How Steve Jobs became a Billionaire

How Steve Jobs became a Billionaire

Steve Jobs ရဲ့နာမည်ဟာ Apple နဲ့ ထာဝရ ဒွန်တွဲနေပါ လိမ့်မယ်။ Apple ဟာ သူတည်ထောင်ခဲ့တဲ့ ကုမ္ပဏီ၊ သူ အလုပ်က အထုတ်ခံခဲ့ရတဲ့ ကုမ္ပဏီ၊ နောက် တစ်ခါပြန်လာခဲ့ပြီး ကမ္ဘာမှာ တန်ဖိုးအကြီး မားဆုံးဖြစ်အောင် ဖန်တီးခဲ့တဲ့ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပထမဆုံး ဘီလီယံကို ဖန်တီးပေးခဲ့တာဟာ နောက် ထပ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pixar ကုမ္ပဏီသာ ဖြစ်တယ်ဆိုတာကိုတော့ မေ့နေကြ မှာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကြီးမှာ အဓိကကျတာက ဘယ်သူမှမသိအောင် အလုပ်တွေ ခေါ်ပေးတာကိုခံရပြီး ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလမှာ CFO(ဘဏ္ဍာရေး အရာရှိချုပ်) အဖြစ် ခန့်ထားခြင်းခံခဲ့ရတဲ့ Lawrence Levyပဲ ဖြစ်ပါတယ်။ သူလုပ် ရတဲ့လုပ်ငန်းကဘာလဲ။ တစ်စစီဖြစ်နေတဲ့ကုမ္ပဏီကြီးကို အများပိုင်ဖြစ်အောင် လုပ် ပေးဖို့ဖြစ်ပါတယ်။ ဖြစ်ကြောင်းကုန်စင်ကို Lawrence Levy က အခုလို ပြောပြခဲ့ပါတယ်။
၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်တော် Pixar ကို ရောက်လာခဲ့ပါတယ်။ ဘယ် ဟာကို ဘယ်လိုစပြီး လုပ်ရမယ်ဆိုတဲ့ တိကျတဲ့ ဘယ်လိုညွှန်ကြား ချက်မျိုးကိုမှှ Steveက ကျွန်တော့်ကိုမပေးခဲ့ပါဘူး။ Pixar ကို ပူးတွဲတည်ထောင်ခဲ့သူ Ed Catmull က ကျွန်တော့်ကိုနှုတ်ဆက်ပြီး ပထမနှစ်ရက်အတွင်းမှာ ကျွန်တော့်ကို ကုမ္ပဏီထဲကို ပတ်ပြီးခေါ်သွားပါတယ်။ အဓိကကျသူတွေနဲ့ မိတ်ဆက်ပေးပြီး ကျွန်တော်လုပ်ရမယ့် အခန်းကဏ္ဍကိုပြောပြပါတယ်။ အားလုံးက ကျွန်တော့်ကို ဖော်ဖော်ရွေရွေနဲ့ ကြိုဆိုပြီး "တွေ့ရတာဝမ်းသာပါတယ်။ အကူအညီလိုရင် ပြော ပါခင်ဗျ" လို့ ယဉ်ကျေးတဲ့အမူအရာနဲ့ နှုတ်ဆက်ကြပါတယ်။ ဒါပေမဲ့ တစ်ခုခုတော့ လိုနေပါတယ်။ လူတွေက ဖော်ရွေပြီး ယဉ်ကျေးတာတွေများ နေသလောက် ရင်းနှီးမှုတော့ နည်းနေပြီး ခပ်တန်းတန်း ဖြစ်နေတယ်လို့ ကျွန်တော်ခံစားရ ပါ တယ်။ Pixar မှာ ဘဏ္ဍာရေးအရာရှိချုပ် အသစ်တစ်ယောက်ရပြီဆိုတဲ့ စိတ်လှုပ် ရှားမှုမျိုး သူတို့ဆီမှာ များများရှိပုံမပေါ်ပါဘူး။ သူတို့ဟာ နိုးနိုးကြားကြား ဖြစ်နေကြ တယ်လို့တော့ ကျွန်တော်နက်နက် ရှိုင်းရှိုင်းခံစားခဲ့ရပြီး ဘာကြောင့်လဲ ဆိုတာ တော့ မသိခဲ့ပါဘူး။

အဲဒီအရာကို ရှာဖွေတွေ့ရှိဖို့ ကျွန်တော့်အတွက် အချိန်သိပ်မကြာလိုက်ပါ ဘူး။ Pixar ရဲ့ဒုဥက္ကဋ္ဌ Pam Kerwinနဲ့ ကျွန်တော်စပြီး စကားပြောဖြစ်ခဲ့ပါတယ်။ Pam ဟာ Pixar ထဲက လုပ်ငန်းအမျိုးမျိုးရဲ့ ဆောင်ရွက်မှု တွေမှာ အထွေထွေမန်နေဂျာ ဖြစ်ပါတယ်။ သူကကျွန်တော့်ထက်အသက် နည်းနည်းပိုကြီးပြီး ၄၀ ကျော်ခါစ လောက်ရှိပါတယ်။ ဆံပင်က ထူးခြားတဲ့အနီရောင်ရှိပြီး ပြောပုံဆိုပုံက ချိုသာတဲ့ အတွက် သူ့ နားမှာရှိတဲ့ သူတွေကို ခဏကလေးအတွင်းမှာ စိတ်ချမ်းသာစေသူ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ရုံးခန်းကနေ စင်္ကြံအတိုင်း နည်းနည်းကလေးလျှောက် သွားလိုက်ရင် သူ့ရဲ့ရုံးခန်းကိုရောက်ပါတယ်။ သူဟာ ကျွန်တော့်ကိုနှုတ်ဆက် ခေါ်ပြောပြီး အခြေအနေတွေကို ပြောပြတဲ့လူနည်းစုထဲက တစ်ယောက်ဖြစ်ပါ တယ်။ ပဋိသန္ဓာရစကား နည်းနည်းပြောပြီး သွားတဲ့အခါ သူက "ကျွန်မရှင့်ကို မနာလို မဖြစ်ပါဘူး။ ရှင့်မှာပြဿနာရှိနေပြီဆိုတာကို ရှင်တကယ်တမ်း သိနေပြီ လို့ ကျွန်မမထင်ဘူး" လို့ပြောပါတယ်။

“ပြဿနာဟုတ်လား" ကျွန်တော်က ပြန်မေးလိုက်ပါတယ်။

“ရှင်က Steve ရဲ့လူလေ"

သူဘာကိုဆိုလိုတယ်ဆိုတာကို မသေချာတဲ့အတွက် ကျွန်တော်က Pam ကို တော်တော်စိတ်ရှုပ်သွား တဲ့ အမူအရာနဲ့ကြည့်မိခဲ့မှာသေချာပါတယ်။ သူက ဆက်ပြီး ပြောပါတယ် “Pixar နဲ့ Steve မှာကရှည်လျားတဲ့ရာဇဝင် ရှိတယ် လေ။ ကောင်းတဲ့ ရာဇဝင်တော့မဟုတ်ဘူး။ အဲဒါကို ရှင်မသိသေးပါဘူး။ ဒါပေမဲ့ Steve ဆိုရင် Pixar ကကြောက် နေရတာ"။

“ဘယ်လိုဖြစ်တာလဲ"။

“Steve က Pixar ကိုနားမလည်ဘူး။ ကျွန်မတို့က အနုပညာဆန်တယ်။ ဖန်တီး မှုရှိတယ်။ ကျွန်မတို့က မိသားစုတစ်စုလိုပါပဲ။ ကျွန်မတို့က တရင်းတနှီးနေ ကြ တယ်။ ကျွန်မတို့ဟာ အရာရာကို အပေါ်က ကြိုးကိုင်တဲ့ အဖွဲ့အစည်းမဟုတ် ပါဘူး။ ဒီမှာရှိတဲ့လူတိုင်းမှာ ပြောပိုင်ဆိုပိုင်ခွင့်ရှိပါတယ်" လို့ Pam ကဆက်ပြော ပါတယ်။

Steve နဲ့ပတ်သက်ပြီးPam မှာရှိနေတဲ့ ခံစားမှုတွေရဲ့အင်အားဟာ ကျွန်တော့်ကို ဆွဲဆောင်သွားပါတယ်။

