Chips War ချစ်ပ်စစ်ပွဲများ

Chips War ချစ်ပ်စစ်ပွဲများ
အမေရိကသည် တရုတ်နိုင်ငံ၏ Semiconductor ရည်မှန်းချက်များကို လျစ်လျူရှုနိုင်သည့် အခြေအနေမရှိပါ။ ထိုရည်မှန်းချက်များကိုလည်း အလွယ်တကူမထိန်းချုပ်နိုင်သေးပါ။

Donald Trump ကျေနပ်နှစ်သက်နေသည့် စီးပွား ရေးအငြင်းပွားမှုများသည် ရှေးဆန်သည့် ခံစားမှုတစ်ခု ဖြစ်သည်။ သွင်းကုန်အပေါ်ချမှတ်သည့် အခွန်အခများက အဓိကလက်နက်များဖြစ်သည်။ မော်တော်ကားများမှအစ၊ သံထည်ပစ္စည်းများအထိ စီးပွားရေးဈေးကွက်ဟောင်းများသည် အဓိကစစ်တလင်းဖြစ်လျက်ရှိသည်။ လယ်သမားများ၊ စက်ရုံအလုပ်ရုံများလည်းပါဝင်မည်ဖြစ်သည်။

အမေရိကန်နှင့် တရုတ်ပြည်တို့ကြားတွင် အရေးပါဆုံးဖြစ်နေဆဲဖြစ်သည့် ကုန်သွယ်ရေးစစ်ပွဲသည်၊ နည်းပညာအပေါ်မူတည် တိုက်ခိုက်နေသည့် ၂၁ ရာစု စစ်ပွဲဖြစ်သည်။ ဤစစ်ပွဲတွင် အသိပညာတုနည်းပညာ AI မှသည် ဆက်သွယ်မှုကွန်ရက်သုံးပစ္စည်းများအထိ ပါဝင်ပေသည်။ အဓိကစစ်တလင်းက Semiconductor များနှင့်ပတ်သက်လျက်ရှိသည်။ အမေရိကန်နိုင်ငံ၏ စက် မှုပိုင်းဆိုင်ရာဦးဆောင်မှုနှင့် တရုတ်နိုင်ငံ၏ အင်အားကြီး နိုင်ငံဖြစ်ဖို့ ရည်မှန်းချက်တို့ အများဆုံးတိုက်ရိုက်တွေ့ ဆုံအငြင်းပွားကြသည့် အကြောင်းအရာမှာ စီလီကွန်ချစ်ပ် ထုတ်လုပ်သည့် ကဏ္ဍဖြစ်သည်။ ၂၀၁၈ ခုနှစ်နှောင်းပိုင်း အတွင်း ဗြူနိုးအေရိစ် မြို့တွင်ကျင်းပခဲ့သော G-20 ထိပ် သီးဆွေးနွေးပွဲတွင် Mr.Trump နှင့် Xi-Jinping တို့ပြောနေကြသည်မှာ မည်သည့်အကြောင်းအရာပင်ဖြစ်ပါစေ ဤအငြင်းပွားမှုက ယင်းတို့နှစ်ဦးလုံး၏ သမ္မတသက်တမ်း ကို ကျော်လွန်သွားမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကွန်ပျူတာချစ်ပ်များသည် ကိန်းဂဏန်းဆိုင်ရာစီးပွားရေးနှင့် အမျိုးသားလုံခြုံရေးတို့၏ အဓိကအခြေခံပစ္စည်းများဖြစ်နေသောကြောင့်ပေတည်း။ မော်တော်ကားများသည် ဘီးတပ်ထားသည့် ကွန်ပျူတာများဖြစ်လာကြသည်။ ဘဏ်များသည် ငွေများကို ရွှေ့ပြောင်းပေးနိုင်သည့် ကွန်ပျူတာများဖြစ်လာကြသည်။ စစ်တပ်များသည် သံမဏိများနည်းတူ စီလီကွန်ပြားများဖြင့် တိုက်ခိုက်နေကြသည်။ အမေရိကန်နှင့် တောင်ကိုရီးယား၊ ထိုင်ဝမ်တို့ကဲ့သို့သော အမေရိကန်၏ မဟာမိတ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းများကလုပ်ငန်း၏ အဆင့်မြင့်ဆုံးနယ်ပယ်များတွင် လွှမ်းမိုးကြီးစိုးနေကြသည်။ ဆန့်ကျင်ဘက်အားဖြင့် တရုတ်နိုင်ငံသည် အဆင့်မြင့်ချစ်ပ်ပြားများအတွက် ပြင်ပကမ္ဘာကို မှီခိုနေရဆဲဖြစ်သည်။ ယင်းသည် ရေနံတင်သွင်းခြင်းထက် Semiconductor များတင်သွင်းမှုအပေါ်၊ ငွေပိုမိုသုံးစွဲနေရ သည်။ Semiconductor ထုတ်လုပ်သည့် ထိပ်ဆုံးကုမ္ပဏီ ၁၅ ခု၏ အမည်စာရင်းတွင် တရုတ်နာမည်တစ်ခုမှမပါပေ။

Mr.Trump လူသိရှင်ကြားမဖြစ်မီ အချိန်များစွာကတည်းကပင်၊ တရုတ်နိုင်ငံသည် အမီလိုက်နိုင်ရေးအတွက် အစီအစဉ်များရေးဆွဲခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ပေကျင်းရှိ တရုတ်အစိုးရက ပြည်တွင်းလုပ်ငန်းများ တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရန် ယွမ်ငွေတစ်ထရီလီယံ (ဒေါ်လာ ၁၅၀ ဘီလီယံ) ရန်ပုံငွေကို ကြေညာခဲ့ပြီးဖြစ်သည်။ “Made in China 2025” ဆိုသည့် ဖော်ပြချက်အထင်အရှား ပါရှိသော Semiconductor များထုတ်လုပ်ရေး၊ အမျိုးသား တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၁၅ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်ပြည်၏ နောက်ဆုံးပေါ်အဆင့်မြင့်ဆုံး နည်းပညာနှင့် လုပ်ငန်းများဖန်တီးလိုသည့် ရည်မှန်းချက်က Mr.Trump မတိုင်မီ သမ္မတတာဝန်ထမ်းဆောင်ခဲ့ သည့် Barack Obama ကို စိုးရိမ်စေခဲ့ပြီး ၂၀၁၅ ခုနှစ်က Intel ကုမ္ပဏီကို ယင်းတို့၏အစွမ်းအထက်ဆုံး ချစ်ပ်ပြားအချို့ကို တရုတ်ပြည်သို့ ရောင်းချခြင်းမှ ပိတ်ပင်တားမြစ်ခဲ့သည်။ ထို့ပြင် ၂၀၁၆ ခုနှစ်က ဂျာမန်ကုမ္ပဏီတစ်ခုသို့ တရုတ်နိုင်ငံမှ မှာယူခဲ့သည့် အမှာစာကိုလည်း တားဆီးခဲ့သည်။ ယင်းမထွက်ခွာမီ အိမ်ဖြူတော်၏ အစီရင်ခံစာတစ်ခုတွင် တရုတ်နိုင်ငံ၏ ထောက်ပံ့ငွေများနှင့်အတင်းအကျပ်ဆောင်ရွက်သည့် နည်းပညာလွှဲပြောင်းပေးပို့မှုများကို အရေးယူဖို့ အကြံပြုခဲ့သည်။ အခြားနိုင်ငံများလည်း အထိတ်တလန့်ဖြစ်ကုန်ကြသည်။ ထိုင်ဝမ်နှင့် တောင်ကိုရီးယားတို့တွင် ပြည်တွင်းချစ်ပ်ပြားထုတ်လုပ်သည့် ကုမ္ပဏီများကို တရုတ်ကုမ္ပဏီများမှ ဝယ်ယူခြင်းကို တားဆီးသည့် မူဝါဒများကျင့်သုံးလျက်ရှိသည်။

Mr.Trump လက်ထက်မတိုင်မီကတည်းက ချစ်ပ်စစ်ပွဲစတင်ခဲ့ခြင်းဖြစ်သော်လည်း ယင်းသမ္မတဖြစ် လာခြင်းက စစ်ပွဲကို ပိုမိုပြင်းထန်စေခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံမှ ဝင်ရောက်လာမည်ကို စိုးရိမ်သောကြောင့် စင်ကာပူ၏ ကမ်းလှမ်းမှုကို တားဆီးသည့်အနေနှင့် Qualcomm (American semiconductor and telecommunication equipment co.) အား နိုင်ငံသုံးကုမ္ပဏီအဖြစ်သတ်မှတ်ခဲ့သည်။ ၂၀၁၈ ခုနှစ်အစောပိုင်းက အမေရိ ကန်တွင်ထုတ်လုပ်သည့် ချစ်ပ်များနှင့် ကွန်ပျူတာ Software များကို တရုတ်နိုင်ငံဆက်သွယ်ရေးကုမ္ပဏီ ZTE သို့ ရောင်းချခြင်းအား စည်းကမ်းဖောက်ဖျက်မှုဖြင့် ပိတ်ပင်လိုက်ခြင်းက ထိုကုမ္ပဏီအားရက်ပိုင်းအတွင်း ဒေဝါလီခံရလုနီးပါးဖြစ်စေခဲ့သည်။ လွှမ်းမိုးလာသည့် အန္တရာယ်ကို ထိတ်လန့်ခဲ့ပြီး Mr.Xi ၏ အသနားခံမှု အပေါ် ယိမ်းယိုင်သွားကာ (ယင်း၏အပြော) Mr.Trump က အလျင်အမြန်နောက်ဆုတ်ခဲ့သည်။

