လုပ်ငန်းခွင်မှာအများထက် ရှေ့ကဦးဆောင်နိုင်မယ့် အချက် ၁၀ ချက်

လုပ်ငန်းခွင်မှာအများထက် ရှေ့ကဦးဆောင်နိုင်မယ့် အချက် ၁၀ ချက်

၁။ အလုပ်ရဲ့အဓိပ္ပာယ်ကို နားလည်အောင်လုပ်ပါ။

ကျွန်တော်တို့ဘဝရှင်သန်ချိန်ရဲ့သုံးပုံတစ်ပုံဟာ အလုပ် လုပ်နေရပြီး အိပ်ချိန်မဟုတ်ဘဲ နိုးနေတဲ့အချိန်တွေရဲ့ တစ်ဝက်က အလုပ်လုပ်တဲ့ အချိန်ဖြစ်ပါတယ်။
လုပ်ငန်းခွင်ကလူတွေနဲ့သေးငယ်တဲ့ ဆက်ဆံရေးကိုတည်ဆောက်ထားနိုင်မယ်ဆိုရင်တောင် ဒါကလူတွေ ရဲ့ အလုပ်လုပ်နိုင်တဲ့စွမ်းရည်ကို တိုးတက်စေရုံသာမ ကဘဲ လုပ်ငန်းခွင်မှာပိုပြီးပျော်ရွှင်စေမှာဖြစ်တယ်။ ကိုယ် လုပ်နေတဲ့အလုပ်ကို နိစ္စဓူဝလုပ်နေရတယ်ဆိုတဲ့ ခံစား ချက်မျိုးကို ကျော်လွန်သွားနိုင်အောင် စိတ်ကူးစိတ်သန်းတစ်ခု၊ ဒါမှမဟုတ် တန်ဖိုးထားမှုတစ်ခုခုနဲ့ချိတ်ဆက် ထားပါ။ အဲဒါက သင်ဘာအလုပ်လုပ်နေသလဲဆိုတာကို အရှိအတိုင်းထင်ဟပ်နေတာဖြစ်တယ်။ သင်ဘာအလုပ်ကိုပဲလုပ်လုပ် အဲဒီအလုပ်က သူများအတွက်အရေး ပါသလို သင်ကိုယ်တိုင်အတွက်လည်း အရေးပါတဲ့အလုပ်ဖြစ်ဖို့ လိုပါတယ်။


၂။ လူတွေကို ယုံကြည်ပါ။

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံတဲ့အခါ ပွင့်လင်းမြင် သာမှုနဲ့ ရိုးသားမှုရှိဖို့လိုအပ်ပြီး သူတို့ရဲ့ သဘောထား အမြင်တွေကိုလည်း တင်ပြပြောဆိုခွင့်ပေးပါ။ တကယ် လို့သင်အလုပ်လုပ်နေတဲ့ လုပ်ငန်းဟာ ဆိုင်သေးသေး လေးတစ်ခုပဲဖြစ်တယ်ဆိုရင်တောင်သင့်ရဲ့ဝန်ထမ်းတွေ ကိုယုံကြည်မှုထားပြီးဆိုင်မှာဘာတွကို ပြောင်းလဲလိုက် ရင်ပိုပြီးကောင်းလာမလဲဆိုတာမျိုး သူတို့ရဲသဘောထားအမြင်တွေကိုအမြဲတမ်းမေးမြန်းသင့်ပါတယ်။ဒါမှမဟုတ် ဒီလုပ်ငန်းဟာ သူတို့ကိုယ်ပိုင်လုပ်ငန်းဆိုရင် ဘယ် လိုပြောင်းလဲမှုတွေ လုပ်မလဲဆိုတဲ့ မေးခွန်းမျိုး ဝန်ထမ်းတွေကို မေးကြည့်သင့်ပါတယ်။