“Steve ဟာ ကျွန်မတို့ကို ပိုင်တဲ့သူပါ။ ဒါပေမဲ့ သူဟာ ကျွန်မတို့ထဲက လူတစ် ယောက် ဘယ်တုန်း မှမဖြစ်ခဲ့ဘူး။ ကျွန်မတို့ဟာ ကိုယ့်ကိုတန်ဖိုး မထားဘူး၊ ကိုယ့်ကို စာရင်းထဲထည့်မတွက်ဘူးလို့ ခံစားခဲ့ရတာကြာပါပြီ။ သူသိပ်ပြီးအတွင်း ထဲကို ရောက်လာရင် Pixar ကို ပျက်စီးအောင် လုပ်လိမ့်မယ်။ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးပစ်လိမ့်မယ်လို့ ကျွန်မတို့စိုးရိမ်နေကြတယ်။ အခုဆိုရင် ရှင်ဟာ ကျွန်မတို့ကို ပုံသွင်းဖို့အတွက် သူကလွှတ်လိုက်တဲ့သူပဲလေ" လို့ သူက ရှင်းပြပါတယ်။

အဲဒါတွေတော်တော်များဟာ မှန်ပါတယ်။ ကျွန်တော့်ရဲ့တာဝန်က Pixar ကို တောင့်တင်းခိုင်မာတဲ့ လုပ်ငန်းတစ်ခုဖြစ်အောင် အသွင်ပြောင်းပေးဖို့ဖြစ်ပါတယ်။ ကျွန်တော်ဟာ ပြောင်းလဲမှုအတွက်ကိုယ်စားလှယ် တစ်ယောက်ဖြစ်ရမှာပါ။
"အဲဒီအပြင် သူက ကတိတွေကို ဖျက်ခဲ့ပါတယ်။ လူတွေက အဲဒါကို ဒေါသ ဖြစ် နေကြတယ်" လို့ Pam ကထပ်ပြောပါ တယ်။

“ဘာကတိတွေလဲ" လို့ ကျွန်တော် ကမေးလိုက်ပါတယ်။

“စတော့ရှယ်ယာ အထူးဝယ်ခွင့်တွေပေါ့။ အဲဒါကိုသူက ကျွန်မတို့ကို ကတိ ပေး ခဲ့ပေမဲ့ ဘယ်တုန်းကမှ ဖြစ်မလာခဲ့ပါဘူး။ အဲဒါဟာ ရှင့်ကိုခိုင်းလိုက်တဲ့အလုပ် တစ်စိတ်တစ်ပိုင်း ဖြစ်ချင်လည်းဖြစ်နေမှာပေါ့။ ဒါပေမဲ့ ဖြေရှင်းချက်မရှိဘဲ တစ်နေ့ ပြီး တစ်နေ့ ကုန်လာတဲ့အတွက် လူတွေက ပိုပိုပြီးအဆိုးမြင် လာနေကြပြီ။ ဒီမှာ ရှိတဲ့ လူ တော်တော်များက Pixar ရဲ့ အစိတ်အပိုင်းကလေးတစ်ခုကို ပိုင်ဆိုင် ဖို့ အရေးအတွက် စောင့်လာခဲ့ရတဲ့နှစ်တွေ တော်တော်များလာပါပြီ။ တခြား ကုမ္ပဏီ တွေမှာရှိတဲ့ သူတို့ရဲ့သူငယ်ချင်းတွေက ဆုတွေလာဘ်တွေရပြီးကုန်ပြီမို့ အခုတော့ သူတို့စိတ်ပျက်နေကြပါပြီ။ သူတို့ဟာ အသုံးချခံနေရတယ်လို့ ခံစားနေ ကြပါတယ်" လို့သူ ကပြောပါတယ်။

သိရမယ့်ဟာတွေက အများကြီး ဖြစ်နေပါတယ်။ ကျွန်တော်ရောက်လာခဲ့မှု အပေါ် လှိုက် လှိုက်လှဲလှဲ မရှိခဲ့တဲ့အကြောင်း ရင်းကတော့ ရှင်းသွားတာသေချာပါတယ်။

Pam ရဲ့သတိပေးစကားတွေဟာ လျှော့ပြီးပြောခဲ့တာဖြစ်ပါတယ်။ Pixar ကို ကျွန်တော် စရောက်တဲ့နေ့တွေမှာ ကုမ္ပဏီတစ်ခုလုံးက Steve ကိုတိုက်ရိုက်ဦး တည်တဲ့ မုန်းတီးမှုကို ကျွန်တော်ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် အစောပိုင်း ကတည်းက ကုမ္ပဏီထဲမှာရောက်နေခဲ့တဲ့ သူတွေဆီက လာပါတယ်။ လူတစ် ယောက်က ဆိုရင် "အဲဒီလူကို ကျုပ်တို့နဲ့ဝေးဝေး နေခိုင်းစမ်းပါ ဗျာ" လို့ ကျွန်တော့် ကို ဗြောင်ဖွင့်ပြောခဲ့ပါတယ်။

အနည်းဆုံးတော့ အဲဒါဟာ မလိုလားအပ်တဲ့ အံ့အားသင့်စရာ တစ်ခုဖြစ်ပါတယ်။ Steve နဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်မှုတွေဟာ အမှန်ဖြစ်လာပြီလား လို့ ကျွန်တော်စိုးရိမ်စ ပြုလာခဲ့ပါတယ်။ ကျွန်တော်ဟာ Pixar က အလုပ်ကို သံသယ ဖြစ်စိတ် တော်တော်များ ရှိတဲ့ကြားထဲက လက်ခံခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်အထိ ကျွန်တော်နဲ့ Steve တို့ဟာ တော်တော် အဆင်ပြေခဲ့ကြပေမဲ့ သူ့ရဲ့စိတ်အပြောင်း အလဲမြန်တယ်ဆိုတဲ့ ဂုဏ် သတင်းက ကျွန်တော်သိတဲ့ လူအများစုကို သူနဲ့အလုပ်လုပ်တာနဲ့ပတ်သက်ပြီး သတိပေးအောင် လုပ်ခဲ့ပါ တယ်။ ပိုပြီးပြဿနာရှိနေတာက ကုမ္ပဏီကိုယ်တိုင်ပဲဖြစ်နေပါတယ်။ Pixar ဟာ အလုပ်လုပ်လာခဲ့တာ ဆယ်နှစ်ကျော်ပြီ ဖြစ်ပြီး အကျိုးသက်ရောက်မှု မရှိ သလောက်ဖြစ်ခဲ့ပါတယ်။ ပိုပြီးဆိုးတာက နှစ်တိုင်းရှုံးနေ တဲ့သန်းနဲ့ချီနေ တဲ့ဒေါ်လာတွေကို သူအကုန်အကျမခံချင်တော့တာကလွဲရင် ကုမ္ပဏီကို သူဘာဖြစ်စေချင်တယ်ဆိုတာကို Steve က တောင် ရှင်းရှင်းလင်းလင်း မပြောနိုင်ခဲ့ပါဘူး။

ဒါတွေဟာ ကျွန်တော်သိခဲ့တဲ့ အန္တရာယ်တွေဖြစ်ပါတယ်။ အခုတော့ ကျွန်တော် ဟာ ဖုံးကွယ်ထားတဲ့ အစီအစဉ် တချို့ကို ပိုင်ဆိုင်နေတယ်ဆိုတဲ့ သံသယနဲ့ 'Steve ရဲ့လူ' ဆိုတဲ့ အပိုဝန်ထုပ်ဝန်ပိုးတစ်ခု ရှိနေသလို ဖြစ်သွားပါတယ်။ အဲဒါဟာ မမှန်ပါဘူး။ ဒါပေမဲ့ အဲဒါကအရေးမကြီးပါဘူး။ ကျွန်တော်ဟာ ကျွန်တော် မျှော်လင့်ထားတာထက်ပိုပြီး တစ်ယောက်တည်း အထီးကျန်ဖြစ် နေဦးမှာပါ။ အစပိုင်း ထိတ်လန့်မှုတွေ နည်းနည်း လျော့ကျသွားပြီးတဲ့နောက်မှာ ဒီအချက်ကို ကျွန်တော့်ရဲ့ အကျိုးအတွက် ဘယ်လိုကြိုးစား အသုံးချသွားမလဲဆိုတာကို ကျွန်တော့်ရဲ့ မသိစိတ်နဲ့ တွက်ချက်ခဲ့ရပါတယ်။ လူတွေက ကျွန်တော့်ကို တစ်ယောက် တည်း ဘေးဖယ်ထားမယ်ဆိုရင် ကျွန်တော့်မှာ အခွင့်ကောင်းဆိုတဲ့ ပြတင်းပေါက်တစ်ခု ရှိမှာဖြစ်ပြီး အဲဒီကာလအတွင်းမှာ ကျွန်တော့်ဆီက ဘယ်သူ ကမှ ဘာမှများများစားစား မျှော်လင့်ထားကြမှာမဟုတ်ပါဘူး။ အဲဒါက Pixar ဆိုတဲ့ ဂြိုဟ်ကို တိတ်တဆိတ် စူးစမ်းလေ့လာဖို့ ကျွန်တော့်ကိုအခွင့်အရေး တစ်ခုပေးခဲ့ ပါတယ်။

