အောင်မြင်မှုကို တည်ဆောက်ခြင်း

အောင်မြင်မှုကို တည်ဆောက်ခြင်း
နယ်ပယ်အသီးသီးမှာ အောင်မြင်မှုနဲ့ကျော်ကြားသူတချို့ရဲ့ အဆိုအမိန့်တွေကိုစဉ်းစားကြည့်ရင် အောင်မြင်မှုကိုမက်မောကြတာဖြစ်ပေမဲ့ အောင်မြင်မှုရခဲ့ရင်သက်သောင့်သက်သာ နေရမယ်လို့ မဆိုသာ ပါဘူး။ အမေရိကန်ဖွားရေနံသူဌေး Paul Getty က “အောင်မြင်မှုရဖို့အတွက် မနက်စောစောအိပ်ယာက ထပါ။ ညဉ့်နက်အထိအလုပ်လုပ်ပါ။ ရေနံရအောင်တူးပါ” လို့ဆိုခဲ့တယ်။ ရေနံရအောင်တူးပါဆိုတာက အလုပ်ဖြစ်အောင်လုပ်ပါ” လို့ဆိုလိုတာပါ။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် Winston Churchill ကတော့ “အောင်မြင်မှုဆိုတာ အဆုံးသတ်မရှိဘူး” လို့ဆိုခဲ့တယ်။ အမေရိကန်ဖွားသီချင်းရေး ဆရာ Irving Berlin က တစ်ဖန် “အောင်မြင်မှုရပြီးရင် ထပ်ပြီးအောင်မြင်ဖို့လုပ်ရတာ အခက်ဆုံးပဲ” လို့ဆိုခဲ့ပြန်တယ်။ Ford မော်တော်ကားကုမ္ပဏီသူဌေး Henry Ford ကတော့ “ဆုံးရှုံးမှုဟာ ဒီထက်ပိုကောင်းတဲ့ ကြိုးပမ်းမှု အသစ်စတင်နိုင်ဖို့အခွင့်အရေးပဲ” လို့ဆိုခဲ့တယ်။ အင်္ဂလိပ်လူမျိုးဇီဝဗေဒပညာရှင် Thomas Huxely က “လူ့ဘဝအစောပိုင်းကာလမှာ ဆုံးရှုံးမှုတချို့ကြုံတွေ့ရတာဟာ နောင်အခါအကျိုးရှိစေမယ့်အကြောင်းတရား ပဲ” လို့ ဆိုခဲ့ပါတယ်။

အောင်မြင်မှုရရှိဖို့ စွန့်လွှတ်စွန့်စားလုပ်ရရုံမက ရရှိပြီးအောင်မြင်မှုကိုထိန်းသိမ်းဖို့နဲ့ တိုးတက် အောင်မြင်ဖို့အတွက် ကြိုးပမ်းမှုကို အရှိန်သတ်လို့မရတော့ပါဘူး။ ဒီလိုဆိုပြန်တော့ အောင်မြင်မှုက မက်မောစရာ ကောင်းပါသေးရဲ့လား။ အောင်မြင်မှုကြောင့် အေးချမ်းသာယာမှုရှိမှာတဲ့လား။ လှုပ်ရှားရုန်းကန် နေကြရတဲ့လူ့ဘဝဟာ စိတ်ဝင်စားစရာလား။ ထူးချွန်အောင်မြင်လိုသူတွေကတော့ ဘယ်လောက် တန်ဖိုးကြီးကြီးပေးဆပ်ဖို့ အဆင်သင့်ပါပဲ။ အောင်မြင်မှုရဲ့အကျိုးကို မိမိကိုယ်တိုင်သာမက လူအများက မျှဝေခံစားကြရမှာ ဖြစ်တော့ ထိုက်တန်ပါတယ်။

အောင်မြင်မှုနဲ့ဆုံးရှုံးမှုရဲ့အဆုံးအဖြတ်မှာ အဓိကကွာခြားချက်က မိမိရဲ့ ‘အားစိုက်ကြိုးပမ်းမှု’ နဲ့ ‘ဇွဲသတ္တိ’ အပေါ်မူတည်ပါတယ်။ အောက်ပါမေးခွန်းတွေကို ဖြေကြည့်ပါ။