၃။ကိုယ့်ထက်ပိုတော်တဲ့လူတွေကိုပဲ အလုပ်ခန့်ပါ။

လုပ်ငန်းအဖွဲ့အစည်းတွေဟာ မကြာခဏဆိုသလိုလူတော်တွေကို ရွေးချယ်အလုပ်ခန့်ဖို့ထက် အလုပ်နေရာလစ်လပ်မှုအတွက် မြန်မြန်ဆန်ဆန် အလုပ်ခန့်တာကိုပဲ ပိုပြီးအလေးထားကြပါတယ်။ ဒါပေမဲ့ အလုပ်ခန့်တဲ့အခါ အရည်အသွေးကိုဦးစားမပေးဘဲ စံချိန်တွေ ကိုလျော့ပြီး ပြီးစလွယ်အလုပ်ခန့်လိုက်တာဟာဘယ်တော့ မဆို အမှားအယွင်းတစ်ခုဖြစ်နေမှာပါ။ အလုပ်ခန့်မှားတာဟာ အဆိပ်အတောက်ဖြစ်စေပြီး ကိုယ်ခန့်လိုက်တဲ့လူရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေရုံသာမကဘဲ သူ့အနားမှာရှိတဲ့သူတွေရဲ့ စွမ်းဆောင်ရည်၊ စိတ်ဓာတ်နဲ့ စွမ်းအားတွေကိုပါ ချိနဲ့စေပါတယ်။ အလုပ်ခန့်တဲ့အခါမှာ ကော်မတီဖွဲ့စည်း၊ လိုချင်တဲ့စံချိန်စံညွှန်း ကြိုတင်သတ်မှတ်၊ စံနှုန်းတွေကို အလျော့အတင်းမလုပ်ဘဲ တစ်သတ် မတ်တည်းထား၊ ကိုယ်အသစ်ခန့်လိုက်တဲ့လူတွေက အရင်ခန့်ထားတဲ့လူတွေထက် ပိုတော်သလားဆိုတာကို ပုံမှန်စစ်ဆေးစတဲ့အချက်တွေကိုဆောင်ရွက်ပါ။တကယ်လို့ အရင်ခန့်ထားတဲ့ လူတွေနဲ့သိပ်မထူးသေးဘူးဆိုရင် ပိုတော်တဲ့လူတွေရှာတွေ့တဲ့အထိ အလုပ်ခန့်တာကို ခဏဆိုင်းထားပါ။


၄။ တိုးတက်မှုကို စွမ်းဆောင်ရည်စီမံခန့်ခွဲမှုနဲ့ မရောထွေးပါနဲ့။

အအောင်မြင်ဆုံးလူတွေတောင် သင်ယူတဲ့အပိုင်းမှာ ရှုံးနိမ့်ပျက်ကွက်မှုတွေ ရှိကြပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေကို အသိအမှတ်ပြု ရင်ဆိုင်ဖြေရှင်းတာက
မကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ တကယ်လို့ သင်က ထွက်ပေါ်လာတဲ့ ရလဒ်တွေအပေါ်မှာ ဝေဖန်အပြစ်တင်မယ်ဆိုရင် တကယ်လို့အမှားအယွင်းတစ်ခုခုဖြစ် သွားတာက သူတို့ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကို ထိခိုက်စေတယ်လို့ ဝန်ထမ်းတွေကခံစားမိရင် သူတို့အနေနဲ့ အမှားကနေသင်ခန်းစာယူပြီး တိုးတက်ကြီးထွားဖို့ထက် ငြင်းခုံစောဒကတက်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဝန်ထမ်းတွေရဲ့ တိုးတက်ကြီးထွားမှုဆိုင်ရာဆွေးနွေးပြောဆိုမှုတွေကို လုံလုံခြုံခြုံနဲ့ အကျိုးရှိစေဖို့အတွက်အမြဲတမ်းပြုလုပ်သင့်ပါတယ်။ ခင်ဗျားဒီထက်အောင်မြင်ဖို့အတွက် ကျွန်တော်ဘာများကူညီပေးနိုင်မလဲဆိုတဲ့စိတ်ထားမျိုးနဲ့ ဆွေးနွေးမှုတွေကို အမြဲတမ်းအစပြုပါ။


