​ခြေသုံးချောင်းကြက် သွက်မှသွက်

​ခြေသုံးချောင်းကြက် သွက်မှသွက်
တစ်နေ့တွင် အရောင်းတာဝန်ခံတစ်ဦး သည် ခရီးထွက်ရင်း ကျေးလက်တောလမ်းတစ်နေရာတွင် ကားကို တစ်နာရီမိုင်သုံးဆယ်နှုန်းဖြင့် မောင်းနှင်လာစဉ် ခြေသုံးချောင်းရှိသော ကြက်တစ်ကောင်က သူ့ကားဘေးမှ ဖြတ်ပြေးသွားသည်ကို မြင်ရသည်။ သူက ကားကို တစ်နာရီမိုင်ငါးဆယ်နှုန်း အရှိန်မြှင့်မောင်းလိုက်သည်။ သို့သော် ခြေသုံးချောင်းနှင့် ကြက်က ကားဘေးတွင် အရှိန်မပျက် လိုက်ပါလာသည်။ တစ်မိုင်လောက် ကားဘေးမှာ ကားနှင့်အပြိုင် အပြေးလိုက်လာခဲ့ပြီးမှ လယ်ကွင်းတစ်ခုအနီးတွင် လမ်းကြားထဲသို့ ဖြတ်ဝင်ကာ လယ်တဲအိမ်အိုတစ်ခု၏ နောက်ဘက်စပါးကျီဆီသို့ ပြေးထွက်သွားသည်။ အရောင်းဝန်ထမ်းလည်း အချိန်ရသည့်အလျောက် လယ်တဲသို့ လမ်းအတိုင်းမောင်းဝင်ကာ အိမ်ရှင်လယ်သမားကို ဝင်တွေ့ပြီး သူမြင်ခဲ့ရသည့် မြင်ကွင်းကို ပြန်ပြောပြသည်။

လယ်သမားက ခြေသုံးချောင်းကြက်အကြောင်း ပြန်ရှင်းပြရာမှာ သူကိုယ်တိုင်က မျိုးရိုးဗီဇပညာရှင်ဖြစ်ပြီး အခုကြက်မျိုးကို သူကိုယ်တိုင် တီထွင်မျိုးစပ်ကာ မွေးမြူထားခြင်းဖြစ်ကြောင်း၊ ယင်းသို့တီထွင်ရခြင်းအကြောင်းမှာ ဇနီး၊ သားနှင့် သူကိုယ်တိုင်၊ မိသားစုဝင်သုံးယောက်စလုံးက ကြက်ခြေထောက်ကို အလွန်ကြိုက်ကြကြောင်း၊ သို့ဖြစ်သဖြင့် ခြေသုံးချောင်းကြက်ကို မျိုးစပ်မွေးမြူထားရာ သူတို့မိသားစုစားရန် ကြက်တစ်ကောင်သာ သတ်ရန်လိုကြောင်း လယ်သမားက ရှင်းပြသည်။

အရောင်းသမားက အလွန်သဘောကျသွားပြီး ဒီစကားကတော့ ကျွန်တော်ကြားဖူးသမျှတွေထဲမှာ ထူးခြားကောင်းမွန်ဆုံးပါပဲဗျာ၊ ဒါထက် အဲဒီကြက်ကိုစားရတာ အရသာဘယ်လိုရှိလဲဗျ ဟု မေးမြန်းလိုက်သည်။ ထိုအခါ လယ်သမားအဖြေပေးလိုက်ပုံက "အဲဒါ ကျွန်တော်လည်း မသိဘူးဗျ၊ စမွေးကတည်းက အခုအထိ ကျွန်တော်တို့တစ်ကောင်မှ မိအောင် မဖမ်းနိုင်သေးဘူးလေ" ဟူ၏။

ဥပဒေသ။ ။ ပြဿနာအဖြေရှာရာတွင်ဖြစ်စေ၊ တီထွင်ဆန်းသစ်ရာတွင်ဖြစ်စေ မိမိက အားသာချက်အဖြစ် ဖော်ထုတ်ဖန်တီးထားချက်ကပင် ဘေးထွက်ဆိုးကျိုးအဖြစ် အားနည်းချက် ပြန်ဖြစ်စေတတ်သည်။

အပြုံးနှင့်စီမံ အပြုံးနှင့် နာခံနိုင်ကြပါစေ။

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again