၁။ မိမိဘဝတိုးတက်အောင်မြင်မှုအတွက် မျှော်လင့်ချက်သိပ်မရှိဘူးလို့ ထင်မိပါသလား။

၂။ မိမိဘဝတိုးတက်အောင်မြင်မှုအတွက် ခိုင်မာတဲ့သန္နိဋ္ဌာန်ချပြီး အချိန်ကာလတစ်ခုအထိ အားသွန် ခွန်စိုက်ကြိုးပမ်းလုပ်ဆောင်ဖို့လိုတယ်ဆိုတာကို မိမိကိုယ်တိုင်နဲ့ မိမိအသိုင်းအဝိုင်းနားလည်လက်ခံကြပါသ လား။

၃။ ဒီလိုကြိုးပမ်းလုပ်ဆောင်ခဲ့ရင်ထိုက် ထိုက်တန်တန်အကျိုးခံစားရမယ်လို့ ထင်မြင်ပါသလား။

ဒီမေးခွန်းသုံးခုစလုံးရဲ့ အဖြေက ‘မှန်ပါတယ်’ ဆိုခဲ့ရင် မိမိအဖို့အောင်မြင်မှုရနိုင်မယ့် အလားအလာ ရှိတယ်လို့ဆိုနိုင်ပါတယ်။ လက်ရှိအနေအထားထက် ပိုကောင်းတဲ့ရလဒ်အတွက် ကြိုးစားကြည့်ပါ။ အောင် မြင်မှုကို သာမန်အားစိုက်လုပ်ကိုင်မှုထက် စွမ်းအားဆန့်ထုတ်ပြီး အစွမ်းကုန်လုပ်ဖို့၊ လိုချင်တာကိုမရမချင်း ဇွဲမာန်အပြည့်နဲ့လုပ်ဖို့ လိုမှာဖြစ်တယ်။

လူတာကာလုပ်နိုင်တာထက် သာလွန်အောင်ကြိုးပမ်းလုပ်ရမှာဖြစ်တယ်။ တကယ်တော့အောင်မြင်မှု ကို အလွယ်တကူ မရနိုင်ပါဘူး။ အလွယ်ရနိုင်ခဲ့ရင်လည်းတန်ဖိုး မကြီးပါဘူး။

အမှန်တကယ်အောင်မြင်လိုရင် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်သုံးသပ်ပြီး မလုပ် သင့်တာကိုမလုပ်ဘဲ လုပ်သင့်တာကိုလုပ်တတ်အောင် ကိုယ်ကျင့်သီလကောင်းဖို့အထူးလိုပါတယ်။ တခြားသော အောင်မြင်သူ တွေ ဘာကိုဘယ်လိုလုပ်နေကြသလဲဆိုတာ စူးစမ်းလေ့လာပြီး အားကျအတုယူမဖြစ်မနေ ကြိုးပမ်း လုပ်ဆောင်နေရမှာဖြစ်တယ်။ ’ညံ့စိတ်’ ကိုဖယ်ထုတ်ပြီး ‘အောင်စိတ်’ ကိုမွေးရပါမယ်။ ‘အောင်စိတ် မွေးမြူရေးနည်းလမ်း’ ကို အဆင့်ခုနစ်ဆင့်နဲ့ ရှင်းပြလိုပါတယ်။

၁။ အောင်မြင်ဖို့ဆုံးဖြတ်ပါ (Decide to Win)

“ဖြစ်စရာရှိရင် အချိန်တန်တော့ ဖြစ်လာတာပဲ” ဆိုတဲ့ ဆိုရိုးစကားကိုကြား ဖူးကြမှာပါ။ ဖြစ်ချိန်တန်တဲ့အချိန်ကို ကြိုမသိနိုင်ပါဘူး။ ဒီတော့အချိန်အခါစောင့်မနေပါနဲ့။ ထိုင်နေလို့တော့ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ တစ်စုံတရာကိုလုပ်မယ်လို့ စိတ်ကူးနေရုံနဲ့မဖြစ်ပါ။ ဆုံးဖြတ်ချက်အခိုင်အမာချပြီး စလုပ်ဖို့လိုပါတယ်။ တကယ်လုပ်မှအဟုတ်ဖြစ်မှာပါဘူး။ ဖြစ်ချင်စိတ်နဲ့လုပ်ချင်စိတ်ရှိရုံမျှနဲ့ အလုပ်မဖြစ်ပါဘူး။ ဘာကိုဘယ်လိုလုပ်မယ်ဆိုတာ နည်းလမ်းရှာကြံပြီး လုပ်ရမယ့်အလုပ်ကို ပြီးမြောက်အောင်မြင်တဲ့ တိုင်အောင် တစိုက်မတ်မတ်လုပ်သွားဖို့လိုပါတယ်။