အပြောင်းအလဲနှစ်ခုဖြစ်ခဲ့သည်။ ပထမတစ်ခုမှာ အမေရိကန်နိုင်ငံသည် ယင်း၏နည်းစနစ်ပိုင်း အသာစီးရမှုက တရုတ်နိုင်ငံအပေါ် အာဏာလွှမ်းမိုးခွင့်ရရှိစေသည်ဆိုခြင်းကို သတိရလာခဲ့သည်။ အမေရိကန်နိုင်ငံက Fujian Jinhua ဆိုသည့် အခြားတရုတ်ကုမ္ပဏီတစ်ခုကို လျို့ဝှက်ချက်များခိုးယူမှုဖြင့် ယင်းကုမ္ပဏီအားရောင်းချသည့် ထုတ်ကုန်များကို ပိတ်ပင်ခဲ့သည်။ အိမ်ဖြူတော်မှ ဖွံ့ဖြိုးစနည်းပညာများနှင့်ပတ်သက်၍ ပိုမိုကျယ်ပြန့်သော ပိတ်ပင်မှုများ ထပ်မံချမှတ်ဖို့ စဉ်းစားလျက်ရှိသည်။ ဒုတိယအချက်မှာ Semiconductors များနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ကိုယ့်ကိုယ်ကိုယ်မှီခိုနိုင်ဖို့ ကြိုးစားအား ထုတ်မှု အထူးမြင့်တက်လာခြင်းဖြစ်သည်။

ZTE ကိစ္စအပြီးတွင် Mr.Xi သည် အရေးပါသော နည်းပညာများအကြောင်း စတင်ပြောခဲ့သည်။ တရုတ် နိုင်ငံ၏ နည်းပညာကုမ္ပဏီကြီးများလည်း ပါဝင်လာကြ သည်။ Alibaba ၊ Baido ၊ Huawei စသည့် ကုမ္ပဏီများသည် ချစ်ပ်ထုတ်လုပ်နိုင်ရေးအတွက် ငွေအမြောက်အမြားသုံးစွဲ လျက်ရှိသည်။ တရုတ်ပြည်ကလည်း အမေရိကန်ကုမ္ပဏီ များကို နှောင့်ယှက်နိုင်ကြောင်း ပြသလျက်ရှိသည်။ ၂၀၁၈ ခုနှစ်အစောပိုင်းက အမေရိကန်ကုမ္ပဏီ Qualcomm သည် တရုတ်နိုင်ငံစည်းမျဉ်း ဥပဒေထုတ်သူများကြောင့် နှောင့်နှေးမှုဖြစ်ရပြီး Dutch ကုမ္ပဏီ NXP ၏ လုပ်ငန်းတစ်ခုကို လက်လွှတ်ဆုံးရှုံးလိုက်ရသည်။

တိုင်းပြည်နှစ်ခုလုံးသည် ယင်းတို့၏ လက်ခံယုံကြည်မှုများကို ပြောင်းလဲကြမည့်ပုံမပေါ်ပေ။ အမေရိကန်နိုင်ငံကလည်း ''တရုတ်နိုင်ငံ၏ ချစ်ပ်များအပေါ်မှီခို နေရခြင်းနှင့် အမေရိကန်ကွန်ပျူတာကွန်ရက်များသို့ တရုတ်တို့၏ တရားမဝင်ထိုးဖောက်မှုများနှင့်ပတ်သက်သည့် အားနည်းချက်ကြောင့်'' နိုင်ငံတော်လုံခြုံရေးထိခိုက်လာမည့် အရေးကို စိုးရိမ်လျက်ရှိသည်။ အမေရိကန်နိုင်ငံက ယင်း၏လုပ်ငန်းရှင်များကို စိတ်တိုင်းကျထိန်းချုပ်ထား နိုင်သရွေ့ တရုတ်နိုင်ငံ၏ အင်အားကြီးနိုင်ငံအဖြစ် ဟိတ်ဟန်ထုတ်နေခြင်းကို စိုးရိမ်စရာမရှိပေ။ တရုတ်နိုင်ငံက အမီလိုက်နိုင်ဖို့ ကြိုးစားနေသကဲ့သို့ အမေရိကန်ကလည်း ဦးဆောင်နေမှုကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေပေသည်။

အဖြေရခက်သည်က အမေရိကားက မည်သည့်အတိုင်းအတာထိ ဆက်လက်ထိန်းသိမ်းသွားနိုင်မည်နည်းဆိုသည့် အချက်ဖြစ်သည်။ အိမ်ဖြူတော်ရှိ အမျိုးသားကာကွယ်ရေးသမားတို့က Semiconductor ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်များကို အမေရိကန်နိုင်ငံတွင်းသို့ ပြောင်းရွှေ့လိုကြသည်။ ထိုအချက်နှင့်ပတ်သက်၍ ကံကောင်းသည်က ဤလုပ်ငန်းက တစ်ကမ္ဘာလုံးပါဝင်ပတ်သက်မှု၏ သံပြိုင်ကျူးရင့်မှုတစ်ခုသဖွယ်ဖြစ်နေခြင်းပင်။ အမေရိကန်လုပ်ငန်းကုမ္ပဏီတစ်ခုဆိုလျင် ပစ္စည်းတင်သွင်းသည့် ကုမ္ပဏီ ၁၆,၀၀၀ ရှိပြီး ထက်ဝက်ကျော်သည် နိုင်ငံပြင်ပမှဖြစ်သည်။ တရုတ်နိုင်ငံသည် ကုမ္ပဏီများစွာအတွက် အလွန်ကြီးမားသော ဈေးကွက်တစ်ခုဖြစ်သည်။ Qualcomm ကုမ္ပဏီ၏ရောင်းချမှု ၃ ပုံ ၂ ပုံသည် ထိုနိုင်ငံတွင်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းကို နှစ်ပိုင်းခွဲဖို့ကြိုးပမ်းခြင်းက အမေရိကန်နိုင်ငံတွင်းရှိ ထုတ်လုပ်သူရော သုံးစွဲသူများအတွက်ပါ ထိခိုက်နိုင်ပေသည်။ ထိုလုပ်ရပ်က တရားမျတမှုကင်းမဲ့ခြင်းနှင့် ယှဉ်ပြိုင်မှုအစစ်အမှန်တို့ ကြားကွဲပြားမှုမရှိတော့အောင်ဖြစ်စေမည့် ရန်လိုမှုတစ်ရပ်သာဖြစ်ပေလိမ့်မည်။

ရေရှည်အတွက်လည်း အကျိုးမဲ့အချည်းနှီး လုပ်ရပ်တစ်ရပ်သာဖြစ်လိမ့်မည်။ ယနေ့အမေရိကန်နိုင်ငံသည် အဆင့်မြင့်ချစ်ပ်များပုံစံရေးဆွဲထုတ်လုပ်မှုတို့တွင် တရုတ်နိုင်ငံထက်သာလွန်လျက်ရှိသည်။ ယင်း၏ပြိုင်ဘက်ကို နှေးကွေးသွားအောင် လုပ်နိုင်သည်ဆိုခြင်းအပေါ်လည်း သံသယဖြစ်စရာမရှိပေ။ သို့သော် တရုတ်နိုင်ငံ၏အစဉ်တစိုက်တိုးတက်မှုကို တားဆီးဖို့ မလွယ်ပေ။ Silicon valley ၏တိုးတက်မှုက အမေရိကန်အစိုးရ၏ အထောက်အပံ့ပေါ်တွင် မူတည်မှီခိုနေပေသည်။ ထို့ကြောင့် တရုတ်ပြည်ကလည်း ယင်း၏ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေးအတွက် အစိုးရနှင့်စုပေါင်းလုပ်ငန်းများ၏အင်အားတို့ကို ပေါင်းစပ်ခဲ့သည်။ ယင်းတွင်အခြားနေရာများမှ (အထူးသဖြင့်ထိုင်ဝမ်မှ) အင်ဂျင်နီယာအစွမ်းအစရှိသူများကို မက်လုံးပေးဆွဲဆောင်မည့် အစီအစဉ်များ ရှိထားသည်။ Huawei ကဲ့သို့သော ကုမ္ပဏီမျိုးတွင် ဆန်းသစ်တီထွင်နိုင်သည့် အရည်အချင်းရှိသည့် သက်သေသာဓကများရှိခဲ့သည်။ ၂၀၁၅ ခုနှစ်က Intel ကုမ္ပဏီ၏ Chip များတင်သွင်းခြင်းကို ပိတ်ပင်ခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းအဆင့်မြင့် ကွန်ပျူတာလုပ်ငန်းများကို ပိုမိုတွန်းအားပေးလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။

ထို့ပြင် တရုတ်ပြည်၏ ကမ္ဘာ့ Semiconductor အင်အားကြီးနိုင်ငံဖြစ်ရေး ကြိုးပမ်းမှုက အလွန်ကောင်းမွန်သင့်တော်သည့် အချိန်ကိုက်ဖြစ်ရပ်တစ်ခုဖြစ်သည်။ ချစ်ပ်ထုတ်လုပ်မှုလုပ်ငန်းသည် (အရွယ်တူချစ်ပ်တစ်ခု၏ စွမ်းဆောင်နိုင်မှုသည် နှစ်နှစ်တစ်ကြိမ် နှစ်ဆတိုးလာရမည်ဆိုသည့်) Moore’s Law ဖြင့် ဆက်လက်လုပ်ကိုင်လာခဲ့ခြင်းဖြစ်သည်။ သို့သော် Moore’s Law သည် ရုပ်ပိုင်းဆိုင်ရာ အဆုံးစွန်အခြေအနေသို့ ရောက်ရှိနေပြီး လူတိုင်းက နည်းပညာသစ်များဖြစ်သည့် Quantum တွက်ချက်ခြင်းမှ ယနေ့ IT အထူးပြုချစ်ပ်များထုတ်လုပ်သည့် ခေတ်သို့ အဆောတလျင်ကူးပြောင်းနေကြသောအချိန်တွင် တရုတ်နိုင်ငံအတွက် အမီလိုက်နိုင်ဖို့ ရှားပါးသည့်အခွင့်ကောင်း တစ်ခုပင်ဖြစ်တော့သည်။

