက် ကုမ္ပဏီတည်ထောင်ပြီး (၁၂) ရက်အကြာမှာ လမ်းခွဲသွားတဲ့ ရော်နယ်ဝိန်းအကြောင်းကိုတော့ မပြောတော့ပါဘူး။ တကယ်တမ်း အနစ်နာခံခဲ့တဲ့ စတိဗ်ဝေါ့ဇ်နီးယက်ခ်အကြောင်းကိုပဲ ပြောပါမယ်။ စတိဗ်ဂျော့ဟာ ဟုမ်းစတက်အထက်တန်းကျောင်း (Homestead High School) မှာတုန်းက ဆရာဂျွန်မက်ကောလင်း (John McCollum) ရဲ့ လျှပ်စစ်သင်တန်းမှာ တက်နေတုန်း သူ့ထက် (၅) နှစ်ကြီးတဲ့ နည်းပညာဂုရုကြီး စတိဗ်ဝေါ့ဇ်နီးယက်ခ်နဲ့ တွေ့ဆုံခဲ့တာပါ။ လျှပ်စစ်နဲ့ ပတ်သက်လာရင် အရူးအမူးခုံမင်သူဖြစ်ပြီးတော့ မိန်းကလေးတွေနဲ့ အပြင်ထွက်လည်တာတွေ ပါတီတက်တာတွေဟာ ဆားကစ်ပြားတီထွင်တာထက်ကို ပိုရှုပ်ထွေးတယ်လို့ မြင်တဲ့သူပါ။

စတိဗ်ဝေါ့ဇ်နီးယက်ခ် – Apple ရဲ့နောက်ကွယ်မှ ဒုတိယလူ

စတိဗ်ဝေါ့ဇ်နီးယက်ခ်ဟာ အနေအထိုင်အေးဆေးပြီး နည်းပညာမှာပဲ ပျော်မွေ့သလောက် စတိဗ်ဂျော့ကတော့ တစ်ခါတလေ လူလည်ကျတတ်သူပါ။ စတိဗ်ဂျော့ဟာ Atari Inc မှာ အလုပ်လုပ်နေတုန်း Breakout ဗီဒီယိုဂိမ်းတစ်ခု ဖန်တီးရာမှာ ကုမ္ပဏီက ဆားကစ်ဘုတ်တစ်ခုလုပ်ဖို့ သူ့ကို ခိုင်းလိုက်ပါတယ်။ Chip အရေအတွက် (၁၅ဝ) မှ (၁၇ဝ) အတွင်းရှိမှ Breakout ဆားကစ်ဘုတ်ကို ထုတ်လုပ်နိုင်မှာပါ။ တကယ်လို့ Chip တစ်ခုလျော့ပြီး ထုတ်လုပ်နိုင်ရင် ဒေါ်လာ (၁ဝဝ) ပေးဖို့ ကုမ္ပဏီနဲ့ သဘောတူခဲ့ပြီး သူတို့နှစ်ယောက် တစ်ဝက်စီ ခွဲယူရမှာပါ။ ဒါပေမယ့် စတိဗ်ဝေါ့ဇ်နီးယက်ခ်က (၄) ဆက်တိုက် ကြိုးစားပြီး တပ်ဆင်ခဲ့ရာမှာ Chip (၄၄) ခုနဲ့ Breakout Circuit ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Breakout ဆားကစ်ဘုတ်ကို တကယ်တမ်း လုပ်ခဲ့တာက စတိဗ်ဝေါ့ဇ်နီးယက်ခ်ပါ။ စတိဗ်ဂျော့က Atari Inc နဲ့ စတိဗ်ဝေါ့ဇ်နီးယက်ခ်ကြားမှာ ကြားခံလုပ်ပေးတဲ့ ပွဲစားအဆင့်ပါ။

စတိဗ်ဝေါ့ဇ်နီးယက်ခ်နဲ့ စတိဗ်ဂျော့

ဒါပေမယ့် သတ်မှတ်အရေအတွက်ထက်နည်းအောင် ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် Atari Inc က ဒေါ်လာ (၅ဝဝဝ) ဆုချခဲ့ပါတယ်။ Atari Inc ကုမ္ပဏီက ဒေါ်လာ (၇ဝဝ) ပဲပေးတယ်ဆိုပြီး စတိဗ်ဂျော့က စတိဗ်ဝေါ့ဇ်နီးယက်ခ်ကို ဒေါ်လာ (၃၅ဝ) ပဲ ခွဲပေးခဲ့ပါတယ်။ စတိဗ်ဝေါ့ဇ်နီးယက်ခ်က နောင်နှစ်အတော်ကြာမှ ဒီကိစ္စအပြည့်အစုံကို သိခဲ့ရတာပါ။

“စတိဗ်ဂျော့လည်း အဲအချိန်မှာ ငွေလိုနေလို့ အခုလို

လုပ်မိတာဖြစ်မှာပါ။ ကျွန်တော်က (၂၅) ဆင့်လောက်

ရရင်ပဲ ကျေနပ်မိမှာပါ။ ဒေါ်လာ (၃၅ဝ) ဆိုတာ များလွန်းပါတယ်”

စတိဗ်ဝေါ့ဇ်နီးယက်ခ်ဟာ သူ့ရဲ့မှော်ဆန်တဲ့ အင်ဂျင်နီယာပညာနဲ့ Apple I နဲ့ Apple II တို့လို အရည်သွေးမြင့်ထုတ်ကုန်တွေကို ဈေးကွက်ဝင်အောင် လုပ်နိုင်ခဲ့ပါတယ်။ စတိဗ်ဝေါ့ဇ်နီးယက်ခ်ဟာ ၁၉၈၅အထိလက်တွဲခဲ့ပြီး Apple ကထွက်ခွာခဲ့တဲ့အချိန်မှာတောင် စတိဗ်ဂျော့က ကမ်းလှမ်းခဲ့လို့ Apple ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အဖြစ် လုပ်ပေးခဲ့တာကြည့်ခြင်းအားဖြင့် Apple ကို သံယောဇဉ်ရှိတာ အထင်းသားပေါ်လွင်နေပါတယ်။ နည်းပညာလောကမှာ စတိဗ်ဂျော့လို လူတစ်ယောက် ဂန္တဝင်ဖြစ်လာအောင် နောက်ကွယ်ကနေ ပံ့ပိုးပေးခဲ့တဲ့ စတိဗ်ဝေါ့ဇ်နီးယက်ခ်လို နာမည်မကျော်တဲ့ ဒုတိယလူတွေကတော့ ရှိနေဆဲပဲဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com  (Credit)