ခေါင်းဆောင်တစ်ယောက်အတွက် အရှိမဖြစ် ၇ ချက်

ခေါင်းဆောင်တစ်ယောက်အတွက် အရှိမဖြစ် ၇ ချက်
ခေါင်းဆောင်တိုင်းတစ်ကိုယ်ရေ အထီးကျန်မှုဒဏ်ခံရကြပါသည်။ ထို့ကြောင့်လည်း စိတ်ဓာတ်ကြံ့ခိုင်မှုသည် ထိ ထိရောက်ရောက် စီမံခန့်ခွဲနိုင်သောခေါင်းဆောင်တိုင်းအတွက် အရေးပါလှပါသည်။ ထို့ကြောင့် အဖွဲ့အစည်းရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်နိုင်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် မိမိကိုယ်မိမိ လေ့ကျင့်ပျိုးထောင်ရန် အောက်ပါမရှိမဖြစ်လိုအပ်ချက် ၇ ချက်ကို ဖြည့်ဆည်းထားရန်လိုအပ်ပါသည်။

၁။ ခွန်အား၊ သတ္တိ၊ စွမ်းအင် (Courage)

သတ္တိဟုဆိုရာ၌ အရည်အချင်းများစွာ စုစည်းနေတတ်ပါသည်။ ဆိုရသော် ဥပမာ- စွန့်လွယ်စွန့်စားလုပ်ကိုင်ရခြင်း၊ မည်သို့သော အခြေအနေမျိုးကြုံရပါက ခေါင်းအေးအေးနှင့်ရင်ဆိုင်နိုင်ခြင်း ကြုံတွေ့ရသည့်စိန်ခေါ်မှုမျိုးစုံကို အခြေနေပေါ်မူတည်၍အခွင့်အရေးအဖြစ် ဖန်တီးနိုင်ခြင်းတို့လည်းပါဝင်ပါသည်။ ခေါင်းဆောင်တစ်ယောက်အနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အများနှင့်ဖြစ်စေ ဆုံးဖြတ်ချက်ချရမည်ဖြစ်သော်လည်း အရေးကြီးဆုံးတာဝန်မှာဆုံးဖြတ်ချက်၏ နောက်ဆက်တွဲရလဒ်များကို တာဝန်ယူရင်ဆိုင်ရခြင်းသည် အဓိကဖြစ်ပါသည်။ အထူးသဖြင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးအဖို့အထီးကျန်တတ်ရာ ခွန်အား၊ သတ္တိသာ ရှေ့တိုးတစ်လှမ်းချင်းလျှောက်လှမ်းနိုင်ရန် တွန်းအားပေးပါလိမ့်မည်။

၂။ မဆုတ်မနစ်ကြိုးပမ်းမှု (Persistence)

လူတိုင်းကြားဖူးနေသည့် မဆုတ်မနစ်ကြိုးပမ်းမှုသည် လက်တွေ့တွင်မူ ခေါင်းမာခြင်း၊ အလျော့မပေးခြင်းတို့၏ ရလဒ်ဖြစ်ပါသည်။ ပမာဆိုရသော် မျှော်မှန်းထားသည့်အတိုင်းဖြစ်မလာခြင်း၊ ရည်မှန်းချက်ပန်းတိုင်မရောက်နိုင်ခြင်း၊ သတ်မှတ်သောအရောင်းပမာဏမရှိခြင်း၊ ဖောက်သည်များမှ မကျေနပ်ချက်များလာခြင်း၊ ရလဒ်မကောင်းခြင်းတို့ ကြုံရလျှင် ခေါင်းဆောင်များအနေဖြင့် တွေ့ဆုံဆွေးနွေးပွဲ၊ စည်းဝးများကျင်းပပြီး အဖြေကိုမရရအောင်ရှာရန် လိုအပ်ပေသည်။ တစ်နည်းအားဖြင့် ခေါင်းမာမာဖြင့် အခြေအနေကို ရှင်းထုတ်ရန်ဖြစ်ပါသည်။

၃။ ကြိုးစားလုပ်ကိုင်ခြင်း (Hand Work)

ကမ္ဘာတခွင်လုံးရှိ ခေါင်းဆောင်တိုင်းအလုပ်ကြိုးစားလုပ်ကိုင်ခြင်းသည် အောင်မြင်မှု၏ အခရာတစ်ခုဖြစ်သည်ကို သိရှိလက်ခံကျင့်သုံးကြပါသည်။ အလုပ်အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ ဖြတ်လမ်းလိုက်ခြင်းနှင့် အလုပ် ကိုထိထိရောက်ရောက် ကောင်းကောင်းမွန်မွန် ပြီးစီးနိုင်မည့်နည်းလမ်းများ လုပ်ဆောင်နိုင်သော်လည်း ကြိုစားလုပ်ကိုင်ခြင်းနှင့် အစားမထိုးသင့်ပေ။