ထို့ကြောင့် အမေရိကန်နိုင်ငံအတွက် မှန်ကန်သည့် ချဉ်းကပ်မှုတွင် အပိုင်းသုံးခုရှိသည်။ ပထမအပိုင်းမှာ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့အစည်းတွင် (နည်းပညာများကိုအတင်းအကျပ်ရွှေ့ပြောင်းခြင်း၊ နည်းပညာအချက်အ လက်များခိုးယူခြင်း စသည့်) တရုတ်နိုင်ငံ၏ တရားမျတမှုမရှိသောလုပ်ရပ်များကို ပြန်လည်တွန်းလှန်ရေးအတွက် ဥရောပနှင့် အာရှဒေသများရှိ မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်ရန်နှင့် လုံခြုံရေးအဖွဲ့ကလက်ခံသည့်အချိန်တွင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို သီးသန့်ခွဲခြားစီစစ်ဖို့ ဖြစ်သည်။ ဒုတိယအပိုင်းမှာ ပြည်တွင်းဆန်းသစ်တီထွင်မှုများကို အားပေးပျိုးထောင်ပေးဖို့ ဖြစ်သည်။ ချစ်ပ်ပြားများ သုတေသနလုပ်ငန်းအတွက် အစိုးရ၏ အသုံးစရိတ်ပိုမိုသုံးစွဲလျက် ရှိနေပြီဖြစ်ပြီး အစွမ်းအစရှိသူများကို ပိုမိုလမ်းဖွင့်ပေးဖို့ လိုအပ်သည်။ တတိယအပိုင်းမှာ တရုတ်တို့၏ ချစ်ပ်များက ပို၍အားကောင်းပြီး လျင်မြန်စွာပျံ့နှံ့လာမည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ဖြစ်သည်။ ဆိုလိုသည်မှာ၊ အခြားအရာများနှင့်အတူ တရုတ်တို့ထုတ်လုပ်သည့် ပစ္စည်းများအား လုံခြုံရေးအတွက် စနစ်တကျစိစစ်စမ်းသပ်သည့် လုပ်ငန်းစဉ်များချမှတ်ပြီး၊ သတင်းအချက်အလက်များ မဆင်မခြင် ပျံ့နှံ့မှုမဖြစ်စေရန် အချက်အလက်ကိုင်တွယ်မှုနှုန်းများကို ပိုမိုတင်းကျပ်ဖို့ဖြစ်သည်။ ဤအချက်များကပင် အနာဂတ်ကမ္ဘာကြီး၏ ရှေ့ရေးကိုပုံဖော်ရာတွင် ပိုမိုထိရောက်စေမှာဖြစ်သည်။

ချစ်ပ်များ ကျဆုံးကုန်ကြပြီ...
ဟောင်ကောင် Semiconductor လုပ်ငန်းက ကမ္ဘာအနှံ့ဖြစ်စဉ်၏ စွမ်းအားကို ပြသသည်။ အင်အားကြီးနိုင်ငံရေး ဝါဒက ယင်းဖြစ်စဉ်ကို ပြိုကွဲစေနိုင်သည်။

အမေရိကန်နိုင်ငံ နည်းပညာဆိုင်ရာလုပ်ငန်းများ၏ ဗဟိုအချက်အချာဖြစ်သည့် Silicon Valley အရပ်သည် Microchip များ ထုတ်လုပ်ရာတွင် ပါဝင်သောအရေး ကြီးဆုံးဓာတုပစ္စည်း၏ အမည်ကိုယူထားသည်။ ယင်းဆွဲ ဆောင်ခဲ့သည့် ''စိတ်ဝင်စားမှု'' အများစုမှာ ယခုအခါ (ယင်းတို့၏ ကွန်ပျူတာအစီအစဉ်များနှင့် လွယ်ကူအသုံးဝင်သော ပစ္စည်းများအလုပ်လုပ်နိုင်ရန် အဓိကမရှိမဖြစ်သော) စီလီကွန်ချစ်ပ်များအစား (ထိုအစီအစဉ်များ၊ အသုံးချ ပစ္စည်းများကြောင့် နာမည်ကြီးလူသိများနေသော Facebook၊ Google ၊ Apple စသည့် ကုမ္ပဏီများ) ဘက်သို့လှည့်သွားကြပြီဖြစ်သည်။ သို့သော် ဤတောင်ကြားအတွင်းမှာပင် ၁၉၅၀ ပြည့်နှစ်နှင့် ၁၉၆၀ ပြည့်နှစ်များအတွင်းက Transistor နှင့် Integrated Circuit များကို သန့်စင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုပစ္စည်းများက အခန်းတစ်ခုမျကြီးမားပြီး ယုံကြည်စိတ်ချရမှုမရှိသော ကွန်ပျူတာများအား အိတ်ကပ်များအတွင်း ထည့်သွင်းယူဆောင်သွားနိုင်သည့် ယုံကြည်စိတ်ချရသော ကွန်ပျူတာများအဖြစ် ပြောင်းလဲပေးခဲ့သည်။ ကွင်းဆက်အားဖြင့် နည်းပညာကုမ္ပဏီကြီးများအား ယနေ့အခြေအနေသို့ တိုးတက်ထွန်းကားအောင် ပြောင်းလဲပေးခဲ့ခြင်းဖြစ်သည်။

ယနေ့ခေတ်ပေါ် Microchip များသည် မော်တော်ကားများ၊ အဝတ်လျော်စက်များမှစ၍ တိုက်လေယာဉ်များအထိ အရာအားလုံးတွင် တပ်ဆင်ထားသည်။ အချက်အလက်များဖြန့်ဖြူးသည့် ''ကမ္ဘာ့ Semiconductor ကုန်သွယ်မှုစစ်တမ်းများအဖွဲ့'' မှ ၂၀၁၇ ခုနှစ်တွင် ချစ်ပ်ဈေးကွက်၏တန်ဖိုးသည် ဒေါ်လာ ၄၁၂ ဘီလီယံရှိပြီး ယခင်နှစ်ကထက် ၂၁.၆ ရာခိုင်နှုန်း တက်လာသည်ဟု ခန့်မှန်းခဲ့သည်။ ဤအကြမ်းဖျင်းကိန်းဂဏန်းများက ချစ်ပ်ထုတ်လုပ်မှု၏ အရေးပါမှုကို လျော့တွက်ခဲ့ပုံရသည်။ ဥပမာအားဖြင့် ကမ္ဘာ့ e-Commerce လုပ်ငန်းအား တစ်နှစ်လျင်ဝင်ငွေ ဒေါ်လာ ၂၁ သန်းရှိသည်ဟု ခန့်မှန်းခဲ့ခြင်းကိုကြည့်နိုင်သည်။ အချက်အလက်များက လောင်စာဆီသစ်များဖြစ်သည်ဆိုလျင် ချစ်ပ်များက ထိုလောင်စာဆီများကို အသုံးဝင်သည့် စွမ်းအင်များဖြစ်အောင် ပြောင်းလဲပေးသည့် အင်ဂျင်များဖြစ်သည်။

ချစ်ပ်များ၏နေရာတကာအသုံးဝင်မှုက ကြီးမားကျယ်ပြန့်သည့် ကမ္ဘာ့လုပ်ငန်းများကြီးထွားဖွံ့ဖြိုးလာဖို့ ပို့ ဆောင်ပေးခဲ့သည်။ ခေတ်ပေါ် Microchip များတွင် သန်းပေါင်းထောင်ချီသော အစိတ်အပိုင်းများပါဝင်ပြီး၊ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခံတည်ဆောက်ရသည့် အလွန့်အလွန်အဆင့်မြင့်သည့် စက်ရုံများတွင် ထုတ်လုပ်ရသည်။ စင်စစ်ထိုကဲ့သို့သော ပစ္စည်းများထုတ်လုပ်နိုင် ခြင်းက၊ သီးသန့်အထူးပြုထုတ်လုပ်ခြင်းများနှင့် ကုန်သွယ်မှုတို့၏ စွမ်းအားများအား သက်သေပြခြင်းပင်ဖြစ်သည်။

ဤကဲ့သို့ အလွန်ရှုပ်ထွေးသောထုတ်လုပ်မှုများက ထောင်ပေါင်းများစွာသော သီးသန့်အထူးပြုပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီများအပါအဝင် တစ်ပြေးညီရှုပ်ထွေးသည့် ကွင်းဆက်ထောက်ပံ့ရေးဌာနများကို ကမ္ဘာအ နှံ့ပေါက်ဖွားစေခဲ့သည်။ အမေရိကန်ကုန်သွယ်မှုအဖွဲ့တစ်ခုဖြစ်သော Semiconductor Industry Association က ယင်းတို့၏အဖွဲ့ဝင်ကုမ္ပဏီတစ်ခုတွင် ပစ္စည်းတင်သွင်း သူ ၁၆,၀၀၀ ရှိပြီး ၎င်းတို့အနက် ၈,၅၀၀ သည် အမေရိ ကန်နိုင်ငံပြင်ပမှဖြစ်သည်ဟု တွက်ဆခဲ့သည်။ ချစ်ပ်ထုတ်လုပ်ရာတွင်ပါဝင်သော ကုန်ကြမ်းများနှင့် အစိတ်အပိုင်းများစွာတို့သည် ကမ္ဘာတစ်ဝန်းအခေါက်ခေါက်အခါခါ ဖြတ်သန်းပြီးမှ နောက်ဆုံး Smartphone ၊ မော်တော်ကား ဘရိတ်ဖမ်းသည့်စနစ်၊ သို့မဟုတ် အခြားထုတ်ကုန်ပစ္စည်း ထောင်ပေါင်းများစွာ၏ ထိန်းချုပ်မှုစနစ်များတွင် တပ်ဆင်အသုံးပြုခံကြရသည်။

