မန်နေဂျာများအတွက် ဆွန်ဇူးရဲ့ စစ်ဆင်ရေးပညာ “အခြေအနေကို အကဲခတ်ခန့်မှန်းပါ”

မန်နေဂျာများအတွက် ဆွန်ဇူးရဲ့ စစ်ဆင်ရေးပညာ “အခြေအနေကို အကဲခတ်ခန့်မှန်းပါ”
''ရန်သူဟာ အနားမှာရောက်နေပြီး ငြိမ်နေတယ်ဆိုရင် သူဟာစိတ်ချရတဲ့၊ သူ့အတွက် အသာစီးရနိုင်တဲ့ နေရာအနေအထားတစ်ရပ်ကို ရရှိထားတယ်ဆိုတဲ့အချက်ကို ခန့်မှန်းအကဲခတ်ကြည့်လို့ရတယ်။ အဝေးကနေပြီး စိန်ခေါ်နေပြီဆိုရင်တော့ ရန်သူဟာ သင့်ကိုရှေ့တိုးလာဖို့ မြူဆွယ်နေတာဖြစ်တယ်။ ရန်သူဟာ အေးအေးဆေးဆေးဖြစ်နေရင် သူဟာအသာစီးအနေအထားမှာရှိနေလို့ပဲ။ သစ်ပင်တွေ လှုပ်ရမ်းနေတာတွေ့နေရတယ်ဆိုရင် ရန်သူဟာ ရှေ့ကိုတိုးပြီး ချီတက်လာနေတာကိုပြတယ်။ သစ်ပင်ကြီးတွေ အောက်မှာရှိတဲ့ ခြုံပုတ်တွေမှာ အကာအရံလေးတွေ လုပ်ထားတယ်ဆိုရင်တော့ ဒါဟာ လှည့်စားဖို့ လုပ်ထားတာပါပဲ။ ငှက်တွေ ထပြန်သွားကြတယ်ဆိုရင်တော့ ခြုံခိုကြားဖြတ်တိုက်ကြမယ့် အလားအလာရှိတယ်။ တောရိုင်းတိရစ္ဆာန်တွေ အထိတ်တလန့်ဖြစ်နေကြပြီဆိုရင် ရန်သူဟာ ရုတ်တရက်တိုက်ခိုက်လာနိုင်တဲ့ အဓိပ္ပာယ်ဖြစ်တယ်။

ဖုန်တွေဟာအထက်ကို တိုင်လုံးလိုတည့်တည့် ထိုးတက်သွားတာတွေ့ရရင် စစ်ရထားတွေ လာနေပြီဆိုတာပြတယ်။ ဖုန်တွေဟာ အဲဒီလိုအထက်ကို တိုင်လုံးလိုတိုးတက်သွားတာမဟုတ်ဘဲ နေရာကျဲကျဲမှာ ခပ်နိမ့်နိမ့်လေး ထလာနေတယ်ဆိုရင် ရန်သူရဲ့ ခြေလျင်ကြည်းတပ် ချဉ်းကပ်လာနေပြီ ဆိုတာပြတယ်။ ဟိုဟိုသည်သည် နေရာအနှံ့ဖြန့်ကျက်သွားကြတာဆိုရင် မီးမွှေးဖို့ အဖွဲ့လိုက် ထင်းရှာထွက်ကြတာလို့ ပြောနိုင်တယ်။ ဖုန်တွေဟိုနေရာမှာ ထလိုက် ဒီနေရာမှာ ထလိုက်ဖြစ်နေတာတွေ့ရရင်တော့ ရန်သူ့တပ်ဟာ စခန်းချဖို့လုပ်နေတာဖြစ်နိုင်တယ်။

ရန်သူရဲ့ကိုယ်စားလှယ်ဟာ မိမိတို့ဆီလာပြီး ကျိုးကျိုးနွံနွံ အောက်ကျခံပြီးလာပြောဆိုနေပါရဲ့။ ဒါပေမယ့် သူ့တပ်ကစစ်ရေးပြင်ဆင်မှုတွေ ဆက်လုပ်နေတယ်ဆိုရင် ဒီရန်သူ့တပ်ဟာ မိမိတို့ဆီကို ချီတက်လာတော့မှာဖြစ်တယ်။ ရန်သူရဲ့စကား အသုံးအနှုန်းကခက်ထန်မာကြောကာ ရှေ့ကိုချီတက်လာတဲ့ အပြုအမူမျိုးတည်ထောင် လုပ်ပြနေတယ်ဆိုရင် ဒါဟာ သူတို့နောက်ဆုတ်ခွာတော့မယ့် သဘောဖြစ်တယ်။ စစ်ရထားအပေါစားတွေ ပထမဦးဆုံးထွက်လာကာ ဘယ်ညာဖြန့်ကျက်နေရာယူကြရင် ဒါဟာတိုက်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်တယ်။ ရန်သူဟာ ကျဉ်းထဲကြပ်ထဲမရောက်သေးပါဘဲလျက် အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုလာတယ်ဆိုရင် ဒါဟာအကောက်ကြံဖို့ ရည်ရွယ်ချက်ရှိတယ်။ ရန်သူစစ်သားများဟာ အလျင်အမြန် ချီတက်ကြကာ ညီညီညာညာစစ်ရေးပြချီတက်သွား ကြတယ်ဆိုရင်သတ်မှတ်တဲ့နေ့မှာ စစ်ပွဲဆင်နွှဲဖို့ ရည်ရွယ်ထားတာကို ပြတာဖြစ်တယ်။ အဲဒီတပ်တွေထဲက ထက်ဝက်ကချီတက်သွားကြကာ ကျန် တဲ့ထက်ဝက်ကျနောက်ဆုတ်သွားတယ်ဆိုရင် ဒါဟာ မိမိတို့ကို ရန်သူကအကြံနဲ့များခေါ်နေခြင်း ဖြစ်တယ်။