ဒါပေမဲ့ Steve ဟာ ကျွန်တော့်ကို အချိန်မဖြုန်းစေချင်ခဲ့ပါဘူး။ သူကဒီကုမ္ပဏီ ထဲ မှာ ဒေါ်လာသန်း ၅၀ နီးပါးရင်းနှီးမြှုပ်နှံထားပြီး Pixar ရဲ့လစဉ်လိုငွေပြမှု ကို လည်း ထုတ်ပေးနေရဆဲဖြစ်သလို အဲဒီကိစ္စကိုမြန် မြန်နဲ့ သူအဆုံးမသတ်နိုင်ပဲ ဖြစ်နေပါတယ်။

"ကျွန်တော် အဲဒီကိစ္စကို မြန်နိုင်သလောက် မြန်မြန်ပြုပြင်ပေးဖို့ အာရုံစိုက်နေပါ တယ်။ ဒါပေမဲ့ အဲဒါကိုဖော် ထုတ်ဖို့အတွက် အချိန်နည်းနည်းတော့ လိုတယ်" လို့ ကျွန်တော်က သူ့ကိုပြောပါတယ်။ နည်းနည်း စိတ်မရှည် တော့တဲ့ကြားထဲကပဲ Steve ဟာ ကျွန်တော့်ရဲ့အစီအစဉ်ကို လက်ခံခဲ့ပါတယ်။

Pixar ရဲ့ဝန်ထမ်းတွေ၊ အထူးသဖြင့် ကုမ္ပဏီထဲမှာ အကြာဆုံးဝန်ထမ်းတွေဟာ ထောင်ချောက်မိ နေသလို ခံစားခဲ့ကြပါတယ်။ Pixar ရဲ့အောင်မြင်မှုကိုခွဲဝေခံစား ဖို့အခွင့်အရေး သူတို့ကိုမပေးခဲ့တဲ့အတွက် စိတ်ဓာတ်ကျဆင်းပြီး Steve ရဲ့လှည့် စားမှု ကိုခံခဲ့ရတယ်လို့ခံစားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကုမ္ပဏီထဲမှာ ရင်းနှီး မြှုပ်နှံထားခဲ့တဲ့ အချိန်တွေက များလွန်းနေတဲ့အတွက် ဘာဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ဖို့က လွဲပြီး တခြားရွေးချယ်စရာမရှိပါဘူး။ အဲဒီအချိန်မှာ ထွက်သွားဖို ့ ဆိုတာ အထူးသဖြင့် Toy Story ဇာတ်ကားထွက်တော့မယ့်ဆဲဆဲ အချိန်မှာ ထွက်သွားဖို့ဆိုတာ အဓိပ္ပာယ်မရှိ ဖြစ်သွားပါလိမ့်မယ်။

Pixar ရဲ့ရုပ်ရှင်အမြတ်တွေထဲက စတော့ဝယ်ယူခွင့်အဖြစ် ပြောင်းလဲလို့ရမယ့် ဝေစုတစ်ခုကို Pixar ရဲ့ထိပ်ပိုင်းက လူလက်တစ်ဆုပ်စာလောက်ကိုပေးမယ်လို့ ကတိတွေပေးလိုက်တဲ့အခါ အခြေအနေက ပိုဆိုး သွားခဲ့ပါတယ်။ ကျွန်တော် ကုမ္ပဏီထဲ ကိုဝင်လိုက်တဲ့အခါ အဲဒီစတော့ဝယ်ယူခွင့် ပေးမယ့်ကတိကို ရတဲ့သူ ထဲမှာ ကျွန်တော်က နောက်ဆုံးကပါလာခဲ့ပါတယ်။ ထိပ်တန်းအမှုဆောင်တွေက လွဲရင် ကျန်တဲ့လူတွေ အားလုံးကို ဘေးဖယ်ထားခဲ့ပါတယ်။ ဒါဟာအကြီးအကျယ် ဒုက္ခဖြစ်မယ့်ကိစ္စတစ်ခုပါ။ ဒိုမီနိုကတ်ဖဲလို ကတ်တစ်ခုပဲ လဲကျဖို့ လိုပါတယ်။ Pixar မှာရှိတဲ့ ပင်ကိုစွမ်းရည်ရှိတဲ့ လူတွေအားလုံး တစ်ပြုံကြီး ထွက်သွားတာမျိုး နေ့ချင်းညချင်း ဖြစ်သွားနိုင်ပါတယ်။ အခု မဖြစ်ရင်လည်း နောင်တစ်ချိန်မှာဖြစ် သွားမှာပါပဲ။ ဒါဟာ Pixar ရဲ့တီထွင်ဖန်တီးမှုစွမ်းရည်ကို အဆုံးသတ်သွား စေတော့မှာဖြစ်ပါတယ်။

ဒီပြဿနာမှာ ကျွန်တော်က အလယ်တည့်တည့်မှာ ပိတ်မိနေပါတယ်။ တစ်ဖက် မှာလည်း Pixar ရဲ့နှစ်ရှည်ဝန်ထမ်းတွေက ဒေါသထွက်ပြီး နာကြည်းနေကြပါ တယ်။ Pixar ထဲမှာ ကျွန်တော်လှည့်ပြီး သွားလာတဲ့အခါ မကျေနပ်မှုတွေ အဆက်မပြတ်ရှိ နေပါတယ်။

“Steve က ကျွန်တော်တို့အတွက်ကော ကြည့်မှာလား"။

“ဒီအတွက် ကျွန်တော်တို့ စောင့်လာခဲ့တာကြာပြီ"။

“ကျွန်တော်ကတော့ တကယ်မြင်ရမှယုံမယ"။

တစ်ဖက်မှာတော့ Pixar ရဲ့ဝန်ထမ်းတွေကို စတော့အထူးဝယ်ခွင့်တွေ ဘယ် လောက် များပေးမလဲဆိုတဲ့ လုပ်ပိုင်ခွင့်တွေ အားလုံးကိုပိုင်ဆိုင်နေတဲ့ Steve ရှိနေပါတယ်။ Pixar ရဲ့ ၁ဝဝ ရာခိုင်နှုန်းကို Steve က ပိုင်ဆိုင်ထားတဲ့အတွက် စတော့အထူးဝယ်ယူခွင့် အစီအစဉ်ထဲကိုရောက်သွားတဲ့ ဝယ်ယူခွင့်တိုင်းဟာ အဲဒီဝယ်ယူခွင့်တွေကို ဝန်ထမ်းတွေက အသုံးပြုတဲ့အခါ ကုမ္ပဏီထဲမှာရှိတဲ့ သူ့ရဲ့ ကိုယ်ပိုင်စတော့တွေကို လျော့နည်းသွားစေပါလိမ့်မယ်။

Steve က သူ့ရဲ့ရှယ်ယာတွေကို နည်းနိုင်သမျှနည်းနည်းပဲ လျော့စေချင်ပါတယ်။ သူ့ရဲ့စိတ်ထဲမှာရှိတဲ့ လုပ်ခါစလုပ်ငန်းသစ်က အသုံးပြုကောင်းပြုမယ့်ရာခိုင်နှုန်း ဟာ ၁၅ ရာခိုင်နှုန်း၊ ဒါမှမဟုတ် ၂၀ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ပထမနှစ်နှစ် အတွင်းမှာ ဝန်ထမ်း ၅၀ လောက်ခန့်ဖို့မျှော် လင့်ထားတဲ့ စပြီးလုပ်ခါစ ကုမ္ပဏီ တစ်ခုအတွက်ဆိုရင်တော့ အဲဒါဟာ အလုပ်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ Pixar ကတော့ ဝန်ထမ်း ၁၅၀ နီးပါးရှိနေပြီးသားဖြစ်ပြီး သူတို့ထဲက တော်တော်များဟာ စီလီကွန်တောင်ကြားက အဆင့်အတန်းအရ အရေးပါတဲ့ပမာဏအထိ စတော့ အထူးဝယ်ခွင့်ရပိုင်ခွင့်ရှိတဲ့အတွေ့အကြုံရှိပြီးသားဝါရင့်သူတွေဖြစ်နေပါတယ်။