ယခုအချိန်တွင် Semiconductor လုပ်ငန်းကို၊ အင်အားနှစ်ခုက လူအများသတိထားမိအောင် တွန်းပို့ပေးလျက်ရှိသည်။ ပထမတစ်ခုမှာ ဒေသဆိုင်ရာနိုင်ငံရေးဖြစ်သည်။ ချစ်ပ်လုပ်ငန်းများသည် အလွန်ဒေါသကြီးသည့် ပြိုင်ဘက်နှစ်ဦးဖြစ်ကြသော၊ လက်ရှိနည်းပညာအင်အား ကြီးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံနှင့် ထိုနေရာကိုရ ရန် ဆန္ဒပြင်းပြနေသည့် တရုတ်နိုင်ငံတို့၏ကြားတွင် ပိတ်မိနေကြခြင်းဖြစ်သည်။ ဒုတိယတစ်ခုက ရူပဗေဒ ပညာရပ်ဖြစ်သည်။ ဤပေါက်ဖွားစနည်းပညာရုန်းကန်မှုသည် ရာဇဝင်တွင်လောက်သည့်အချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ နှစ် ၅၀ တိုင်အောင် ချစ်ပ်တစ်ခုအတွင်းပါဝင်သည့် အစိတ်အပိုင်းများကို နှစ်နှစ်တစ်ကြိမ်နှစ်ဆတိုးထည့်သွင်းနိုင်သည်ဟု ဆိုထားသော Moore ဥပဒေသအတိုင်းဖြစ်ပျက်ခဲ့သောကြောင့် ကွန်ပျူတာ၏အစွမ်းကလည်း ထိုနှုန်းအတိုင်းပင် တိုးတက်လာခဲ့သည်။ သို့သော် စည်းမျဉ်းဥပဒေချိုးဖောက်မှုများဖြစ်ပေါ်လာပြီး၊ အနာဂတ်လုပ်ငန်းများကို ပိုမိုရှုပ်ထွေးစေလျက် မည်သည့်အချိန်ကနှင့်မျမတူအောင် မရေရာသည့်အဖြစ်မျိုးသို့ ရောက်ရှိစေခဲ့သည်။

အီလက်ထရွန်နစ် နိုင်ငံရေး...
ဒေသဆိုင်ရာနိုင်ငံရေးနှင့် စတင်ရပေလိမ့်မည်။ အမေရိကန်နိုင်ငံသည် ရှေးမဆွကတည်းကပင် ချစ်ပ်ထုတ်လုပ်ရေးတွင် ဦးဆောင်နေခြင်းကို ကြီးမားသည့် နည်းဗျူဟာ ပိုင်ဆိုင်မှုတစ်ရပ်အနေနှင့်မြင်ခဲ့သည်။ အစောဆုံးအသုံးပြုခဲ့သည့် ချစ်ပ်များကို Silicon Valley မှ ထုတ်လုပ် ခြင်းဖြစ်သည်။ ပင်တဂွန်၏ အထောက်အပံ့နှင့် စွန့်စားလို သည့် ရင်းနှီးမြှုပ်နှံသူများကြောင့် ပေါ်ထွက်လာသည့် Silicon Valley သည် နျူကလီးယားလက်နက်ထိန်းချုပ်ရေးစနစ် စီမံကိန်းလုပ်ဆောင်နေခဲ့ချိန်ဖြစ်သည်။ ၂၀၁၇ ခုနှစ် က ထုတ်ပြန်ခဲ့သည့် အိမ်ဖြူတော်၏လူထုကြေညာချက်တွင် ''အလွန်အဆင့်မြင့်သော Semiconductor နည်းပညာသည် နိုင်ငံတော်ကာကွယ်ရေးစနစ်နှင့် အမေရိကန်နိုင်ငံ၏စစ်အင်အားအတွက် အလွန်အရေးပါသည်'' ဟု အတိအလင်းဖော်ပြခဲ့သည်။

တရုတ်နိုင်ငံကလည်း ချစ်ပ်များကို ယင်းတို့၏အနာဂတ်အတွက် အလွန်အရေးပါသည့် အရာတစ်ခုအဖြစ်မြင်ခဲ့သည်။ ၂၀၁၄ ခုနှစ်က National Integrated Circuit Industry Investment Fund ဆိုသည့် ရန်ပုံငွေအဖွဲ့တစ်ခုကို Semiconductor ထုတ်လုပ်ရေးနှင့် သုတေသနလုပ်ငန်းများသို့ ငွေထောက်ပံ့နိုင်ရေးအတွက် တည်ထောင်ခဲ့သည်။ အဆင့်မြင့်နည်းပညာလုပ်ငန်းမြှင့်တင်ရေး အမျိုးသားစီမံကိန်းအစီအစဉ်တစ်ခုဖြစ်သော “Made in China 2025” ၏ ရည်ရွယ်ချက်ပစ်မှတ်တစ်ခုမှာ ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေးဖြစ်သည်။ တရုတ်နိုင်ငံသည် ပြည်တွင်း၌တည်ထောင်ထားသည့် ချစ်ပ်လုပ်ငန်း၏ နှစ်စဉ်ဝင်ငွေအား ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၆၅ ဘီလီယံရှိခဲ့ရာမှ ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၃၀၅ ဘီလီယံအထိ တိုးတက်လာဖို့ လိုလားလျက်ပြီး၊ ယင်းတို့၏ ချစ်ပ်လိုအပ်ချက်အများစုကို ပြည်တွင်းမှသာဖြည့်ဆည်းဖို့ဖြစ်သည်။ (၂၀၁၈ ခုနှစ် အတွင်း အခြအနေမှာ ရည်မှန်းချက်၏ ၃ ပုံ ၁ ပုံခန့် သာရှိသေးသည်။)

အမေရိကန်နိုင်ငံသည် ယင်း၏လုပ်ငန်းနယ် ပယ်တွင်းသို့ တရုတ်နိုင်ငံမှ ထိုးဖောက်ဝင်ရောက်ခြင်းကို မလိုလားခဲ့ပေ။ ပြိုင်ဘက်၏ လုပ်ငန်းစဉ်အားနှေးကွေးစေ ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ ဥပမာအားဖြင့် ၂၀၁၅ ခုနှစ် တွင် အမေရိကန်အစိုးရက အမေရိကန်နိုင်ငံ၏ ဒုတိယ အကြီးဆုံး Semiconductor ကုမ္ပဏီ Intel အား တရုတ်နိုင်ငံ၏ Supercomputer များ ပုံစံရေးဆွဲထုတ်လုပ်နေသည့် ကုမ္ပဏီများသို့ အဆင့်မြင့်ချစ်ပ်များတင်သွင်းရောင်းချ နေခြင်းကို တားမြစ်ခဲ့သည်။ ထိုအဖြစ်က အမေရိကန် ကုမ္ပဏီများထံမှ တရုတ်လုပ်ငန်းရှင်တို့ ဝယ်ယူနေခြင်းကို ရပ်ဆိုင်းစေခဲ့သည်။

၂၀၁၈ ခုနှစ်နှစ်လည်း Trump ၏ အုပ်ချုပ်သူများ က၊ Smartphone နှင့် ဆက်သွယ်ရေးပစ္စည်းများထုတ်လုပ် သည့် တရုတ်ကုမ္ပဏီ ZTE ၏ အီရန်နိုင်ငံသို့ နည်းပညာ များ တရားမဝင်တင်ပို့နေခြင်းနှင့်သက်ဆိုင်သည့် ဖောက် ဖျက်မှုတွေ့ရှိအပြီးတွင် ထိုကုမ္ပဏီသို့ ကွန်ပျူတာအစိတ် အပိုင်းများရောင်းချခြင်းအား ခဏတဖြုတ်ရပ်ဆိုင်းထား ရန် အမေရိကန်ကုမ္ပဏီများကို အမိန့်ထုတ်ပြန်ခဲ့သည်။ ZTE ကုမ္ပဏီသည် နှစ်စဉ်ဝင်ငွေဒေါ်လာ ၁၆ ဘီလီယံရှိပြီး ကမ္ဘာအနှံ့ယင်း၏ထုတ်ကုန်များကို ရောင်းချလျက်ရှိသည်။ သို့သော် ထိုတရုတ်ကုမ္ပဏီသည် ယင်း၏ချစ်ပ် များပုံစံရေးဆွဲခြင်းကို အမေရိကန်နိုင်ငံရှိကုမ္ပဏီများထံ တွင် လိုင်စင်ပြုလုပ်ထားခြင်းကြောင့် ထိုချစ်ပ်များတင်ပို့ ခြင်းရပ်ဆိုင်းသွားသည်နှင့် ယင်း၏လုပ်ငန်းများလည်း ညတွင်းချင်းပင်ရပ်ဆိုင်းသွားခဲ့သည်။ ဒေဝါလီခံခြင်း တစ်ခုတည်းသာ ရွေးချယ်စရာရှိတော့သည့်အချိန်တွင် အမေရိကန်သမ္မတက ထိုတားမြစ်ချက်ကို မမျော်လင့်ဘဲ ပြန်လည်ရုပ်သိမ်းခဲ့သည်။