၄။ ဆုံးရှုံးမှု (Failure)

ခေါင်းဆောင်တစ်ဦးအနေဖြင့် ဆုံးရှုံးကျဆုံးမှု မကြာခဏကြုံရပါက စိတ်ပျက်ရန်မလိုပါ။ ကံကောင်းမည်ဟုပင် သတ်မှတ်နိုင်ပါသည်။ ဥပမာဆိုရသော် သောမတ်အက်ဒီဆင်သည် အကြိမ်တစ်ထောင်ဆုံးရှုံးပြီးမှ ဓာတ်မီးလုံးတီထွင်နိုင်ခဲ့ပါသည်။ သူက ထိုဆုံးရှုံးမှုတိုင်းမှ အသစ်အသစ်သောသင်ခန်းစာများ ရရှိခဲ့ကြောင်းဝန်ခံခဲ့ပါသည်။ အောင်မြင်မှုစီးပွားရေးလုပ်ငန်းရှင်၊ မန်နေဂျာ၊ နိုင်ငံရေးခေါင်းဆောင်၊ အားကစားသမားတို့ အားလုံးအရှုံးနှင့်ရင်ဆိုင်ပြီး ထိုအရှုံးများကို အနိုင်ယူနိုင်ခြင်းကြောင့် အောင်မြင်လာသူများဖြစ်ပါသည်။ ထို့ကြောင့် အရှုံးကိုယုံကြည်ချက်ရှိရှိ ၊ သတ္တိရှိရှိ ရင်ဆိုင်ပြီး ပြန်ထပြီးရှေ့ကိုလျှောက်လှမ်းရန်ဖြစ်ပါသည်။

၅။ နိုးကြားမှု (Awareness)

ခေါင်းဆောင်တစ်ဦးအနေဖြင့် အောက်ခြေအဆင့်ထိဖြစ်ပျက်နေသည့် ကိစ္စရပ်တိုင်းသိရှိနေရန် တာဝန်ရှိပါသည်။ အဖွဲ့အစည်းတစ်ခုလုံး နေ့တဓူဝ ချောမွတ်စွာလှည်ပတ်နိုင်ရန်အတွက် တာဝန်ရှိသူပီပီ ခေါင်းဆောင်အနေဖြင့် ဖြစ်နိုင်ခြေပြဿနာများကိုပါ ကြိုတင်စဉ်းစားပြင်တင်ထားရန် လိုအပ်ပါသည်။

၆။ နိမ့်ချခြင်း (Humble)

ရာထူးကြီးလာသည်၊ ဒါမှမဟုတ် အောင်မြင်လာသည်၊  ဒါမှမဟုတ် ချမ်းသာလာသည်နှင့်အမျှ လူအများစု၏ ပင်ကိုယ်စိတ်ရင်းမှာ မာန်မာနထောင်လွှားခြင်းပင်ဖြစ်ပါသည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် အနားယူခြင်းဖြစ်စေ၊ ဒါမှမဟုတ် အကြောင်းကြောင်းကြောင့် အဖွဲ့အစည်းမှထွက်ခွာရလျှင် လုပ်ဖော်ကိုင်ဖက်များက အမှတ်ရနေသူဖြစ်ရန် လွန်စွာအရေးကြီးသဖြင့် နိမ့်ချစွာနှင့်ရိုးသားစွာတာဝန်ယူလုပ်ကိုင်ရန် လိုအပ်ပါသည်။

၇။ လက်ခံနိုင်ခြင်း (Acceptance)

ခေါင်းဆောင်တစ်ဦးအနေဖြင့် တစ်ခါတရံ မိမိနှင့် လုံးဝဆန့်ကျင်ဘက် လုပ်ကိုင်တတ်သူတချို့နှင့်အလုပ်တွဲ လုပ်ကောင်းလုပ်ရပါသည်။ အလုပ်လုပ်သည့်ပုံစံ၊ ဒါမှမဟုတ် ကိုယ်ကျင့်တရားဆိုင်ရာ၊ ဒါမှမဟုတ် အတွေးအခေါ်ပိုင်းဆိုင်ရာ ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါသည်။ ထိုအခြေအနေမျိုးကြုံရပါက ပထမဦးဆုံးလုပ်ကိုင်ရမည့်အလုပ်မှာလက်ခံပြီး ထိုသူ၏ လုပ်ရည်ကိုင်ရည်နှင့်ကြိုးစားမှုကို လေ့လာသုံးသပ်သင့်ပါသည်။ တစ်စုံတစ်ယောက်ဟာ လက်မခံနိုင်ရန် အခွင့်အရေးရှိသော်လည်း သိမ်မွေ့စွာနှင့် လုပ်ဆောင်တတ်ရန်လိုအပ်ပါသည်။ 

မောင်သာ (၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)
Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again