အနာဂတ်မှာ ကုမ္ပဏီအပေါ်ချုပ်ကိုင်မှုကို ဆုံးရှုံးမယ့်ဘယ်လိုစွန့်စားမှုမျိုးကိုမှ မလုပ်ဖို့နဲ့ ပတ်သက်ပြီးလည်း Steve က နည်းနည်းမှ အလျှော့မပေးပါဘူး။ ဘာကြောင့်လဲလို့ သူကိုမေးနေစရာမလိုပါဘူး။ Apple မှာ သူဖြစ်ခဲ့တဲ့အနေ အထားတစ်ခု တည်းကို ရောက်သွားမယ့် ဘယ်လိုစွန့်စားမှုမျိုးကိုမဆို သူက ရှောင်ချင်ပါတယ်။ Apple မှာ ဒါရိုက်တာအဖွဲ့က သူ့ကိုသူ့ရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီး ထိထိရောက်ရောက်ထုတ် ပစ်ခဲ့ပါတယ်။

ဒီပြဿနာထဲကို ကျွန်တော်ပိုပြီးရောက်သွားလေ၊ ကျွန်တော့်ကိုယ်ကျွန်တော် လူတိုင်းက လက်သီးနဲ့ထိုးတဲ့ သဲအိတ်ကြီးတစ်ခုလို ကျွန်တော်ပိုပြီး ခံစား ရလေ ဖြစ်ပါ တယ်။ Pixar ရဲ့ဝန်ထမ်းတွေက ကျွန်တော် ဟာ Steve ကို ကာကွယ်နေ တယ်လို့ထင်ကြပါတယ်။ Steve ကတော့ ကျွန်တော်က Steve ဝန်ထမ်းတွေ အတွက် တောင်းပေးနေတာတွေ များလွန်းနေတယ်လို့ထင်နေပါတယ်။ Pixar ရဲ့ ဝန်ထမ်း တွေဘက်ကအတွင်း ကြိတ်ရပ်တည်နေတယ်လို့ပြောတာက ကျွန်တော့် အတွက် အရေးမကြီးပါဘူး။ ကျွန်တော့်အလုပ်က ဘက်လိုက်ဖို့မဟုတ်ပေမဲ့ Steve နဲ့ ကုမ္ပဏီက ကျန်တဲ့လူတွေ အတွက် အလုပ်ဖြစ်မယ့်ဖြေရှင်းချက် တစ်ခု ကိုရအောင် ညှိနှိုင်းပေးဖို့ဖြစ်ပါတယ်။ Steve ကိုဆန့်ကျင်ပြီး အံတုနေတယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော်ခံစားရတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ကျွန်တော်က ဒီအကြောင်းအရာကိုတင်ပြ လိုက်တိုင်း သူကစိတ်တိုနေခဲ့ပါတယ်။

“အဲဒီအကြောင်းကို ကျုပ်တို့ဆွေးနွေးပြီးသားပါ။ အဆိုပြုမယ့်အစီအစဉ်ကိုသာ ကျုပ်ကိုပြစမ်းပါ" လို့သူက ပြောပါတယ်။ ဒါပေမဲ့ ထည့်ပေးဖို့လုံလောက်တဲ့ စတော့ တွေမရှိဘဲ စတော့အထူးဝယ်ယူခွင့်အစီအစဉ်တစ်ခုကို ကျွန်တော်လုပ် လို့ မရပါဘူး။

တစ်ညမှာတော့ " Steve က စိတ်မပြောင်းဘဲငြင်းနေရင် သူ့ကိုရွေ့အောင်လုပ်ဖို့ ခက်တယ်။ အချိန်အများစုမှာ ငါတို့ သဘောထားချင်း တိုက်ဆိုင်ကြတယ်။ ဒါပေမဲ့ ဒီကိစ္စမှာတော့ အဲဒီလိုမဖြစ်ဘူး။ ဒီကိစ္စမှာ ငါလုပ်နိုင်တာ ဘာမှမရှိသလောက် ပဲ" လို့ ကျွန်တော့်ရဲ့ဇနီး Hillary ကို ကျွန်တော်ညည်းတွားပြောမိပါတယ်။

"ရှင်အားလုံးကိုကြိုးစားကြည့်ပြီး ပြီဆိုရင် တခြားဘာလုပ်လို့ရဦးမှာလဲ။ ဒါက သူ့ ကုမ္ပဏီလေ" လို့ Hillary က ပြန်ပြောပါ တယ်။

အဲဒီလိုနဲ့ပဲ Berkeley နဲ့ဆန်ဖရန်စစ္စကို ပင်လယ်အော်ကြားမှာကားနဲ့ အကြာကြီး အသွားအပြန်လုပ်ရင်း ကျွန်တော်စိတ်တွေပူခဲ့ပါတယ်။ ဖျော်ဖြေရေးကုမ္ပဏီ တစ်ခု အနေနဲ့ ကျွန်တော်တို့ကို ဘယ်လောက်များ အလေးအနက်ထားမလဲဆိုတာကို ကျွန်တော် စိတ်ပူခဲ့ပါတယ်။ Pixar ကဖန် တီးနေတဲ့နေရာကို Disney ကတောင်း ဆို နေတာနဲ့ပတ်သက်ပြီး ကျွန်တော်စိတ်ပူခဲ့ပါတယ်။ မဟာဗျူဟာ အစီအစဉ်သစ် တစ်ခုက Pixar ရဲ့ယဉ်ကျေးမှု အပေါ်မှာပေးလာမယ့် ဖိအားတွေနဲ့ပတ်သက်ပြီး ကျွန်တော်စိတ်ပူ ခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်တော့်ကို စိတ်အနှောင့်အယှက်အပေးဆုံးကတော့ စတော့အထူး ဝယ်ယူခွင့်ပဲဖြစ်ပါတယ်။ အဲဒီကိစ္စဟာ သာမန်လောက်ပဲလို့ ထင်ရသလောက် Pixar ရဲ့ ကံကြမ္မာဟာ စတော့အထူးဝယ် ယူခွင့်အတွက် ကျွန်တော်တို့ စတော့ တွေ ဘယ်လောက်ထည့်ထားတယ်ဆိုတဲ့ လက်ကျန်အပေါ်မှာ တစ်စိတ်တစ်ပိုင်း မူတည်နေတယ်။ ကျွန်တော်ယုံကြည်ပါတယ်။ နည်းလွန်းအားကြီးရင် Pixar ရဲ့ အဓိကဝန်ထမ်းတွေဟာ Pixar ကိုတည် ဆောက်ထားခဲ့တဲ့ ယဉ်ကျေးမှုကို ဖျက် ဆီးပြီး ထာဝရတညည်း ညည်းတညူညူ ဖြစ်သွားနိုင်ပါတယ်။ Steve ဆီက နောက်ထပ်ဘာတွေညှစ်ထုတ်လို့ရဦးမယ်ဆိုတာကို ကျွန်တော်မသေချာပါဘူး။ ဒါပေမဲ့ Steve ရဲ့နာမည်ကြီးတဲ့ဒေါသကို ထွက်ပေါ်စေမယ်ဆိုရင်တောင် နောက် ဆုံးပြောင်းလဲမှုတစ်ခုကို ကျွန်တော်ကြိုးစား ကြည့်ဖို့တော့ လိုအပ်ပါတယ်။ တစ်ညမှာတော့ ကျွန်တော်ဖုန်းကိုကိုင်ပြီး သူ့ကိုခေါ်လိုက်ပါတယ်။

"ကျွန်တော်တို့ စတော့အထူးဝယ်ယူခွင့်တွေ ထပ်ထည့်ပေးရမယ်" လို့ ကျွန်တော် က အပြတ်ပဲပြော လိုက်ပါတယ်။ "အခုကျွန်တော်တို့ခွဲပေးထားတဲ့ ပမာဏနဲ့ ကျွန်တော်တို့ လုပ်လို့မရဘူး။ ဒီလောက်နဲ့ မလုံ လောက်ဘူး။ ရာခိုင်နှုန်း နည်း နည်း လောက်ထပ်ထည့်ပြီး ကြိုးစားကြည့်နိုင်သေးတယ်။ အဲဒီလောက်ဆိုရင် ကုမ္ပဏီကိုအများ ပိုင်လုပ်ပြီးရင်တောင်မှကုမ္ပဏီကိုခင်ဗျားအနေနဲ့ ချုပ်ကိုင် ထားနိုင်မယ့်အခွင့်အရေးရှိပါသေး တယ်" လို့လည်း ဆက်ပြောလိုက်ပါ တယ်။