လေကာမှန်အတွင်းက ချစ်ပ်ပြားများ...
အမေရိကန်နိုင်ငံကလည်း တရုတ်နိုင်ငံ၌ စက်မှုလုပ်ငန်းဆိုင်ရာထောက်လှမ်းမှုစွပ်စွဲချက်များကို တစ်ပြေးညီပြန် လည်တုံ့ပြန်ခဲ့သည်။ နိုဝင်ဘာ ၁ ရက်နေ့က၊ တရားစွဲ ဆိုသူများမှ ''တရုတ်နိုင်ငံကချစ်ပ်ထုတ်လုပ်သည့် ကုမ္ပဏီ Fujian Jinhua Integrated Circuit နှင့် ယင်း၏အပေါင်းအဖော် ထိုင်ဝမ်ကုမ္ပဏီ United Electronics Corporation တို့အား'' အမေရိကန်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Micron မှ ကုန်သွယ်ရေးလျို့ဝှက်ချက်များကို ခိုးယူမှုဖြင့် စွဲ ချက်တင်ထားသည်။ တာဝန်ရှိသူများက တရုတ်ပြည်တွင်ထုတ်လုပ်သည့် ပစ္စည်းများအသုံးပြုခြင်းကြောင့် အရေးကြီးသည့် သတင်းအချက်အလက်များ တရုတ်နိုင်ငံသို့ပေါက်ကြားမည့် အန္တရာယ်ကို ထပ်ခါထပ်ခါတိုးမြှင့်သတိပေးခဲ့သည်။ အောက်တိုဘာ ၁၂ ရက်နေ့တွင် ဆီးနိတ်အမတ်နှစ်ဦးက ကနေဒါနိုင်ငံသို့ မြန်နှုန်းမြင့် 5G Mobile Phone Network တည်ဆောက်မည့်အစီအစဉ်တွင် တရုတ်နိုင်ငံမှလျပ်စစ်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီကြီး Huawei ကို မထည့်သွင်းဖို့လူသိရှင်ကြားသတိပေးခဲ့သည်။ ယခုသီတင်းပတ်အတွင်းမှာပင် New Zeland နိုင်ငံမှ Mobile Phone ကွန်ရက်တည်ဆောက်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည့် Spark ကို ယင်း၏လာမည့် 5G Network လုပ်ငန်းတွင် Huawei ကုမ္ပဏီ၏ ပစ္စည်းများသုံးစွဲခြင်းမှ ပိတ်ပင်ခဲ့သည်။ Mr.Trump ၏ကုန်ပစ္စည်းတင်သွင်းခွန်ကို ရှေ့တန်းတင်ထားသည့် တရုတ်နိုင်ငံနှင့်ဖြစ်နေသော စီးပွားရေးစစ်ပွဲတွင် ချစ်ပ်ပြားများသည် ရှေ့တန်းမှ ပါဝင်လျက်ရှိသည်။ သြဂုတ်လအတွင်း အမေရိကန်နိုင်ငံက မြှင့်တင်လိုက်သော အကောက်ခွန်နှုန်းဖြင့် ပေးဆောင်ရမည့် ပစ္စည်းများတွင် ချစ်ပ်များပါဝင်သည်။

တရုတ်နိုင်ငံကလည်း လက်စားချေတုံ့ပြန်မှုကို တိုးမြှင့်ခဲ့သည်။ ၂၀၁၈ ခုနှစ်က ချစ်ပ်ထုတ်လုပ်သည့် အမေရိကန်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Qualcomm ၏ Dutch ကုမ္ပဏီ NXP ထံမှ လက်လွှဲယူမည့် အစီအစဉ်တစ်ခု ကို တရုတ်ပြည်၊ ပေကျင်းမြို့ရှိ စည်းမျဉ်းသတ်မှတ်သူများ ၏နှောင့်နှေးကြန့်ကြာစေမှုကြောင့် စွန့်လွှတ်ခဲ့ရသည်။ တရုတ်အာဏာပိုင်များကလည်း Micron အပါအဝင် အမေရိကားနှင့် တောင်ကိုရီးယားMemory Chip ထုတ်လုပ်သည့် ကုမ္ပဏီများကြား ဈေးကစားခြင်းကို စုံစမ်းထောက်လှမ်းလျက်ရှိသည်။

တရုတ်နိုင်ငံအား ပိုမိုရှုပ်ထွေးအောင်ကြံစည်ထားသည့် အမေရိကန်နိုင်ငံ၏ အကြံအစည်က စင်စစ်တရုတ်နိုင်ငံကို ပိုမိုကြံ့ခိုင်စေခဲ့သည်။ မကြာသေးမီအချိန်ကမှ တရုတ်ပြည်ကကမ္ဘာပေါ်တွင် အမြန်ဆုံးအဆင့်မြင့်ကွန်ပျူတာ “Taihu Light” ကို ထုတ်လုပ်ခဲ့သည်။ Shanghai မြို့အနီးမှ Wuxu မြို့တွင် တည်ရှိသောNational Supercomputing Centre ကို အခြေပြုထားသည့်ဌာန၏ ShenWei 26010 Chips ပေါင်း ၄၀,၉၆၀ ခုမှာ တရုတ်တို့၏ ကိုယ်ပိုင်ရေးဆွဲထုတ်လုပ်မှုစစ်စစ်ဖြစ်သည်ဟု University of Tennessee ရှိ Supercomputing အထူးကျွမ်းကျင်သူ Jack Dongarra ကပြောခဲ့သည်။ Intel ကုမ္ပဏီကို တရုတ်နိုင်ငံသို့ ကွန်ပျူတာချစ်ပ်များတင်ပို့ ခြင်းမပြုရန် တားမြစ်ခဲ့ခြင်း၏ အဓိကရလဒ်မှာ တရုတ်နိုင်ငံကို အဆင့်မြင့်ကွန်ပျူတာများ ထုတ်လုပ်ရေးသုတေသနလုပ်ငန်းအတွက် စရိတ်ပိုမိုသုံးစွဲစေခဲ့ခြင်းသာဖြစ်ခဲ့သည်ဟုလည်း ယင်းကပြောခဲ့သေးသည်။ Taihu Light အဆင့်မြင့်ကွန်ပျူတာ၏ နောက်ဆက်တွဲ ပိုမိုအဆင့်မြင့်သည့် ကွန်ပျူတာများထုတ်လုပ်ရေးကိုလည်း အကောင်အထည်ဖော်နေပြီဖြစ်သည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား စီးပွားရေးစစ်ပွဲနှင့် ရန်လိုသည့် ယှဉ်ပြိုင်မှုများသည် ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံးနှင့် တစ်ကမ္ဘာလုံးအပျံ့နှံ့ဆုံးလုပ်ငန်းအပေါ် မလိုလားအပ်သော ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေပါသည်။ ''ဒီချစ်ပ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း တစ်ကမ္ဘာလုံးအသုံးပြုခြင်းကကောင်းတဲ့ လက္ခဏာလို့ အပြောခံခဲ့ရပါတယ်။ အခုတော့ ရုတ်တရက်ကြီး၊ ဒီကိစ္စက နိုင်ငံတော်လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ပြဿနာဖြစ်လို့ လာပါပြီ၊ ဒါနဲ့ပတ်သက်ပြီး ပြင်ဆင်ချိန်ကိုက်မှုတွေ လုပ်ရပါတော့မယ်'' ဟု နိုင်ငံရေးပြဿနာဖြစ်နိုင်ခြေရှိမှုများနှင့်ပတ်သက်သည့် အတိုင်ပင်ခံဝန်ဆောင်မှုပေးသည့် Eurasia Group မှ Paul Triolo က ပြောကြားခဲ့သည်။

အလွန်ကြီးကျယ်ပြီး၊ လျင်မြန်စွာတိုးတက်နေသော ကမ္ဘာ့စီးပွားရေးအတွက် အထူးအရေးပါသည့် လုပ်ငန်းကြီးတစ်ခုကို ပြန်လည်ပြုပြင်ရသည်မှာ လွယ်ကူသောကိစ္စတော့မဟုတ်ပေ။ ယခင်က ချစ်ပ်ထုတ်လုပ်သူများသည် လုပ်ငန်းအားလုံး၏ အပိုင်းတစ်ခုစီကို ကိုယ်တိုင်ကိုင်တွယ်ထုတ်လုပ်ခဲ့ကြသည်။ ယင်းဖြစ်စဉ်က ၁၉၆၁ ခုနှစ်တွင် ကျွမ်းကျင်လုပ်သားများ၏ လုပ်အားခသက်သာသည့် ဟောင်ကောင်ရှိ Fairchild Semiconductor ကုမ္ပဏီမှ တပ်ဆင်ခြင်းနှင့် စစ်ဆေးစမ်းသပ်ခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်သည့် အချိန်မှစ၍ ပြောင်းလဲခဲ့သည်။ ထိုဖြစ်စဉ်သည် ချစ်ပ်များပိုမိုရှုပ်ထွေးလာပြီး၊ ထုတ်လုပ်သည့် လုပ်ငန်းစဉ်များအား အထူးသီးသန့်လုပ်ကိုင်သည့် စက်ရုံများသို့ သီးခြားခွဲဝေလုပ်ကိုင်စေခြင်း ပိုမိုများပြားလာသောအခါ အရှိန်အဟုန်ကောင်းလာခဲ့သည်။ ရလဒ်မှာ ရှုပ်ထွေးသော ကုမ္ပဏီထောင်ပေါင်းများစွာထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းတို့ကို အမျိုးအစားသုံးမျိုးခွဲ၍ ဖော်ပြနိုင်သည်။ (ပုံကိုကြည့်ပါ)။ ပုံစံရေးဆွဲမှု၊ ထုတ်လုပ်မှုနှင့် တပ်ဆင်/ထုတ်ပိုးမှုတို့ဖြစ်သည်။

စီလီကွန်ကုန်ကြမ်းအဖြစ်မှ အလုံးစုံပြည့်စုံသော ကွန်ပျူတာချစ်ပ်တစ်ခုအဖြစ်သို့ ရောက်ရှိရန်ပုံမှန်ဖြတ် ကျော်ရသည့် ခရီးက၊ ထုတ်လုပ်သည့်ကွင်းဆက်လုပ်ငန်း မည်မျအသေးစိတ်ကျသည်ကို ဖော်ပြသော ပြယုဂ်တစ်ခုဖြစ်သည်။ အရည်အသွေးအမြင့်ဆုံး Silicon Dioxide တို့စုဝေးရာ Appalachian တောင်တန်းများမှအစပြုသည်ဟု ဆိုနိုင်ပေသည်။ ထိုကုန်ကြမ်းများအား သန့်စင်သော Silicon တုံးများအဖြစ်သို့ ပြောင်းလဲပေးမည့် Japan နိုင်ငံသို့ ပို့ဆောင်ပေးမည်။ ထိုသန့်စင်စီလီကွန်တုံးများ အား သတ်မှတ်အရွယ်အစား 300mm ရှိ အတုံးငယ်များအဖြစ်သို့ပြောင်းလဲပြီး၊ ထိုင်ဝမ်သို့မဟုတ် တောင်ကိုရီးယားရှိ Chip Factory ခေါ် "Fab" များသို့ ထပ်မံပို့ဆောင်မည် ဖြစ်သည်။ ဤစက်ရုံများတွင် ထိုအလွှာလေးများအား နယ်သာလန်နိုင်ငံထုတ် Photolithography Equipment ဖြင့် လိုအပ်သည့် ''သီးသန့်ပုံစံများ'' ဖော်သွားမည်ဖြစ်သည်။