၅။ အညံ့ဆုံးဝန်ထမ်းတွေနဲ့ အတော်ဆုံးဝန်ထမ်းတွေကို အာရုံစိုက်ပါ။

လုပ်ငန်းခွင်ထဲမှာ အတော်ဆုံးဝန်ထမ်းတွေကို မျက်စိဒေါက်ထောက် လေ့လာပါ။ အခြေအနေ၊ ကျွမ်းကျင်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေရဲ့ ပေါင်းစပ်မှုကနေတစ်ဆင့်ဘယ်လိုထူးချွန်ပြောင်မြောက်အောင် လုပ်ရမယ် ဆိုတာကို သူတို့သဘောပေါက်ကြပါတယ်။ ဘက်စုံတော် တဲ့လူတွေကိုသာ အာရုံစိုက်တာမျိုးမဟုတ်ဘဲသက်ဆိုင် ရာကဏ္ဍအလိုက် အထူးကျွမ်းကျင်သူတွေကို ခွဲခြားဖော် ထုတ်ပါ။ ပြီးတော့ သူတို့ကို စံပြအနေနဲ့ အသုံးပြုပါ။တကယ်လို့သင်ဟာ အဲဒီလိုလူတွေထဲက အချို့နဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တယ်ဆိုရင် သူတို့ကို အနီးကပ်လေ့လာပြီး မေးခွန်းတွေကို အဆက်မပြတ်မေးပါ။ ပြီးရင် သူတို့ဆီကနေ အသိပညာတွေရဖို့ အခွင့်အရေးတိုင်းကို အသုံးချပါ။ တစ်ချိန်တည်းမှာပဲ စွမ်းဆောင်ရည်အညံ့ဆုံး ဆိုတဲ့သူတွေကိုလည်း စာနာစိတ်ထားပါ။ သင်အလုပ်ခန့်မှန်ပေမယ့် သူတို့အနေနဲ့စွမ်းဆောင်မှုကောင်းကောင်းရဖို့ ရုန်းကန်နေရတယ်ဆိုရင် သူတို့ရဲ့မကျွမ်းကျင်မှုကြောင့်မဟုတ်ဘဲ သူတို့ကို လူမှန်နေရာမှန် မထားနိုင်လို့ဖြစ်တယ်။ သူတို့အနေနဲ့ လေ့လာသင်ယူပြီး ကဏ္ဍအသစ်တွေကို တာဝန်ယူနိုင်ဖို့ကူညီပေးပါ။ အဲဒါတောင်မှ ညံ့နေသေးတယ်ဆိုရင်တော့ ချက်ချင်းအလုပ်သာထုတ်လိုက်ပါ။ အဲဒီလိုလူတွေကို ဆက်ပြီးထိန်းထားတာဟာ စာနာစိတ်ရှိတယ်လို့ မဆိုလိုနိုင်ပါဘူး။ သူတို့စွမ်းဆောင်ရည်တွေကို ဖော်ထုတ်နိုင်မယ့် အခြားဝန်းကျင်အသစ်မှာ သူတို့အနေနဲ့ ပိုအဆင်ပြေသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။


၆။ ခြိုးခြံချွေတာပြီး ပေးကမ်းရက်ရောပါ။

သင့်ရဲ့အသုံးစရိတ်တွေကို ချွေတာပါ။ ဒါပေမဲ့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ အရေးတကြီးလိုအပ်မှုရှိလာ တဲ့အခါမျိုးမှာ ရက်ရက်ရောရော ကူညီပေးကမ်းပါ။
သင့်ရဲ့ရက်ရောမှုဟာ တစ်ယောက်ယောက်ကအရေးပေါ် ဆေးကုသဖို့လိုအပ်လာတဲ့အခါမျိုး ဒါမှမဟုတ် ဝန်းထမ်းမိသားစုမှာ ကလေးမွေးဖွားတဲ့အခါမျိုးမှာ သင့်ရဲ့ ပေးကမ်းရက်ရောမှုက အထူးသဖြင့် အကျိုးသက်ရောက်မှုရှိပါလိမ့်မယ်။


၇။ ဝန်ထမ်းတွေကိုလစာပေးရာမှာ မတူညီတဲ့လစာနှုန်းထားတွေနဲ့ ပေးပါ။

လုပ်ငန်းတွေမှာ ထွက်ပေါ်ရရှိလာတဲ့ တန်ဖိုးရလဒ်တွေရဲ့ ၉၀ ရာခိုင်နှုန်း၊ ဒါမှမဟုတ် ဒီထက်ပိုတဲ့ ပမာဏဟာ စွမ်းဆောင်ရည်မြင့်တဲ့ ထိပ်ပိုင်းဝန်ထမ်း ၁၀ ရာခိုင် နှုန်းဆီကနေထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ သင့်ရဲ့အတော်ဆုံးဝန်ထမ်းတွေဟာ သာမန်ဝန်ထမ်းတွေထက်ပိုပြီး တန်ဖိုးကြီးတယ်ဆိုတာပါပဲ။ ဒါကိုလည်း သူတို့ခံစားသိရှိအောင်လုပ်ပါ။ သာမန်ဝန်ထမ်းတွေကတော့ တော်တဲ့ဝန်ထမ်းတွေရတဲ့ ခံစားခွင့်တွေနဲ့ပတ်သက်ပြီး အနည်းငယ်စိတ်မကျေမနပ် ဖြစ်နိုင်ပါတယ်။ သူတို့ဘာကြောင့် ဒီလိုမတူညီတဲ့ လစာရတယ်ဆိုတာနဲ့ ကိုယ်လည်း သူတို့လိုရအောင် ဘယ်လိုအပြောင်းအလဲ လုပ်နိုင်တယ်ဆိုတာကို သင့်အနေနဲ့ ပွင့်ပွင့်လင်းလင်း ရှင်းပြပါ။