"ဒီအကြောင်းကို ကျုပ်ထပ်မပြောချင်တော့ဘူးလို့ ပြောထားပြီးပြီလေ" လို့ Steve က ပြန်ပြော ပါတယ်။ သူကကျွန်တော် ပြောတာကိုပယ်ချဖို့ နည်းနည်းကလေးပဲ လိုပါတော့တယ်။ ကျွန်တော်ကချက်ချင်းပဲ ကိန်းကဏန်းတစ်ခုကို အကြံပြုလိုက် ပါတယ်။ အဲဒီပမာဏဟာ သူလိုက်လျောနိုင်လောက်လိမ့်လို့ ကျွန်တော်စဉ်းစား လို့ရသလောက်ပါပဲ။

"အဲဒီလောက်ဆိုရင်ရပြီလား။ အဲဒီစတော့ အထူးဝယ်ယူခွင့်နဲ့တော်တော်ကြာ ဆက်သွားဖို့လုံလောက်ပြီ လား" လို့ Steve က လုံးဝစိတ်မရှည်တော့တဲ့လေသံနဲ့ ပြောပါတယ်။

အဲဒီလောက်နဲ့ ရှေ့ဆက်သွားဖို့လုံလောက်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒီပမာဏဟာ လောလော ဆယ်လောက်ပဲ အလုပ်ဖြစ်မှာပါ။

“လုံလောက်ပါတယ်။ အဲဒီလောက်နဲ့ ကျွန်တော်တို့အလုပ်ဖြစ်မှာပါ" လို့မရေရာတဲ့ ယုံကြည်မှုနဲ့ ကျွန်တော်ကပြန်ပြောလိုက်ပါတယ်။

"ဒါဆိုရင်လည်း အဲဒီအကြောင်းကို ကျုပ်ထပ်ပြီး မကြားချင်တော့ဘူးဗျာ" လို့ Steve ကပြောပြီး စကားကိုဖြတ်သွားပါတယ်။

သက်ပြင်းရှည်ကြီးတစ်ချက်ကို ကျွန်တော်ချလိုက်ပါတယ်။ နောက်ဆုံးတော့ ကျွန်တော့်အတွက် ခြေကုတ်ယူစရာကလေး တစ်ခုကို အမှန်တကယ်ရလိုက်ပါပြီ။ ဒီစတော့ အထူးဝယ်ယူခွင့် အစီအစဉ်ဟာ Pixar ရှေ့ကို တိုးသွားဖို့အတွက် အဓိက ကျလှပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ရှယ်ယာတွေရဲ့တန်ဖိုးဟာ ဘယ်တုန်းကနဲ့မှ မတူအောင်မြင့်တက်နေပါပြီ။ ဒီစတော့ အထူးဝယ်ယူခွင့် တွေ ဟာ တစ်နေ့မှာ တန်ဖိုး အများကြီးရှိနေဖို့လိုအပ်ပါတယ်။ သေးငယ်တဲ့ အနိုင် ရမှု တစ်ခုလောက်နဲ့တော့ မျှော်လင့်ထားသလောက် ကောင်းမှာ မဟုတ်ပါဘူး။ Pixar ဟာ ကြီးမားတဲ့ အောင်မြင်မှုကြီးကို မျှော်မှန်းနေတာဖြစ်ပါတယ်။

ကြီးမားတဲ့ကုန်ပစ္စည်းတွေကို ဖော် ထုတ်နေတဲ့အချိန်ဟာ ပစ္စည်းပေါ်ထွက်လာ ချိန်ထက် အများကြီး ပိုကြာတယ်လို့ တစ်ခါတုန်းက Steve က ကျွန်တော့်ကို ပြောဖူးပါတယ်။ ဘယ်ကပေါ်ထွက်လာမှန်းမသိဘူး လို့ထင်ရတဲ့အရာဟာ ဖော် ထုတ်မှု၊ စမ်းသပ်စစ်ဆေးမှုနဲ့ မှားယွင်းမှုတွေရဲ့ ရှည်လျားတဲ့လုပ်ငန်းစဉ်တစ်ခုကို ဖုံးကွယ်လှည့်စားထားပါတယ်။ အဲဒီဖြစ်ရပ်ကို တစ်စုံတစ်ခုကသက်သေပြခဲ့ရင် အဲဒါဟာ Pixar ပဲဖြစ်ပါတယ်။ Toy Story ကို ဖော်ထုတ်နေချိန်ရဲ့ ဇာစ်မြစ်ကို ခြေရာ ကောက်လိုက်ရင် Lucasfilm ကုမ္ပဏီမှာကွန်ပျူတာ ဂရပ်ဖစ်ဌာနခွဲအဖြစ် Pixar ရှိခဲ့တဲ့လွန်ခဲ့တဲ့ ၁၆ နှစ်ကိုပြန် ရောက်သွားနိုင်ပါတယ်။ အဲဒီကစခဲ့တဲ့ခက်ခဲ ကြမ်းတမ်းတဲ့လမ်းမှာ စိန်ခေါ်မှုတွေဟာပြီး ဆုံးသွားတယ်လို့ မရှိခဲ့ပါဘူး။ အဲဒီလို ဖြစ်ခဲ့ခြင်းက Pixar ကို အထူးတလည် အထင်နဲ့အမြင် တခြားစီဖြစ်အောင် လုပ်ခဲ့ ပါတယ်။ ၁၉၉၅ ခုနှစ်နိုဝင်ဘာလရဲ့ သီတင်းပတ်တစ်ခုမှာ Pixar ရဲ့ အနာဂတ် ကြီးတစ်ခုလုံးဟာ ကိန်းဂဏန်းနှစ်ခုအပေါ်မှာပဲ အားကိုးခဲ့ရပါတယ်။ အဲဒီကိန်း ဂဏန်း နှစ်ခုကတော့ Toy Story ဇာတ်ကားကိုစပြီးရုံတင်တဲ့သီတင်းပတ် အတွက် ရုံဝင်ခလက်မှတ်ရောင်းရငွေနဲ့ Pixar ရဲ့ရှယ်ယာတွေကို ပထမဆုံး ထုတ် ရောင်းတဲ့ရှယ်ယာဈေးနှုန်းပဲဖြစ်ပါတယ်။

ပထမကိန်းဂဏန်းဖြစ်တဲ့ Toy Story ဇာတ်ကားကိုစပြီးရုံတင်တဲ့ သီတင်းပတ်အတွက် လက်မှတ် ရောင်းရငွေက အားလုံးခြုံလိုက်ရင် Toy Story ဟာ ဘယ် လောက် ကောင်း သလဲဆိုတာကို ကျွန်တော် တို့ကိုပြောပါလိမ့်မယ်။ ဒီဇာတ်ကားကို ၁၉၉၅ ခုနှစ်၊ နိုဝင် ဘာလ ၂၂ ရက်၊ ဘုရားသခင်ကျေးဇူး တော်နေ့မတိုင်ခင် ဗုဒ္ဓဟူးနေ့မှာ စပြီးရုံတင်ဖို့ စီစဉ် ထားခဲ့ပြီး ဒီဇာတ်ကား ဟာ ပထမဆုံးရုံတင်တဲ့ သီတင်းပတ်မှာ ကောင်းမွန်တဲ့ ခန့်မှန်းချက် တစ်ခုကို ဖန်တီးလိမ့်မယ်လို့ Disney က ကျွန်တော်တို့ကိုပြောခဲ့ပါတယ်။ တကယ် တော့ ဒီရုပ်ရှင်ဇာတ်ကားရဲ့ အားလုံး ခြုံလိုက်တဲ့ စွမ်းဆောင်မှုဟာ အဲဒီသောကြာနေ့ညလက်မှတ် ရောင်းရငွေ တစ်ခုထဲအပေါ်မှာ အခြေခံသွားခဲ့ပါတယ်။