''ထိုပုံစံများ'' ကို ချစ်ပ်အတွက် ရေးဆွဲထားသည့် ဒီဇိုင်းပုံစံပေါ်မူတည်၍ ဆုံးဖြတ်သွားမှာဖြစ်သည်။ ထိုဒီဇိုင်းပုံစံကို ဗြိတိန်နိုင်ငံအခြေပြု ARM ကုမ္ပဏီမှ ရေးဆွဲပေးပို့မှာဖြစ်သည်။ သို့သော် ထိုဒီဇိုင်းပုံစံများကို ''အသုံးပြုမည့် အသေးစိတ်အချက်အလက်များပေါ်မူတည်၍'' အသိအမှတ်ပြုကျွမ်းကျင်သူများက မသိမသာပြောင်းလဲရေးဆွဲပေးကြမှာဖြစ်သည်။ အလုံးစုံပြည့်စုံပြီဆိုလျင် အထုပ်အပိုးတွင်းသို့ ထည့်သွင်းတပ်ဆင်ရမှာဖြစ်သည်။ ထုပ်ပိုးတပ်ဆင်သည်ဆိုရာတွင် ပုံဖေါ်ပြီးချစ်ပ်ပြားကို သက်ဆိုင်ရာ Circuit Board ပုံအစက်များဖော်ထားသည့် ကြွေ၊ သို့မဟုတ် ပလတ်စတစ်ဘူးလေးများအတွင်း ထည့်သွင်းခြင်းဖြစ်သည်။ ထို့နောက်စမ်းသပ်ခြင်းဖြစ်သည်။

စမ်းသပ်ခြင်းလုပ်ငန်းကို တရုတ်၊ ဗီယက်နမ်၊ သို့မဟုတ် ဖိလစ်ပိုင်နိုင်ငံတစ်ခုခုတွင် လုပ်ဆောင်မည်ဖြစ်သည်။ နှစ်ဦးနှစ်ဖက်အတွက် နှစ်မျိုးနှစ်ဖုံ အကျိုးသက်ရောက်ခြင်းထို့နောက် အခြားတစ်နေရာတွင် Circuit Board များအတွင်းသို့ တပ်ဆင်ရမည်ဖြစ်သည်။ နောက်ဆုံးရရှိသည့် ပစ္စည်း (Circuit Board) များသည် Mexico ၊ Germany ၊ China တို့ရှိ စက်ရုံများသို့ အစိတ်အပိုင်းအမျိုမျိုးအဖြစ်ရောက်ရှိလာကြပြီး။ Robot များ၊ အဆင့်မြင့်လျပ်စစ်မီတာများ၊ အရေအတွက်သန်းနှင့်ချီသည့် အဆင့်မြင့်နည်းပညာသုံး အိမ်တွင်းအပူဓာတ်ပေးသည့် ကွန်ပျူတာများ စသည် တို့တွင် တပ်ဆင်အသုံးပြုကြမှာဖြစ်သည်။

တရုတ်နိုင်ငံ၏ ပြည်တွင်းလုပ်ငန်းများသည် ဤဖြစ်စဉ်၏တန်ဖိုးနည်းသည့်အပိုင်းမှ စတင်ပါဝင်ခဲ့ရ သည် ဟု Hong Kong University of Science and Technology ၏ လျပ်စစ်အင်ဂျင်နီယာဌာနမှ ပါမောက္ခဖြစ်သူ Jiang Xu က ပြောကြားခဲ့သည်။ ယင်းတို့သည် ယခုထက်တိုင် ချစ်ပ်ထုပ်ပိုးခြင်းအလုပ်ကို မှီခိုနေရလျက်ပင်ရှိသေးသည်။ ဥပမာ- Shanghai မြို့အနီးရှိ ယန်စီမြစ်ဝှမ်းဒေသတစ်ဝိုက်မှ ကုမ္ပဏီပေါင်းများစွာသည် ဤလုပ်ငန်းအမျိုးအစားကို အထူးပြုလုပ်ကိုင်ကြသည်။ JCET ၊ Tianshui Huatian ၊ TFME အစရှိသည့် အမည်မျိုးစုံဖြင့် မမှတိမိနိုင်သော်လည်း၊ ယင်းတို့၏နှစ်စဉ်ဝင်ငွေသည် ဒေါ်လာဘီလျံနှင့် ချီ၍ရှိသည်။

ယခုအခါ အနောက်နိုင်ငံရှိကုမ္ပဏီများက ဤအလုပ်အတွက် ယင်းအားယုံကြည်စိတ်ချပြီး၊ လျင်မြန်စွာ ကြီးထွားလာသော ပြည်တွင်းဈေးကွက်၏စေ့ဆော်မှုများ ကြောင့် တရုတ်နိုင်ငံသည် ဒီဇိုင်းရေးဆွဲခြင်းနှင့် ပစ္စည်း ထုတ်လုပ်ခြင်းဘက်သို့ ဦးလှည့်ခဲ့သည်။ ယင်းသည် ဈေး ကွက်၏ ဝင်ငွေနည်းသည့်အပိုင်းတွင် အောင်မြင်စွာ ရှေ့ ဆက်လျက်ရှိသည်။

Samsung ၊ Intel ၊ Apple နှင့် Taiwan Semiconductor Manufactory Company တို့ကဲ့သို့သော ကုမ္ပဏီများသည် Smartphone များနှင့် (အဝေးရှိ Server အားအသုံးချသည့် ကွန်ပျူတာအလုပ်များ) အတွက် ဈေးကြီးသောချစ်ပ်များကို ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်းတို့ ပြုလုပ်နေပြီဖြစ်သည်။ သို့သော် ''အရေအတွက် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းကြားရှိ Semiconductor များသည် ရှေးကျသော နည်းပညာတိုးတက်မှု၏ ရလဒ်များမဟုတ်ကြပါ'' ဟု သုတေသနကုမ္ပဏီ HIS Markit မှ Len Jenilek က ပြောပြသည်။ LCD ရုပ်မြင်သံကြားများ၊ အိမ်သုံးလျပ်စစ်ပစ္စည်းများနှင့် နေ့စဉ်သုံးကိစ္စများအတွက် ထုတ်လုပ်ထားသည့် Sensors များ Internet ချိတ်ဆက်မှုများပါဝင်သည့် အသုံးအဆောင်ပစ္စည်းများတွင် တပ်ဆင်အသုံးပြုသည့် ချစ်ပ်များကို တရုတ်ပြည်တွင်းရှိ ကုမ္ပဏီများတွင် လုံးဝဥဿုံထုတ်လုပ်နိုင်နေပြီဖြစ်သည်။ 
တရုတ်ကုမ္ပဏီများသည် တန်ဖိုးမြင့်သည့် လုပ်ငန်းပိုင်းများတွင်လည်း အောင်မြင်စပြုနေပြီဖြစ်သည်။ Huawei ကုမ္ပဏီပိုင် HiSilicon နှင့် အစိုးရပိုင်ကုမ္ပဏTsinghua Uni Group တို့သည် နှစ်စဉ်ဝင်ငွေအားဖြင့် ကမ္ဘာ့ထိပ်ဆုံးကုမ္ပဏီဆယ်ခုတွင် ထည့်သွင်းသတ်မှတ် ခြင်းခံရသည်။ HiSilicon ၏ "Kirin" စီးရီး Smartphone ချစ်ပ် ပြားများသည် အနောက်နိုင်ငံကုမ္ပဏီများရေးဆွဲသည့် ဒီဇိုင်းပုံစံများနှင့် တန်းတူဖြစ်နေပေပြီ။

Moore ခေတ်မဟုတ်တော့ပါ ...
ဤကဲ့သို့သော ကြိုးစားအားထုတ်မှုများအားဖြင့် တရုတ်အစိုးရသည် နိုင်ငံခြားမှပညာရှင်များအပေါ်မှီခိုနေရခြင်းကို လျော့ချနိုင်ခဲ့သော်လည်း၊ လုံးဝဥဿုံလက်လွှတ်နိုင်ခြင်းတော့ မဟုတ်သေးပေ။Mr.Xu က တရုတ်ကုမ္ပဏီများ သည် ARM မှ ပြုပြင်ထားသည့် ဒီဇိုင်းပုံစံများကိုများစွာ မှီခိုနေရဆဲဖြစ်သည်ဟု ထောက်ပြပြောဆိုခဲ့သည်။ ယင်း ၏ချစ်ပ်များသည် Mobile-computing လုပ်ငန်းများတွင် လွှမ်းမိုးပြီးဖြစ်နေလျက်၊ အင်တာနက်နှင့် ဆက်နွှယ်သည့်ကိစ္စများတွင် အစားထိုးနိုင်မည့် အဆင့်မြင့်ကရိယာများဖြင့်လည်း အလားတူလုပ်ဆောင်ရန် အဆင်သင့်ပြင်ဆင်ပြီးဖြစ်သည်။ ယင်းကုမ္ပဏီသည် Cloud Computing (အလှမ်းဝေးသည့် Server များအားအသုံးပြုပြီး အင်တာ နက်ဝင်ရောက်ခြင်း) များတွင် အသုံးပြုနိုင်မည့် အားကောင်းသည့် ချစ်ပ်များထုတ်လုပ်သည့် လုပ်ငန်းကိုလည်း ထိုးဖောက်ဖို့ ကြိုးစားလျက်ရှိသည်။ သို့တိုင်အောင် ARM ကုမ္ပဏီကို Britain နိုင်ငံတွင် အခြေစိုက်ထားပြီး၊ မကြာမီကပင် Japan ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Scott Bank ု က ဝယ်ယူသွားခဲ့သည်။ ကုမ္ပဏီနှစ်ခုလုံးသည် အမေရိကန်တို့၏ အလွန်ရင်းနှီးသော မိတ်ဖက်ကုမ္ပဏီများ ဖြစ်ကြသည်။