၈။ အားပေးတိုက်တွန်းပါ။

သင့်ရဲ့ ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ။ သင့်ရဲ့လုပ်ငန်းခွင်ဝန်းကျင်က သင့်နဲ့သင့်အနားမှာရှိသူတွေကို ဘယ်လိုတွန်းအားပေးမှုတွေ ပြုလုပ်နေတယ်ဆိုတာကို ရှာဖွေလေ့လာပါ။ အခြားသူတွေနဲ့ ဆက်ဆံပြောဆိုရတာလွယ်ကူမှုရှိသလား။ လုပ်ဖော်ကိုင်ဖက်အချင်းချင်းသတင်းအချက်အလက်တွေကို E-mail ၊ ဒါမှမဟုတ် SMS တွေနဲ့ ဝေမျှ ကြတဲ့အခါ သတင်းကောင်းတွေကို ဝေမျသလား။ ဒါမှမဟုတ် ဝေဖန်ရှုံ့ချတဲ့ သတင်းတွေလား။ ကျွနု်ပ်တို့အားလုံးဟာ ကျွန်တော်တို့ရှင်သန်နေတဲ့ဝန်းကျင်ရဲ့ စဉ်ဆက်မပြတ်တွန်းအားပေးမှုကိုခံနေရသလို ကျွနု်ပ်တို့ဝန်းကျင်မှာရှိတဲ့ လူတွေကိုလည်းအဆက်မပြတ် တွန်းအားပေးနေတာ ဖြစ်ပါတယ်။ ဒီအချက်ကိုအသုံးချပြီး မိမိကိုယ်တိုင်ရော ကိုယ့်ရဲ့အသင်းအဖွဲ့ပါ ပိုမိုပျော်ရွှင်ပြီးစွမ်းဆောင်ရည်ပိုကောင်းလာအောင် ပြုလုပ်ပါ။


၉။ မြင့်မားလာတဲ့ မျော်မှန်းချက်တွေကို စီမံကိုင်တွယ် ပါ။

အလုပ်လုပ်ကိုင်ရာမှာ တစ်ခါတစ်ရံခြေချော်တာမျိုး ရှိနိုင်ပြီး ကိုယ့်ခြေလှမ်းတွေကို နောက်ပြန်ဆုတ်ဖို့လိုတဲ့ အချိန်တွေလည်း ရှိပါတယ်။ အဲဒါကိုသိရှိထားပြီးအလုပ် မစခင်မှာ စိတ်ကူးအကြံဉာဏ်တွေကို စမ်းသပ်လေ့လာဖို့ရှိတယ်လို့ သင့်အနားကလူတွေကို အသိပေးပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူတို့ကို ဝေဖန်ရေးသမားတွေအဖြစ်ကနေကူညီပံ့ပိုးသူတွေအဖြစ် ပြောင်းလဲပေးရာမှာ ကူညီပေးနိုင်မှာဖြစ်ပြီး တကယ်လို့သင့်အလုပ်က သူတို့ရဲ့ မျော်မှန်းထားတာနဲ့မကိုက်ညီတာမျိုး ဖြစ်သွားခဲ့ရင်လည်း သူတို့အနေနဲ့ သင့်ကို ပိုပြီးစိတ်ရှည်နာလည် မှုပေးနိုင်မှာပါ။


၁၀။ နေပျော်တဲ့လုပ်ငန်းခွင်ဖြစ်စေပါ။

Google တည်ထောင်သူတွေဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့ဟာ Google ကို သူတို့နှစ်ယောက် စလုံးအလုပ်လုပ်ချင်တဲ့လုပ်ငန်းခွင်ဝန်ကျင်မျိုးဖြစ်အောင် စီစဉ်လုပ်ကိုင်ကြသူတွေ ဖြစ်ပါတယ်။ အလားတူ သင် လည်းပဲ ကုမ္ပဏီတစ်ခုမှာ ကျောင်းပြီးခါစအလုပ်ဝင်တာပဲဖြစ်ဖြစ် ဘယ်လောက်ပဲသေးငယ်တဲ့ ရာထူးနဲ့အလုပ် စလုပ်တာပဲဖြစ်ဖြစ် သူတို့လိုပဲလုပ်ဆောင်နိုင်ပါတယ်။


Ref: www.theguardian.com

Credit: CEO Myanmar Facebook Page


Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again