၂။ အောင်မြင်ဖို့ကြိုတင်စီမံပါ (Plan to Win)

ခိုင်မာတဲ့ဆုံးဖြတ်ချက်ချပြီးတဲ့ နောက်မှာ ‘ဘာတွေကိုလုပ်ရမှာလဲ။ ဘယ်သူတွေနဲ့လုပ်ရမှာလဲ။ ဘယ်အချိန်မှာလုပ်ရမှာလဲ။ ဘယ်နေရာမှာလုပ်ရမှာလဲ။ ဘာကြောင့်လုပ်ရမှာလဲ။ ဘယ်လိုလုပ်ရမှာလဲ။ ဘယ်လောက်အားစိုက်လုပ်ရမှာလဲ’ ဆိုတဲ့ ဘယ်ခုနစ်လုံးကို စဉ်းစားအဖြေထုတ်ရမှာဖြစ်တယ်။ လုပ်ငန်းအစီအစဉ်ရေးဆွဲပြီး ကြိုးတင်စီမံမှုပြုရတယ်။ လုပ်ငန်းစီမံချက် (Work Plan) ရေးဆွဲရာမှာ လက်ရှိအနေအထား အရ အဆင်ပြေဆုံးနည်းလမ်း၊ ဒါမှမဟုတ် ‘စရိတ်-အကျိုးကျေးဇူး (Cost-benefit)’ အားသာမှုအရှိဆုံးနည်းလမ်းကို ရွေးချယ်တတ်ဖို့လိုပါတယ်။ ရည်မှန်းချက်ကိုအာရုံစိုက်ပြီး အချိန်ကို အကျိုးရှိစွာအသုံးချလုပ်ကိုင်တတ်ဖို့ အရေးကြီးပါတယ်။ ဖယောင်းဟာ စူးစိုက်အားဖြစ်တာမဟုတ်ပါလား။ ဒီ အချက်ကို မသွေဖည်ဘဲအလုပ်ကို အစမှ အဆုံးတိုင်တစ်သမတ်တည်း အားစိုက်လုပ် ကိုင်တတ်ရတယ်။

၃။ အောင်မြင်ဖို့ ပြင်ဆင်ဆောင်ရွက်ပါ (Perpare to Win)

အောင်မြင်သူတွေကိုကြည့်ပြီး ‘သူတို့ တွေကံကောင်းလိုက်ကြတာ’ လို့ လူတွေပြောလေ့ရှိ ပါတယ်။ တကယ်တော့ကံကောင်းခြင်းဆိုတာ အခွင့်အခါကောင်းနဲ့ကြိုတင်ပြင်ဆင်ထားမှုတို့ ဆုံဆည်းခြင်း ပဲဖြစ်တယ်။ အခွင့်အခါကောင်းကြုံခဲ့ပေမဲ့ မိမိဘက်ကကြိုတင်လိုအပ်တာကို ပြင်ဆင်မှုမရှိလို့ အဆင်သင့် မဖြစ်ခဲ့ရင် အောင်မြင်ဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မိမိရည်မှန်းချက်ရရှိအောင်မြင်ဖို့အတွက် လိုအပ်မယ့် လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု (Skills) ၊ အသိပညာ (Knowledge) နဲ့ သဘောထားအမြင် (Attutude) မှန်ကန်ပြည့်စုံစေဖို့ မပြတ်လေ့လာသင်ယူ၊ လေ့ကျင့်နေဖို့လိုအပ်ပါတယ်။ ဒီသုံးမျိုးကိုအချိန်နဲ့တစ်ပြေးညီ ပြည့်စုံစွာနဲ့ ကျွမ်းကျင်ပိုင်နိုင်မှု (Compelency) ရရှိဖို့ မလွယ်လှပါဘူး။ သာမန်အားထုတ်မှုနဲ့မရ နိုင်ပါဘူး။ ချွေးထွက်များမှ သွေးထွက်နည်းမှာ ဖြစ်ပါတယ်။

၄။ အောင်မြင်ဖို့လုပ်သင့်တာကိုလုပ်ပါ (Works to Win)

