လူတိုင်းစိတ်တိုင်းကျ ကျေနပ်အောင် ကြိုးစားမနေသင့်တဲ့အကြောင်းရင်း

လူတိုင်းစိတ်တိုင်းကျ ကျေနပ်အောင် ကြိုးစားမနေသင့်တဲ့အကြောင်းရင်း

ကျွန်တော်တို့ အားလုံးက ပတ်သက်ဆက်ဆံရသူတွေအားလုံးကို အတိုင်းအတာတစ်ခုအထိ ကျေနပ်ပျော်ရွှင်စေချင်ကြပါတယ်။ လူတွေရဲ့ သဘောကျလက်ခံတာကို လိုချင်တာ၊ အချစ်ခံချင်တာက သဘာဝတစ်ခုပါပဲ။ ဒါပေမယ့် ဘယ်လိုအကြောင်းကိစ္စပဲဖြစ်ဖြစ် လူတိုင်းစိတ်ကျေနပ်မှုရဖို့ ကြိုးစားနေမယ်ဆိုရင်တော့ ပြဿနာတစ်ခုဖြစ်လာပါပြီ။
တကယ်တော့ပြဿနာတစ်ခုထက်ပိုဆိုးတဲ့ ရောဂါတစ်ခုလို့ ဆိုနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သင်နဲ့ပတ်သက်လာတဲ့လူတိုင်း ကျေနပ်ဖို့ သင့်ရဲ့ရပိုင်ခွင့်၊ အခွင့်အရေးတော်တော်များများကို ဆုံးရှုံးလိုက်ရနိုင်တာကြောင့်ပါ။
ပြောစရာရှိတာကို မပြောရဲတဲ့သူ
အမြဲတမ်း အလုပ်ပိုတွေလုပ်ရပြီး နောက်ကျတဲ့ထိနေရသူ
အမြဲတမ်း ခိုင်းသမျှ၊ ပြောသမျှကို မငြင်းဆန်တတ်သူ တစ်ယောက်အနေနဲ့ သင့်ရဲ့ဖြစ်တည်မှု၊ သင့်ကိုယ်သင် တန်ဖိုးထားလေးစားမှုတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။
ဒါ့အပြင် လူတိုင်းကို သဘောကျကျေနပ်အောင် ကြိုးစားမနေသင့်တဲ့အကြောင်းရင်းတွေလည်း ရှိပါတယ်။

၁။ လူတွေကို ဆွဲဆောင်နိုင်မှု နည်းသွားတယ်
သင့်ပတ်ဝန်းကျင်က လူတွေစိတ်တိုင်းကျ လိုက်လုပ်ပေးနေရင် သင့်ကို လူတွေကပိုပြီးသဘောကျမယ်လို့ ထင်နေရင် မှားသွားပါလိမ့်မယ်။ ဒီလိုလုပ်နေမယ်ဆိုရင် အားနည်းပျော့ညံ့သူတစ်ယောက်လို့ မြင်ကြပါတယ်။ လူတွေက မိမိကိုယ်ကိုယ်ယုံကြည်မှုရှိသူတွေကို ပိုပြီးသဘောကျတတ်ကြတာဖြစ်ပါတယ်။

၂။ သင့်ကိုယ်သင် ချစ်ခင်မှု နည်းသွားတယ်
လူတွေ စိတ်တိုင်းကျဖို့ ကြိုးစားလေလေ၊ သင့်ကိုယ်သင် တန်ဖိုးထားချစ်ခင်မှု နည်းသွားလေပါပဲ။ သင့်ရဲ့ စိတ်ခံစားချက်ထက် အခြားသူတွေကို အမြဲတမ်းဦးစားပေးနေတာက အချိန်ကြာလာတာနဲ့အမျှ စိတ်ပျက်စရာဖြစ်လာမှာပါ။

၃။ ပိုပြီး ကြိုးကိုင်ချယ်လှယ်ခံရနိုင်တယ်
သင့်ပတ်ဝန်းကျင်က လူတွေစိတ်တိုင်းကျ အရာရာလိုက်လျောပေးဖို့ ကြိုးစားနေမယ်ဆိုရင် သူတို့က ပိုပြီး ကြိုးကိုင်ချယ်လှယ်လာကြမှာ ဖြစ်ပါတယ်။

၄။ လူတွေရဲ့ ယုံကြည်မှု နည်းလာတယ်
အခြားသူတွေ ဘာပြောပြောအမြဲတမ်း သဘောတူလက်ခံပြီး သင့်ရဲ့ထင်မြင်ချက်ကို မပြောတာက သင့်အပေါ် လူတွေရဲ့ ယုံကြည်မှုကို နည်းသွားစေနိုင်ပါတယ်။ လူတွေ ငြိုငြင်ခံရမှာကို စိုးရိမ်ပြီး မှန်တာကို မပြောတာကလည်း မရိုးသားမှုတစ်ခုပါပဲ။

၅။ မိမိကိုယ်ကိုယ် ယုံကြည်မှုလည်း နည်းလာနိုင်တယ်
လူတွေရဲ့ ယုံကြည်မှု နည်းလာတဲ့အပြင် သင့်ကိုယ်သင် ယုံကြည်မှုလည်း နည်းသွားမှာ သေချာပါတယ်။ လူတိုင်း စိတ်ကျေနပ်စေဖို့ မပြောရဲမဆိုရဲဖြစ်နေတာက သင့်အတွက် မကောင်းပါဘူး။

၆။ မိတ်ဆွေအပေါင်းအသင်းနည်းသွားနိုင်တယ်
သင့်ပတ်ဝန်းကျင်က လူတွေ စိတ်တိုင်းကျကျေနပ်အောင် လိုက်လျောပေးနေလို့ မိတ်ဆွေအပေါင်းအသင်းများမယ်လို့ မထင်ထားပါနဲ့။ ရလဒ်က ဆန့်ကျင်ဖက်ပါပဲ။ သင့်ကို အသုံးချအမြတ်ထုတ်လိုသူတွေသာ များလာမှာ ဖြစ်ပါတယ်။

၇။ တကယ်အရေးကြီးတဲ့သူကို ကျေနပ်စေဖို့ ပျက်ကွက်သွားနိုင်တယ်
လူတိုင်းကို စိတ်တိုင်းကျကျေနပ်အောင် ကြိုးစားနေတာက သင့်အတွက် အမှန်တကယ်အရေးပါတဲ့ သင်ကိုယ်တိုင်အတွက် မကျေနပ်စရာဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် သင့်ကိုယ်သင် ကျရှုံးတာပါပဲ။ အခြားသူတွေ စိတ်တိုင်းမကျမှာ၊ သူတို့ရဲ့ ငြင်းပယ်ခံ၇မှာထက် သင့်ကိုယ်သင် စိတ်တိုင်းကျကျေနပ်ပြီး လက်ခံနိုင်ဖို့ ဦးစားပေးပါ။

Credit: Gentleman Magazine Facebook Page


Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again