ဒီလိုဖြစ်ခြင်းက နည်းပညာ တဖြည်းဖြည်းတိုးတက်လာခဲ့တဲ့ အဲဒီနှစ် တွေအားလုံး နဲ့ Toy Story ကို အမှန်တကယ် ဖန်တီးနေခဲ့တဲ့လေးနှစ်တာ ကာလတွေ အားလုံးရဲ့နောက်ပိုင်းမှာ ကမ္ဘာကြီးကသူ့ရဲ့ အလုပ်ကို ဘယ်လိုသဘော ရတယ်ဆိုတာကို နိုဝင်ဘာလ သောကြာနေ့ ည တစ်ညတည်းရဲ့အပေါ်မှာပဲ လေ့လာခဲ့ရပါတယ်။ ဒါဟာ ကျွန်တော့်ကို အိုလံပစ်အား ကစားပြိုင်ပွဲက မီတာတစ်ရာ တာတိုပြေးပွဲကို သွားပြီးသတိရစေပါတယ်။ ကမ္ဘာ့အမြန်ဆုံး အပြေးသမား တစ်ယောက်ဖြစ်လာဖို့ တစ်သက်တာလုံး လေ့ကျင့်မှုကြီးဟာ ဆယ်စက္ကန့် ဆိုတဲ့ စွမ်း ဆောင်မှုတစ်ခုတည်းဆီကိုပဲ ရောက်သွားပါတယ်။ ကမ္ဘာကြီးက Toy Story ကို ချစ်သွားရင် Pixar ဟာ Animation (ရုပ်ပုံဖန်တီး အသက်သွင်း) ဖျော်ဖြေတင်ဆက် မှုခေတ် သစ်ကြီးတစ်ခုမှာ ကဏ္ဍသစ်တစ်ရပ်ဖွင့်ခွင့် ရသွားမှာဖြစ်ပါတယ်။ အဲဒီလို ချစ်မသွားခဲ့ရင် တော့ Pixar ဟာ ကြိုးစားပြီးမအောင်မြင်တဲ့ နောက်ထပ်ကုမ္ပဏီတစ်ခုအဖြစ် ပျက်စီးသွား မှာဖြစ်ပါတယ်။

“ဖွင့်ပွဲမှာ လက်မှတ်ရောင်းရငွေ ဘယ်လောက်ဆိုရင် ခင်ဗျားတကယ် စိတ်ချမ်းသာမှာလဲ" လို့ စနေနေ့ နေ့လယ်ခင်းတစ်ခုမှာ Paloalto မြို့ထဲမှာ ကျွန်တော်တို့ လမ်းလျှောက်ပြီး စကားပြောရင်း Steve က ကျွန်တော့်ကိုမေးခဲ့ပါတယ်။

“ဆယ်သန်းအထက် ဘယ်လောက်ဖြစ်ဖြစ်ပေါ့။ ရှစ်သန်းဆိုရင်တောင် ကျွန်တော်တို့ အဆင်ပြေပါ တယ်" လို့ ကျွန်တော်ကပြောလိုက်ပါတယ်။

“ကျုပ်မှန်းတာက ၁၅ သန်းဗျ။ ၁၅ သန်းကနေသန်း ၂၀ အထိသာ ကျုပ်တို့ရရင် ပြည်တွင်းရုံ ဝင်ခရငွေစုစုပေါင်းကို သန်းတစ်ရာကျော်အထိ သူတို့ခန့်မှန်းကြလိမ့်မယ်။ ဒီလိုဆိုရင် Pixar ရောက်လာတာကို ဘယ်သူမှမေးခွန်းထုတ်တော့မှာ မဟုတ်ဘူး" လို့ Steve ကပြောပါ တယ်။

ဒါဟာ ဒီတူညီတဲ့ဆွေးနွေးမှုကိုပဲ ဖန်တစ်ရာတေအောင် ဆွေးနွေးခဲ့တဲ့အကြိမ် တွေထဲက တစ်ကြိမ်သာဖြစ်ပါတယ်။ Pixar ရဲ့ ရုံဝင်ခရမယ့် ငွေအလားအလာနဲ့ အဲဒါဟာ ဘာ အဓိပ္ပာယ်လဲဆိုတာကို ခန့်မှန်းရတာကို ကျွန်တော်တို့ သဘောကျပါတယ်။ ပြည်တွင်း ရုံဝင် ခရငွေ၊ တစ်နည်းအားဖြင့် မြောက်အမေရိကမှာ Toy Story အတွက် ရုံဝင်ခရငွေ စုစုပေါင်း ဒေါ်လာသန်းတစ်ရာ ဆိုတာဟာ တကယ်ကို သဘောကျစရာကောင်းမှာ ဖြစ်ပါတယ်။ အဲဒီ ပမာဏဟာ ရုပ်ရှင် လောကမှာ အံ့ဖွယ်သရဲဂဏန်းဖြစ်ပြီး ရဖို့အလွန် ခက်ခဲလှပါတယ်။ အထူးသဖြင့် Animation မှာဆိုရင် ပိုပြီးတော့တောင် ခက်ခဲပါတယ်။ ရုပ်ရှင်လောက တစ်ခု လုံးမှာ Animation ရုပ်ရှင်ဇာတ်ကားလေးကားပဲ ပြည်တွင်းလက်မှတ်ရောင်းရငွေ ဒေါ်လာ သန်းတစ်ရာကျော်ခဲ့ပါတယ်။ အဲဒီဇာတ်ကားတွေကတော့ Beauty and the Beast ၊ Aladdin ၊ The Lion King နဲ့ Pocahontas တွေဖြစ်ကြပြီး အားလုံးကို Disney က ထုတ် လုပ်ခဲ့တာဖြစ်ပါတယ်။

ဝက်ဝက်ကွဲအောင် လူကြိုက်များတဲ့ Disney ရဲ့ဒီဇာတ်ကားလေးကားကို ဖယ်လိုက်ရင် လွန်ခဲ့တဲ့ငါးနှစ်အတွင်း အဓိကစတူဒီယိုကြီးတွေ၊ ဒါမှမဟုတ် လူသိများတဲ့ ကုမ္ပဏီတွေက ထုတ်လုပ်ခဲ့တဲ့ Animation ဇာတ်ကားပေါင်း ၁၇ ကားရဲ့ ပြည်တွင်းမှာရခဲ့တဲ့ ပျမ်းမျှ ဝင်ငွေ ဟာ ဒေါ်လာ ၁၄ သန်း ပြည့်ဖို့ နည်းနည်းတောင် လို နေပါသေးတယ်။ အဲဒါဟာ ပြည်တွင်း မှာ ရခဲ့တဲ့ စုစုပေါင်းဝင်ငွေဖြစ်ပါတယ်။ ပထမသီတင်းပတ်မှာရတဲ့ ဝင်ငွေမဟုတ်ပါဘူး။ Animation မှာဆိုရင် Disney ဟာ ဒီမြို့ထဲမှာ သက်တမ်းနှစ် ပေါင်း ၅၀ ကျော်လာခဲ့တဲ့ တစ်ခုတည်းသော လုပ်ငန်းကြီး ဖြစ်ပါတယ်။

အဲဒါကိုကျွန်တော်တို့ ဘယ်လိုပဲတွက်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ တွက်ချက်မှုဟာ ကောင်းကင်ကို ရောက်နေပါတယ်။ Pixar ရဲ့အနာဂတ်ကို သတ်မှတ်ပေးမယ့် ဒုတိယ ကိန်းဂဏန်းကတော့ အများပိုင်ကုမ္ပဏီတစ်ခုအနေနဲ့ ပထမဆုံး အရောင်း အဝယ်လုပ်မယ့် Pixar ရဲ့စတော့ဈေးနှုန်းပဲဖြစ်ပါတယ်။ Pixar ကို အများပိုင်အဖြစ် ရှယ်ယာတွေ စရောင်း မယ့် ပြဿနာတွေ အားလုံးထဲမှာ အများပိုင်အဖြစ် စပြီးလုပ်လိုက်တဲ့အခါ Pixar ရဲ့စတော့ ကို ဘယ်လောက်နဲ့ ရောင်းမလဲ ဆိုတာထက် ပိုပြီးစဉ်းစားခဲ့တဲ့အရာ Steve မှာမရှိခဲ့ပါဘူး။
လက်ရှိရှိနေတဲ့ Pixar ရဲ့ စတော့ရှယ်ယာအရေအတွက် စုစုပေါင်းကို ထည့်စဉ်းစားလိုက် ရင် Pixar ရဲ့စတော့တွေကို ရှယ်ယာတစ်ခုကို ဆယ်ဒေါ်လာနဲ့ အရောင်းအဝယ်လုပ်ရင် Pixar ရဲ့ တန်ဖိုးဟာ ဒေါ်လာသန်း ၃၇၀ ဖြစ်သွားပြီး Steve မှာရှိနေတဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကဒေါ်လာ သန်းသုံးရာဝန်းကျင် ဖြစ်လာပါလိမ့်မယ်။ ရှယ်ယာတစ်ခုကို ဒေါ်လာ ၂၀ နဲ့ အရောင်းအဝယ် လုပ်မယ် ဆိုရင်တော့ Pixar ရဲ့တန်ဖိုးက ဒေါ်လာသန်း ၇၄၀ ရှိ သွားပြီး Steve ရဲ့ဝေစုက ဒေါ်လာသန်းခြောက်ရာ ဝန်းကျင် ဖြစ်သွားပါလိမ့်မယ်။ တစ်နည်း ပြောရရင် အရောင်းအဝယ်စလုပ်တဲ့ ပထမပတ်ကုန်ဆုံးတဲ့အချိန်မှာ Pixar ရဲ့စတော့ ဈေးနှုန်းဟာ Steve ရဲ့ ပြန်ရောက်လာမှုကို အရေးပါစေရုံသာမက အဲဒီအရေးပါမှုကို ကိန်း ဂဏန်းနဲ့ အမှန်တကယ်ပြပါလိမ့်မယ်။