တရုတ်နိုင်ငံအနေနှင့် ချစ်ပ်ထုတ်လုပ်ရေးတွင် ရောင်းအားအများဆုံးအပိုင်းဖြစ်သည့် ခေတ်အမီဆုံး၊ ထုတ်လုပ်မှုကိုလိုက်မီဖို့ ကြိုးပမ်းရာတွင် အလွန်ခက်ခဲကြောင်း တွေ့ရှိခဲ့သည်။ တည်ထောင်စ တရုတ်ကုမ္ပဏီများသည် ကြောက်မက်ဖွယ်ကောင်းသော နည်းပညာရှေ့ ရောက်မှုများ၊ ဆယ်စုနှစ်ပေါင်းများစွာရှိသော အတွေ့အကြုံများမှ သင်ခန်းစာများစွာရရှိထားကြသော ကျွမ်းကျင်သည့် အင်ဂျင်နီယာများဖြင့် ဖွဲ့စည်းထားသည့် လက်ရှိကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ Semiconductor ထုတ်လုပ်ရေးလုပ်ငန်းသည် အမှန်တကယ်၊ စဉ်ဆက်မ ပြတ်လေ့လာသင်ယူနေရသည့် လုပ်ငန်းတစ်ခုဖြစ်သည်ဟု Mr.Jelinek က ပြောပြခဲ့သည်။ “Kirin 980” သည် 7 Nanometer Node ဖြင့် ထုတ်လုပ်သော ပထမဆုံး Smart Phone ချစ်ပ်ဖြစ်သည်။ (1 Nanometer= 1 Billionth of 1 Meter or 10-9 Meter ဖြစ်ပြီး၊ Semiconductor ၏ အရည်အသွေးကို ဖော်ပြခြင်းဖြစ်သည်။ နံပါတ်သေးလေပိုမိုအား ကောင်း၊ လျင်မြန်လေဖြစ်သည်) ကွန်ပျူတာ၏စွမ်း အားကို ချုံ့နိုင်စွမ်း၏ လက်ရှိအခြေအနေဖြစ်သည်။ တရုတ်နိုင်ငံရှိ Fab (ချစ်ပ်ထုတ်လုပ်သူ) များတွင် လိုအပ် သည့် နည်းပညာများမရှိသောကြောင့် HiSilicon ကုမ္ပဏီသည်လည်း အမေရိကားမှ ပြိုင်ဘက်များဖြစ်သော Apple နှင့် Qualcomm တို့ကဲ့သို့ပင် ယင်း၏ချစ်ပ်များကို Taiwan ရှိ TSMC တွင် ထုတ်လုပ်စေရသည်။

Moore’s ဥပဒေသ ပျက်သုဉ်းသွားခြင်းက တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကို တားဆီးနိုင်မည့်နည်း လမ်းအား တွေ့ရှိကောင်းတွေ့ရှိနိုင်စေမည်ဖြစ်သည်။ လက်ရှိအခြေအနေအတိုင်း အမြဲတမ်းဆက်သွားဖို့ မဖြစ် နိုင်ဆိုသည်မှာကား အထင်အရှားပင်ဖြစ်သည်။ ချစ်ပ်တစ် ခုတွင်ပါဝင်သည့် အရာတစ်ခုပို၍သေးငယ်သွားတိုင်း၊ ထုတ်လုပ်ရန် ပိုမိုလက်ဝင်လာလေဖြစ်ပြီး ထုတ်လုပ်သည့် စရိတ်လည်း ပိုတက်လာပေသည်။ ခေတ်အမီဆုံး Fab (Chip Factory) များမှာလည်း အထူးပင်အကုန်အကျပိုများလာရသည်။ Samsung ကုမ္ပဏီက တောင်ကိုရီးယားနိုင်ငံ၊ Pyeongtaek မြို့အနီးတွင် Fab တစ်ခုဆောက်လုပ်ရန် ဒေါ်လာ ၁၄ ဘီလီယံသုံးစွဲခဲ့သည်။ ချစ်ပ်ထုတ်လုပ်သူ များက Moore ၏ ဥပဒေသအား အပြောင်အပြက်သဘော မျိုးမှီငြမ်း၍ ''ချစ်ပ်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု၏ကုန်ကျစရိတ်သည် လေးနှစ်လျင်တစ်ကြိမ် နှစ်ဆတက်သည်'' ဟု နောက်ပြောင်ပြောဆိုကြသည်။

ရလဒ်အနေနှင့် ချစ်ပ်ထုတ်လုပ်မှု၏ ရှေ့တန်းတွင် ပိုမိုခိုင်မာတောင့်တင်းသည့် ပေါင်းစည်းမှု ဖြစ်လာခဲ့သည်။ အကြံပေးဝန်ဆောင်မှုလုပ်ငန်း McKinsey ကုမ္ပဏီ၏အဆိုအရ ၂၀၀၁ ခုနှစ်က ကုမ္ပဏီ ၂၉ ခုမှနေ၍ အဆင့်မြင့်ဆုံးချစ်ပ်ထုတ်လုပ်ရေးအတွက် လိုအပ်သည့် အရာများပံ့ပိုးပေးဖို့ ဆန္ဒပြုခဲ့ကြောင်းသိရသည်။ (ပုံစံ ကားချပ်ကို ကြည့်ပါ)။ ယနေ့ ထိုကဲ့သို့ ကုမ္ပဏီမျိုးငါးခုသာရှိသည်။ ထိုအချက်ကအနောက်နိုင်ငံ၊ နည်းပညာ သိန်းငှက်ကြီးများအား၊ တရုတ်နိုင်ငံတိုးတက်မှုကို နှောင့်နှေးအောင်လုပ်ဖို့ ပိုမိုလွယ်ကူစေမည်ဖြစ်သည်။ ဤ (Fab) ချစ်ပ်ထုတ်လုပ်သည့် လုပ်ငန်းများကို အမေရိကားတွင် အခြေပြုသည့် ကုမ္ပဏီများ၊ သို့မဟုတ် အမေရိကန်၏မဟာမိတ်များဖြစ်ကြသည့် ထိုင်ဝမ်နှင့် တောင်ကိုရီးယား နိုင်ငံတို့ရှိ ကုမ္ပဏီများမှ ပိုင်ဆိုင်ကြသည်။ နောက်တစ်ဆင့်မှာ ထိုချစ်ပ်ထုတ်လုပ်သူများသို့ ပစ္စည်းထောက်ပံ့သည့် ကုမ္ပဏီများဖြစ်သည်။

အထူးသဖြင့် ယင်းတို့အနက်တစ်ခုမှာ Dutch ကုမ္ပဏီ ASML ဖြစ်သည်။ ယင်းကုမ္ပဏီသည် ဆယ်နှစ်ကျော်ကြာအောင်ကြိုးစားအပြီး၊ အဆင့်အမြင့်ဆုံး ချစ်ပ်များထုတ်လုပ်ဖို့ လိုအပ်သည့် ထုတ်လုပ်မှုအစီအစဉ် “Extreme Ultra-Violet Lithography” ကို တရားဝင်စီးပွား ဖြစ်လုပ်ပိုင်ခွင့်ရသည်ထိ အောင်မြင်စွာစမ်းသပ်တီထွင် နိုင်ခဲ့သည်။ ဤအဖြစ်က အနောက်နိုင်ငံမှမူဝါဒချမှတ်သူများအတွက် ''နှောင့်နှေးမှုဖြစ်စေမည့်အချက်များ'' ဖန်တီးစေနိုင်မည်ဖြစ်သည်။

သို့သော် Moore ၏ဥပဒေသအဆုံးသတ်သွားခြင်းက တရုတ်နိုင်ငံအတွက် မျော်လင့်ချက်ရစေခဲ့သည်။ ယင်းဖြစ်စဉ်၏ ဘေးထွက်အကျိုးသက်ရောက်မှုမှာ အ စိတ်အပိုင်းများသေးငယ်သွားသည့်အလျောက် ချစ်ပ် များသည်လည်း ပိုမိုလျင်မြန်စွာလုပ်ဆောင်လာနိုင်မည် ဖြစ်သည်။ သို့သော် Dennard Scaling ဟုခေါ်သော အကျိုးသက်ရောက်မှုတစ်ခု ၂၀၀၀ ပြည့်နှစ်ပိုင်းများက ဖြစ်ပေါ်ခဲ့သည်။ ယင်းမှာချစ်ပ်များတွင် ပါဝင်သည့် အစိတ်အပိုင်းများ အရွယ်အစားသေးငယ်သွားသည့်အလျောက်၊ ယခင်ရရှိနေသည့် အကျိုးကျေးဇူးများအတိုင်း၊ မရရှိတော့ခြင်းဖြစ်သည်။ ထိုအကြောင်းရင်းကြောင့် ထုတ်လုပ်မှုတွင် ဦးဆောင်နေသူများ၏ နောက်တွင် ခြေတစ်လှမ်း နှစ်လှမ်းနောက်ကျနေခဲ့ခြင်း၏ အရေးပါမှုသည် ယခင်ကထက် အနည်းငယ်လျော့နည်းသွားမည်ဟု ချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်းလေ့လာဆန်းစစ်သူ Linley Gwennap က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် Moore’s ဥပဒေသ၏နှေးကွေးမှုက ထုတ်လုပ်မှုလုပ်ငန်းတစ်ခုလုံးကို ပိုမိုကောင်းမွန် သည့်ချစ်ပ်များ ထုတ်လုပ်နိုင်မည့် အခြားနည်းလမ်းရှာ ဖွေဖို့ ဖြစ်စေခဲ့သည်ဟု Hardware ပုံစံရေးဆွဲသူ Andrew Haung ကပြောသည်။ ထုတ်လုပ်သူတို့၏ အာရုံကလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ တစ်နည်းအားဖြင့် ''သန့်စင်သည့် ထုတ်လုပ်မှု'' မှ ''ပိုမိုလိမ္မာကျွမ်းကျင်သည့် ပုံစံဒီဇိုင်းနှင့် အကြံဉာဏ်သစ်များ'' ထံသို့ ဖြစ်သည်။ အ ကယ်၍ ထိုအဖြစ်ကသာ ချစ်ပ်ထုတ်လုပ်မှု၏ လုပ်ငန်းလည်ပတ်မှုကိုပြောင်းလဲစေသည်ဆိုလျင်၊ တရုတ်ကုမ္ပဏီ များသည် မည်သူမျပိုင်ဆိုင်မှုမရှိသေးသည့် ဤနယ်ပယ် သစ်သို့ ဝင်ရောက်ဖို့ ကြိုးစားသင့်ပေသည်။