စိတ်ကူးအကြံအစည်ဘယ်မျှကောင်းစေကာမူ လုပ်သင့်တာကိုမလုပ်ခဲ့ရင် အောင်မြင်မှာ မဟုတ်ပါဘူး။ လုပ်တိုင်းလည်းအောင်မြင်ဖို့ မသေချာသေးပါဘူး။ လုပ်သင့်တာကို နည်းမှန်လမ်းမှန် အစွမ်းကုန်အားစိုက်လုပ်ပါသလား။ လုပ်ပြီးသမျှပြန်လည်စစ်ဆေးတဲ့ အလေ့အကျင့်ရှိပါသလား။ အလုပ် တစ်ခုကို နောက်လုပ်ရရင် ပိုကောင်းအောင်လုပ်ချင် စိတ်ရှိပါသလား။ လုပ်သမျှအကောင်းဆုံးဖြစ်ပါစေ။ သူတကာအတွက် ပေးဆပ်လိုစိတ်မွေးမြူပါ။ အောင်မြင်ချင်ရင် သတိပြုရမယ့် အချက်သုံးချက်ရှိပါတယ်။ ပထမအချက်က သူတစ်ပါးနဲ့တွေ့ဆုံဖို့ရှိရင် မိမိကအချိန်စောရောက်ပါစေ။ အိပ်ရာက စောစောထလေ့ရှိတဲ့ ငှက်ကအစာပိုစားရတတ်သလိုပါပဲ။ ချိန်းဆိုထားသူကို မိမိကဆီးကြိုနိုင်တာဟာ မိမိကအသာစီးရရှိစေ ပါတယ်။ စိတ်ဓာတ်ခွန်းအားသာလွန်မြင့်မားစေပါတယ်။ ဒုတိယအချက်က ‘အလုပ်ထဲမှာ သူများထက် အချိန်ပိုပေးပြီးလုပ်ပါ။’ သူတကာလုပ်နိုင်တာထက်ပိုလုပ်ဖို့ကြိုးစားပါ။ အလုပ်များများလုပ်နိုင်တာကို ဂုဏ်ယူပါ။ တန်ရာပဲလုပ်ရင် သာမန်ပဲဖြစ်မှာပါ။ တတိယအချက်ကအလုပ်ကို အစောဆုံးစပြီး အချိန်အများ ဆုံးလုပ်တတ်သူအဖြစ် အမြဲတမ်းရပ်တည်နိုင်အောင်ကြိုးစားပါ။ မှန်ကန်တဲ့ခံယူချက်နဲ့ ဇွဲသတ္တိရှိဖို့လိုပါတယ်။ လူပျင်းလူဖျင်း၊ တာဝန်မသိတတ်သူ၊ တာဝန်ယူရမှာကြောက်သူ၊ စည်းစနစ်မရှိသူတွေဟာ ရှုံးနိမ့်ကြမှာ ဖြစ်တယ်။ အလုပ်ကိုလေးစားသူ၊ ကြိုးစားသူ၊ တာဝန်သိတတ်သူ၊ တာဝန်ယူတတ်သူ၊ စည်းစနစ် လိုက်နာသူတွေဟာ အောင်မြင်ကြမှာဖြစ်ပါတယ်။

၅။ အောင်မြင်ဖို့တကယ်လုပ်ပါ (Act to Win)