တစ်ညနေမှာ သူနဲ့ဖုန်းပြောရင်း Steve က ကျွန်တော့်ကို "ကျွန်တော်တို့က Netscape ထက်ပိုပြီး တန်ဖိုးရှိပါတယ်။ သူတို့က တစ်နှစ်လောက်ပဲ ရှိသေးပြီး ငွေတွေရှုံးနေတာဗျ။ Pixar ရဲ့ရုပ်ရှင်တွေသာ ပေါက်ခဲ့ရင် ကျွန်တော်တို့က သူတို့ ထက်ပို ပြီးရမှာပါ။ ကျွန်တော် တို့ရဲ့တန်ဖိုးက ပိုများသွားမှာ" လို့ပြောပါတယ်။

ဩဂုတ်လ ၉ ရက်မှာ စတော့တွေကို စပြီးအရောင်းအဝယ်လုပ်တဲ့အခါ Netscape ကို ဒေါ်လာ တစ်ဘီလီယံထက် နည်းနည်းပိုပြီး တန်ဖိုးသင့်ထားခဲ့ ပါတယ်။ အဲဒီနေ့ကုန်ဆုံး သွားတဲ့အခါ Netscape ရဲ့တန်ဖိုး ဟာ ဒေါ်လာနှစ် ဘီလီယံ ကျော်ဖြစ်သွားပါတယ်။ ကျွန်တော့်ရဲ့စိတ်ထဲမှာတော့ ဘယ်ကိန်းဂဏန်း တွက်နည်းကမှ Pixar ကို တန်ဖိုးဒေါ်လာ နှစ် ဘီလီယံဖြစ်အောင် လုပ်ပေးနိုင်မယ်လို့ မထင်ပါဘူး။

"ဒါဟာ ဧရာမစွန့်စားမှုကြီးပါ။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ IPO (စတော့ စတင်ထုတ် ရောင်းမှု) ကို နှစ်ပေါင်းများစွာအတွင်းမှာ IPO ရုတ်ရုတ်သဲသဲဖြစ်မှု အကြီးဆုံး ဖြစ်ခဲ့တဲ့ Netscape ရဲ့ပုံစံကိုယူလိုက်ရင် ကျွန်တော်တို့ဟာ အားလုံးကို ထိုးနှက်ကောင်း ထိုးနှက်နိုင် ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ တာထွက်မှာ ရင်းနှီး မြှုပ်နှံသူတွေကို ပျော်ရွှင်စေပြီး၊ စတော့ တွေကိုလည်း အရှိန်ရအောင် တည်ဆောက်ခွင့်ပေးပြီး အဆင်ပြေသွားမှာပါ" လို့ ကျွန်တော် က ပြန်ပြောလိုက်ပါတယ်။

နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံသူ ဘဏ်လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ရသွားကြပါတယ်။ Pixar ရဲ့စတော့တွေဟာ တစ်ဆယ်ကျော်ရဲ့ အထက်နားမှာ အမြန်တန်းသွားပြီး Pixar ကို ဒေါ်လာသန်း ခုနစ်ရာ ဝန်းကျင်တန်ဖိုးတစ်ခု ပေးနိုင်တယ်လို့ သူတို့ကယူဆခဲ့ကြပါတယ်။ အစပိုင်းဈေးကို ရှယ်ယာတစ်ခုကို ၁၂ ဒေါ်လာ က ၁၄ ဒေါ်လာအထိ သူတို့က ဖြစ်စေချင်ပါတယ်။ အဲဒါဟာ Pixar ရဲ့တန်ဖိုးကို ဒေါ်လာ သန်းငါးရာ ဝန်းကျင် ရှိစေတဲ့ အဆိုပြုချက်ဖြစ်ပြီး အဲဒီပမာဏဟာ အကြီးအကျယ်သိက္ခာမြင့် တက်စေ တဲ့ ပမာဏဖြစ်ပါတယ်။ ဒါပေမဲ့ Steve က သဘောတူဖို့တော့ လိုပါတယ်။

“SEC (ရင်းနှီးမြှုပ်နှံမှုစာချုပ် စာတမ်းရောင်းဝယ်ရေးကော်မရှင်) ကိုတင်ပြတဲ့အခါ ၁၂ ဒေါ်လာက ၁၄ ဒေါ်လာအထိနဲ့ ကျွန်တော်တို့စလိုက်ရင်၊ ပြီးတော့ မိတ်ဆက်ပွဲလုပ်ပေးမှု ကလည်း အဆင်ပြေ နေတယ်ဆိုရင် ကျွန်တော်တို့ အဲဒါကို Netscape လုပ်သလို နှစ်ဆ ဖြစ်အောင်လုပ် နိုင်ပါတယ်။ အဲဒီလိုနှစ်ဆ ဖြစ် အောင် လုပ်လိုက်ရင် Pixar ရဲ့တန်ဖိုးဟာ ဒေါ်လာတစ် ဘီလီယံဖြစ် သွားလိမ့် မယ်။ ကျွန်တော်တို့မှာ ကြိုးပမ်းမှု တစ်ခုရှိပါလိမ့်မယ်။ ဒါပေမဲ့ ရှေးရိုးဆန်တဲ့ နည်းနဲ့ စလိုက်ပြီး ဈေးကွက်ကို ဆုံးဖြတ်ခိုင်းလိုက်ရင် ကျွန်တော်တို့မှာ စွန့် စားမှု က အများကြီးပိုနည်းပါလိမ့်မယ်။ ဘဏ်လုပ်ငန်းရှင်တွေ အားလုံးက သဘောတူ လက်ခံကြပါတယ်။ ကျွန်တော်လည်း သဘောတူပါတယ်" လို့ ကျွန်တော်ကသူ့ကိုပြောလိုက် ပါတယ်။

“ကျွန်တော်စဉ်းစားဦးမယ်" လို့ Steve ကပြောပါတယ်။

နှစ်နာရီကြာတဲ့အခါ သူက ကျွန်တော့်ကို ဖုန်းပြန်ခေါ်ပါတယ်။

“အဲဒီအတိုင်း ကျုပ်တို့လုပ်ကြမယ်ဗျာ။ ကျုပ်တို့ မိတ်ဆက်ပွဲလုပ်ပေးပြီးတဲ့အခါ စိတ်ဝင်စား မှုတွေ အများကြီးရလာမှာဖြစ်လို့ အဖွင့်ဈေးနှုန်းကိုနှစ်ဆဖြစ်အောင် လုပ်ပါလိမ့်မယ်" လို့ သူကပြောပါတယ်။

သက်ပြင်းရှည်ကြီးကို ကျွန်တော်ချမိပါတယ်။ ကျွန်တော်တို့စလုပ်ရမယ့် နေရာကို ရောက်နေ ပါပြီ။

နိုဝင်ဘာ ၂၅ ရက် စနေနေ့မနက်ခင်းမှာ ကျွန်တော်လုပ်နိုင်တာဆိုလို့ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေတာပဲရှိပါတယ်။ သောကြာနေ့ညက Toy Story ရဲ့ အခြေအနေ ဘယ်လောက်ကောင်းခဲ့သလဲ ဆိုတာကို ကျွန်တော်တို့သိနိုင်ဖို့ အတွက် ဖုန်းခေါ်ဆိုမှုတွေ တစ်သီကြီးကို ကျွန်တော်တို့စီစဉ်ထားပါတယ်။ Sarah Staff ဆီက ဖုန်းခေါ်တာကို ကျွန်တော်ရခဲ့ပါတယ်။ သူ့ကို Pixar ရဲ့ လက်မှတ် ရောင်းချမှုနဲ့ဆိုင်တဲ့ သတင်းအချက် အလက် အရင်းအမြစ်အတွက် တာဝန်ပေး ထားတာဖြစ်ပါတယ်။