HiSilicon ၏ ချစ်ပ်များက ဥပမာပေးလျက်ရှိ သည်။ ''တရုတ်ပြည်မကြီး၏အာရုံစိုက်ရာနောက်တစ်ခု ဖြစ်ပြီး ငွေမြောက်မြားစွာသုံးစွဲနေသော Made in China စီမံကိန်း'' ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် "Artificial Intelligence” အတွက် အသုံးဝင်မည့် တွက်ချက်မှုများကို ပိုမိုလျင်မြန်အောင် ဒီဇိုင်းရေးဆွဲထားသည့် ချစ်ပ်များတွင် ပါဝင်လျက်ရှိသည်။ Quantum တွက်ချက်မှုက နောက်ထပ်အလားအလာကောင်းတစ်ခုဖြစ်သည်။ ယင်းမှာ Quantum တွက်နည်း၏ အကျိုးသက်ရောက်မှုကို အသုံးပြုပြီး တွက်ချက်မှုအချို့ကို အလွန်မြန်ဆန်စေနိုင်သောကြောင့် ဖြစ်သည်။ တရုတ်ပြည်သည် Quantum တွက်ချက်မှုအပေါ် ငွေများစွာသုံးစွဲထားသည်။ တရုတ်နိုင်ငံ Anhui ပြည်နယ် ၏မြို့တော် Hefei တွင် အလွန်ကြီးမားသော သုတေသန ဓာတ်ခွဲခန်းတစ်ခုကို ငွေအမြောက်အမြားအကုန်ခံ တည် ဆောက်လျက်ရှိသည်။ သို့သော် ဤလုပ်ငန်းအတွက် Super-Conducting Wires များနှင့် Ion Traps တို့ကဲ့သို့သော သမားရိုးကျမဟုတ်သည့် ရူပဗေဒပညာရပ်တွင် အထူး ကျွမ်းကျင်မှုနှင့်၊ ယနေ့ချစ်ပ်ထုတ်လုပ်ရာတွင် အသုံးပြု နေသည့် နည်းပညာနှင့် လွန်စွာခြားနားသည့် နည်းပညာများ လိုအပ်သည်။

တရုတ်ပြည်သည် ချစ်ပ်ထုတ်လုပ်ရေးနယ်ပယ် တွင် တိုးတက်နေသည့်အလျောက်၊ အမေရိကန်က ယင်း အားအလှမ်းမမီ ဝေးရာအရပ်သို့ တွန်းထုတ်ရန် ကြိုးစား လျက်ရှိသည်။ Google ၊ Microsoft နှင့် IBM တို့ပါဝင်သည့် အမေရိကန်ကုမ္ပဏီများတွင် ယင်းတို့ကိုယ်ပိုင် Quantum တွက်ချက်မှုစီမံကိန်းများ အသီးသီးရှိကြသည်။ ၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့သော သမ္မတ၏ သိပ္ပံနှင့် နည်းပညာ အကြံပေးသူများကောင်စီ၏ အစီရင်ခံချက်အရ တရုတ် နိုင်ငံ၏ တိုးတက်မှုအပေါ် အမေရိကန်နိုင်ငံ၏အကောင်း ဆုံးတုံ့ပြန်မှုမှာ၊ နည်းပညာဦးဆောင်နေခြင်းအား ထိန်း သိမ်းထားရေးအတွက် ရင်းနှီးမြှုပ်နှံရန်ပင်ဖြစ်သည်။

ထိုအချက်ကို ဆွဲကိုင်လျက် အမေရိကန်စစ်ဘက် ဆိုင်ရာသုတေ သနအေဂျင်စီ (DARPA) က၊ နည်းပညာအသစ်များအား ပုဂ္ဂလိကကုမ္ပဏီများမှ စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် အခြေအနေအထိ ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ Electronic Research Initiative (ERI) စီမံကိန်းကို လည်ပတ်လျက်ရှိသည်။

အရှိန်မြှင့်တင်ခြင်းလက်ရှိလုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်စေရေးအတွက် ယင်း၏ စီမံကိန်းအချို့ကို အနည်းငယ်ပြောင်းလဲခဲ့သည်။ ဥပမာတစ်ခုမှာ ''အသုံးစရိတ်လျော့ချမှုအထောက်အကူ ပြုရေးအတွက်၊ ချစ်ပ်ဒီဇိုင်းရေးဆွဲသည့် ကုမ္ပဏီငယ်လေးများကို ယင်းတို့အထူးထုတ်လုပ်ထားသည့် စီလီကွန်များကို ကုမ္ပဏီကြီးများမှ ထုတ်လုပ်ထားသည့် ပိုမိုကြီးမားသော ပုံစံများအတွင်းသို့ အံဝင်ခွင်ကျထည့်သွင်းနိုင်ဖို့ အဆင်ပြေစေနိုင်သည့် နည်းပညာဖြစ်သည်ဟု ERI ကို ကိုင်တွယ်လည်ပတ်နေသော William Chappell က ပြောကြားခဲ့သည်။ သို့သော် ERI သည် ပိုမိုစွန့်စားရသည့် နယ်ပယ်များတွင်လည်း ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ ယင်းနယ်ပယ်များတွင်၊ ''လျပ်စစ်စွမ်းအင်ကိုအသုံးမပြုဘဲ၊ အလင်းစွမ်းအင်ဖြင့် လည်ပတ်သော ချစ်ပ်များထုတ်လုပ်ဖို့ ရည်ရွယ်သည့်၊ အလင်းစွမ်းအင်အခြေ ပြုတွက်ချက်မှုများကို လေ့လာစူးစမ်းနေသည့် စီမံကိန်းများ၊ Quantum အကျိုးသက်ရောက်မှုကို အမီပြုလည် ပတ်သည့် Spintronic Transistor များနှင့်၊ စွမ်းအင်ချွေတာရေးအတွက်၊ အသေးစိတ်တွက်ချက်မှုများကို စွန့်လွှတ်သည့်၊ အနီးစပ်ဆုံး ခန့်မှန်းခြေတွက်ချက်မှုများ၊ စသည့်စီမံကိန်းတို့'' ပါဝင်ပေသည်။

ပိုမိုအဆင့်မြင့်သည့် နည်းပညာဖြင့် ချစ်ပ်ထုတ် လုပ်ခြင်းက အမေရိကန်နိုင်ငံကို အဓိကကျသော ဦး ဆောင်ပဲ့ကိုင်သည့် နေရာတွင်ရှိစေလိမ့်မည်ဖြစ်သည်။ မည်သည့်နည်းနှင့်မဆို၊ လုပ်ငန်း၏ ကမ္ဘာတစ်ဝန်းပစ္စည်း တင်သွင်းမှုကဏ္ဍကို ဖြန့်ကြက်ခြင်းထက်တော့ ပိုမိုလွယ် ကူလိမ့်မည်ဖြစ်သည်ဟု Mr.Triolo က ပြောကြားသည်။ အကယ်စင်စစ် တရုတ်နိုင်ငံအား ဖယ်ကြဉ်ထားခြင်းသည်၊ အမေရိကန်တစ်ပြည်လုံးက လိုလားသည့် အဖြေတော့မ ဟုတ်ပေ။ ဥပမာအားဖြင့် Qualcomm သည် ယင်း၏ နှစ် စဉ်ဝင်ငွေသုံးပုံနှစ်ပုံကို တရုတ်နိုင်ငံမှ ရရှိနေသည်။

Micron ၏ အလားတူဝင်ငွေမှာ ၅၇ ရာခိုင်နှုန်း ဖြစ်သည်။ Microsoft နှင့် Amazon တို့ကဲ့သို့ တရုတ်ပြည်တွင် သုတေသနလုပ်ငန်းဌာနဖွင့်လှစ်ခြင်းစသည့် ပူးပေါင်းဆောင်ရွက်ခြင်းသို့ ဦးတည်သောဖြစ်စဉ်မျိုးသည် ရင်းနှီးမြှုပ်နှံမှုကို နှစ်နိုင်ငံအပြန်အလှန်စီးဆင်းစေမည်ဖြစ်သည်။ တရုတ်နိုင်ငံအား စောင့်ကြည့်နေရေးအတွက် ကာကွယ်ရေးလမ်းစဉ်မူဝါဒသို့ ဦးတည်ခြင်းက အပျက်အစီးပိုများစေလိမ့်မည်ဖြစ်သည်။

Credit: CEO Myanmar

Comments


Sai Thiha Tint Soe
Sai Thiha Tint Soe
11 Oct 2023 05:38 AM
ကျယ်ကျယ်ပြန့်ပြန့် သိရတယ့်အတွက် ကျေးဇူးတင်ပါတယ်ဗျာ။

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again