‘စွမ်းအား’၊ ဒါမှမဟုတ် ‘ပါဝါ’ ရဲ့ အဓိပ္ပာယ်က ‘လုပ်နိုင်စွမ်း’ ဖြစ်ပါတယ်။ လူအများက အောင်မြင်သူတွေမှာ ထူးခြားတဲ့ပင်ကိုစွမ်းရည် (မွေးရာပါအရည်အချင်း) နဲ့ထူးခြားတဲ့ နောက်ခံ အသိုင်းအဝန်း အင်အားရှိတယ်။ မိမိတို့မှာ ဒါတွေမရှိလို့ သူတို့လို မအောင်မြင်နိုင်ဘူးလို့ ‘အားငယ်စိတ်’ နဲ့ ပြောတတ်ကြတယ်။ ဒီအတွေးအမြင်ဟာ ‘ညံ့စိတ်’ ဖြစ်တယ်။ ‘အရှုံးပေးလိုစိတ်’ ဖြစ်တယ်။ ‘အောင်စိတ်’ နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ သာမန်ဘဝမှာမွေးဖွားလာပြီး လူ့ဘဝမှာထိပ်တန်းကအောင်မြင်နေသူတွေ အများ ကြီးရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် နဲ့ မှန်ကန်တဲ့ခံယူချက်ထားရှိပြီး နည်းမှန်လမ်း မှန်ဇွဲသတ္တိနဲ့ ကြိုးပမ်းမှုကြောင့် အောင်မြင်ကြတာပါ။ ‘အောင်စိတ်’ နဲ့ အာရုံစူးစိုက်လုပ်ကိုင်မှုကြောင့်ပါ။ အလွယ်တကူ သက်သက်သာသာနဲ့အောင်မြင်လာသူမရှိပါဘူး။ ထူးချွန်အောင်မြင်ဖို့မလွယ်ပါ။ ဆုံးဖြတ်ချက်ခိုင်မာမှု၊ ကြိုတင်စီမံမှု၊ ကြိုတင်ပြင်ဆင်မှုတို့နဲ့ မိမိဘက်ကအမြဲတမ်း အဆင်သင့်ဖြစ်အောင်လုပ်ထားပြီး မဆုတ်မနစ် ဇွဲသတ္တိနဲ့ကြိုးပမ်း လုပ်ကိုင်မှုရလဒ်အဖြစ် အောင်မြင်ကြတာပါ။ လူနည်းစုကပဲ အောင်မြင်တာဘာကြောင့်ပါ လဲ။ အောင်မြင်လိုတဲ့စိတ်ကူးအိပ်မက်ကို တကယ်ဖြစ်စေတာကမှန်ကန်တဲ့အလုပ်ပါ။ လူတိုင်းဖြစ်ချင်ပေမဲ့ မဖြစ်ပါဘူး။ အသိတရားရှိပြီး သတိထားကာမှန်မှန်ကန်ကန် တကယ်လုပ်တတ်သူက အောင်မြင်နိုင်တာပါ။

၆။ အောင်မြင်ဖို့ မျှော်လင့်ချက်ထားပါ (Expect to Win)

မိမိဘက်က လိုအပ်ချက်တွေကို သေသေချာချာပြင်ဆင်ထားပြီးရင် ဇွဲသန်သန်နဲ့ စိတ်ရှည်သီးခံပြီး ကြိုးပမ်းလုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှုကိုအနှေးနဲ့အမြန်ရရှိမှာသေချာပါတယ်။ လူတိုင်းကပိုပြီးကောင်း တဲ့ အနာဂတ်ဘဝပိုင်ဆိုင်ရေးမျှော်လင့်ချက်နဲ့ အသက်ရှင်သန်နေကြတာပါ။ မိမိဘဝအောင်မြင်ရေး အတွက် မိမိပဲဖန်တီးနိုင်ပါတယ်။ မိမိလုပ်ရပ်ရဲ့အောင်မြင်မှုအသီးအပွင့်ကိုတော့ မိမိသာမကမိမိအသိုင်း အဝိုင်းကပါ မျှဝေခံစားကြရမှာဖြစ်ပါတယ်။ မိမိရဲ့ဂုဏ်သိက္ခာအဆင့်အတန်းမြင့်မားရေးနဲ့ ဓနဥစ္စာတိုးပွားလာစေမယ့် အောင်မြင်မှုအတွက် ပေးဆပ်ရတာတန်ပါတယ်။ တကယ်လုပ်လို့ အဟုတ်ဖြစ်မယ်။ အောင်မြင်မှုမုချရမယ် လို့ မျှော်လင့်ထားပါ။

၇။ အောင်မြင်ဖို့ဆန္ဒရှိပါ (Have will to Win)

ဆုတောင်းနေရုံမျှနဲ့ အောင်မြင်မှာမဟုတ်ပါ။ ရည်မှန်းချက်အောင်မြင်ဖို့အတွက် ပြင်းပြတဲ့ဆန္ဒ မွေးမြူထားပါ။ ပြင်ပြတဲ့ဆန္ဒဟာ လုပ်သင့်တာကိုလုပ်ဖြစ်ဖို့ ခွန်အားဖြစ်စေပါတယ်။ အောင်စိတ်နဲ့စူးစိုက် လုပ်ကိုင်ဖို့ တွန်းအားဖြစ်စေပါတယ်။

အောင်စိတ်မွေးမြူရေးနည်းလမ်းခုနစ်ဆင့်ကို လိုက်နာကျင့်သုံးခြင်းဖြင့် မိမိတို့ ဘဝအောင်မြင်ရေးကို တည်ဆောက်နိုင်မှာ ဖြစ်ကြောင်းပါ။

သိန်းဌေးမောင်
Credit: B2B Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again