“ရှင်တို့ ဘယ်တော့ကြားရမှာလဲ" လို့ Hillary ကမေးပါတယ်။

“သူတို့ကတော့ မနက် ၁၀ နာရီဝန်းကျင်လောက်လို့ ပြောတာပဲ" လို့ ကျွန်တော်ကပြန်ဖြေ လိုက်ပါတယ်။

အချိန်က ၁၀ နာရီခွဲခါနီးနေပါပြီ။ Toy Story ရဲ့ အဖွင့် ပထမပတ်လက်မှတ် ရောင်း ရငွေ ဖြစ်တဲ့ ပထမဆုံး အံ့ဖွယ်သရဲဂဏန်းကို ကျွန်တော် သိရမယ့်အချိန်ကို ရောက်ဖို့ အချိန်နည်း နည်းကလေးပဲ လို တော့ပါတယ်။ ဒေါ်လာဆယ်သန်းရမှာပဲလို့ ကျွန်တော့်ကိုယ်ကျွန်တော် သတိပေးနေပါတယ်။ ဒါပေမဲ့ ၁၅ သန်းနား ရောက်သွားရင် တော့ သိပ်ကောင်းသွားမှာ အမှန်ပါပဲ။

“ကျွန်မစိတ်တွေ လှုပ်ရှားနေပြီ" လို့ Hillary ကပြောပါတယ်။

မိနစ် ၂၀ ကြာသွားတဲ့အခါ တယ်လီဖုန်းမြည်လာပါတယ်။ ကျွန်တော်က ဖုန်းကို ထူးဖို့အမြန် သွားပါတယ်။

“ဟုတ်ပြီ။ ဟုတ်ပြီ။ ကျွန်တော်သိပါပြီ။ ရပါပြီ။ ကျေးဇူးပါပဲ။ အသေးစိတ်ကလေး တွေလည်း ကျွန်တော် သိချင်ပါတယ်။ ခင်ဗျားဆီမှာ ကျွန်တော့် Fax နံပါတ်ရှိပါ တယ်။ ကျေးဇူးပါဗျာ"

ကျွန်တော် ဖုန်းကိုပြန်ချရင်း ကျွန်တော့်ကိုပြောသွားတဲ့ဟာတွေကို မှတ်ထားဖို့ ကြိုးစားလိုက် ပါတယ်။

“ဘယ်လိုတဲ့လဲ" Hillary က မစောင့်နိုင်တော့ဘဲ မေးပါတယ်။

“အများကြီးပဲ။ အများကြီးပဲ။ အဲဒါကိုဖြစ်နိုင်တယ်လို့တောင် သူတို့ကမယုံကြဘူး။ တစ်ပတ် စာ ရောင်းရငွေက ဒေါ်လာသန်း ၃ဝနားကိုကပ်သွားပြီလို့ Disney က ခန့်မှန်းထားတယ်။ သောကြာနေ့ည တစ်ညတည်းရဲ့ ရောင်းရငွေကိုက ဒေါ်လာ ၁၁ သန်းခွဲနားကို ကပ်သွား တယ်တဲ့"။

“ဟုတ်ပြီကွ" Hillary ကအော်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့လက်ဝါးချင်း ရိုက်လိုက် ကြပါတယ်။

“ဒေါ်လာသန်း ၃၀။ ဒီထက်တောင်များသေးတယ်။ ပရိသတ်တွေက ရုံတွေလျှံ ထွက် နေ တယ်။ ဒီဇာတ်ကားဟာ အကြီးအကျယ်အောင်မြင်မှာပဲလို့ Disney ကယူဆနေတယ်။ ဒီဇာတ်ကားဟာ ဒေါ် လာသန်းတစ်ရာကျော်သွားလိမ့်မယ်။ သန်း ၁၅၀ လည်း ကျော် ချင်ကျော်သွားလိမ့်မယ်" လို့ ကျွန်တော်က ဆက်ပြောပါတယ်။

“နောက်ထပ် ငါးမိနစ်ကြာတဲ့အခါ နောက်တစ်ခါ တယ်လီဖုန်းမြည်လာပါတယ်။ အဲဒါ ကတော့ Steve ဖြစ်ပါတယ်။

“အံ့ဩစရာပဲဗျို့" လို့ စိတ်တွေ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့အသံနဲ့ သူကစ ပြောပါတယ် " Disney မားကက်တင်းဌာန ကို ကျွန်တော် လှမ်းပြောပြီးပြီ။ John (Lasseter) ကိုလည်း ကျွန်တော်ပြောပြီးပြီ။ (Michael) Eisner ကိုလည်း ကျွန်တော် ပြောပြီးပြီ။ တော်တော့်ကို များတာဗျ။ ဒါဟာ ဒီနှစ်ထဲမှာ ဝင်ငွေ အကောင်း ဆုံး ရုပ်ရှင်ဇာတ် ကားဖြစ်နိုင်တယ် လို့တောင် သူတို့ကယူဆ နေကြတယ်"။

“ဒီနှစ်ရဲ့ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ကားက ပြည်တွင်းရုံဝင်ခရငွေပေါင်းဒေါ် လာ ၁၈၄ သန်းနဲ့ Batman Forever ဇာတ်ကားဖြစ်ခဲ့ပြီးပါပြီ။ ဒုတိယဇာတ်ကားက ဝင်ငွေဒေါ်လာ ၁၇၂ သန်းရခဲ့တဲ့ Apollo 13 ဇာတ်ကားဖြစ်ပါတယ်။ အဲဒီနယ် နိမိတ်ထဲကို ကျွန်တော်တို့ ရောက်သွားနိုင်တယ်လို့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။

“ခင်ဗျား တကယ်ပြောတာလား" လို့ ကျွန်တော်ကပြောလိုက်ပါတယ်။ ဒေါ်လာ သန်းနှစ်ရာ အထိ ဖြစ်သွားမယ်လို့ ကျွန်တော်ကဆိုလိုတာပါ။

“ဖြစ်နိုင်တာပေါ့။ ကျုပ်တို့လုပ်ခဲ့ပြီဗျ။ အဲဒါကို ကျုပ်တို့လုပ်နိုင်ခဲ့ပြီ" လို့ Steve က ပြန်ပြော လိုက်ပါတယ်။

၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်မှာ Pixar ရဲ့ရှယ်ယာတွေကို ရှယ်ယာတစ်ခုကို ၂၂ ဒေါ်လာနဲ့ အများပြည်သူကို စပြီးထုတ်ရောင်းခဲ့ပါတယ်။ ဈေးပိတ်တဲ့အချိန်မှာ ရှယ်ယာ တစ်ခုကို ၃၉ ဒေါ်လာ ဖြစ်သွားခဲ့တဲ့အတွက် ဒီကုမ္ပဏီသစ်ရဲ့တန်ဖိုးဟာ ဒေါ်လာ ၁.၅ ဘီလီယံဖြစ်သွားခဲ့ပါတယ်။ ဒေါ်လာသန်း ၃၀ လောက်အကုန် အကျခံပြီး ဖန်တီးခဲ့တဲ့ Toy Story ဇာတ်ကားဟာ တစ်ကမ္ဘာလုံးမှာ ရုံဝင်ခငွေ ပေါင်း ဒေါ်လာ ၃၆၅ သန်းရခဲ့ပါတယ်။

ဇာတ်လိုက်ကျော် Woody ၏ တွဲဖက်သရုပ်ဆောင်ဖြစ်ပြီး To Infinity and Beyond ဆိုသည့် စကားလုံးဖြင့် ရေပန်းစားသွားသည့် အာကာသသူရဲကောင်း Buzz Lightyear က Toy Story နှင့် Pixar ကို ဧရာမအောင်မြင်မှုကြီးဖြစ်အောင် ဖန်တီးရာတွင် ကူညီပေး ခဲ့သည်။

ရေးသူ - အောင်ဇော် (မဟာဝိဇ္ဇာ)

Ref: How Steve Jobs became a Billionaire by Lawrence Levy,Fortune

Credit: B2B Myanmar Facebook Page


Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again