ရန်သူစစ်သားတွေဟာ သူတို့ရဲ့လက်နက်တွေကို တုတ်ကိုင်ရင်းအားပြုနေတာဆိုရင် အစာရေစာပြတ်လပ်နေလို့ဖြစ်တယ်။ (အားနည်းနေတော့ သေနတ်ကိုပဲ အားပြုနေရတာပါ) ရေသွားခပ်တဲ့ စစ်သားတွေက ရေယူမလာခင် အဲဒီနေရာမှာပဲ ရေကိုအရင် သောက်နေတယ်ဆိုရင် ကျန်တဲ့စစ်သားတွေလည်း ရေငတ်နေကြတဲ့အဓိပ္ပာယ်ပါပဲ။ ရန်သူဟာ မိမိတို့အတွက် အကျိုးရှိမယ်။ အခွင့်အလမ်းတစ်ရပ်ကိုတွေ့ရပေမယ့် ရှေ့ကိုချီတက်တိုက်ခိုက်ခြင်း မပြုဘူးဆိုရင် သူတို့ဟာ ပင်ပန်းနွမ်းနယ်နေပြီလို့ပြောလို့ရတယ်။

စခန်းချမယ့်နေရာမှာ ငှက်တွေ စုံစုံလင်လင်ရှိနေတယ်ဆိုရင် အဲဒီစခန်းကို မသိမ်းပိုက်လိုက်ရသေးတာကို ပြတယ်။ ရန်သူ့စခန်းမှာ ဆူညံဆူညံဖြစ်နေတယ်ဆိုရင် စစ်သားတွေ ဂဏှာမငြိမ်ဖြစ်နေတာပါပဲ။ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်ဆိုရင်တော့ ရန်သူရဲ့ ဗိုလ်ချုပ်ဟာ သြဇာအာဏာနည်းပါးနေတာကိုပြတယ်။

အလံတွေ တံခွန်တွေ ဟိုရွှေ့သည်ရွှေ့ရွှေ့နေတာဖြစ်ရရင် တပ်တွင်းမှာ အမိန့်မနာခံမှုတွေဖြစ်နေတာကိုပြတယ်။ အရာရှိတွေ ဒေါသဖြစ်နေကြတယ်ဆိုရင် တပ်သားတွေဟာ စိတ်ပင်ပန်းနေကြတာကိုပြတယ်။ ရန်သူဟာမြစ်တွေကို ဂျုံအသီးအနှံမရှိတာတွေကို ကြွေးပစ်တယ်။ ဝန်တင်တဲ့တိရစ္ဆာန်တွေကို သတ်စားကြတယ်။ ပြီးတော့ ရေခပ်ဖို့၊ ရေထည့်သောက်ဖို့ သုံးရတဲ့ အိုးခွက်တွေကို အထုပ်နဲ့ ထုပ်တယ်။ အဲဒီလိုလုပ်နေတာတွေ့ရင် ရန်သူဟာသူစခန်းကို ဘယ်တော့မှ ပြန်မလာတော့ဘဲသေတဲ့အထိ စစ်တိုက်သွားဖို့ ဆုံးဖြတ်ထားတယ်ဆိုတာပြပါတယ်။

ရန်သူရဲ့ ဗိုလ်ချုပ်ဟာ သူ့လက်အောက်ခံတပ်သားတွေကို ပျော့ပျော့ပြောင်းပြောင်းနဲ့ ကျိုးကျိုးနွံနွံပြောဆိုနေပြီဆိုရင် ဒါဟာ တပ်သားတွေရဲ့ ထောက်ခံမှုကို မရတော့ဘူးဆိုတာသိနိုင်တယ်။ တပ်သားတွေကို မကြာခဏ အားပေးအားမြောက်လုပ်နေရင် အဲဒီဗိုလ်ချုပ်မှာ တခြားဘာမှမကြုံတတ် မလုပ်တတ်တော့လို့ဖြစ်တယ်။ မကြာခဏအပြစ်တင်ခြင်း ဒဏ်ပေးခြင်းတွေလုပ်နေရရင်တော့ ဒီဗိုလ်ချုပ်ဟာ အတော်ကြီးကို စိတ်ပျက်လက်ပျက် ဖြစ်နေတာဖြစ်တယ်။

ရန်သူဟာတစ်စုံတစ်ရာနဲ့ပတ်သက်ပြီး ဝမ်းမြောက်ကြောင်း ကိုယ်စားလှယ်ကတစ်ဆင့် ပြောတယ်ဆိုရင် ဒါဟာအပြစ်အခတ်ရပ်စေလိုကြောင်းပြတယ်။

ရန်သူတပ်တွေဟာ ဒေါသကြီးစွာချီတက်လာကာ ဝင်ရောက်တိုက်ခိုက်ခြင်းလည်း မပြု၊ နောက်ကိုလည်း ပြန်မဆုတ်ဘဲ ရှေ့မှာပဲ အကြာကြီးစောင့် ဆိုင်းနေကြတယ်ဆိုရင် ဒါဟာ အင်မတန်သတိထား ရတော့မယ့် အခြေအနေဖြစ်တယ်။ အသေအချာ စေ့စေ့စပ်စပ် စူးစမ်းရမယ့်အခြေအနေလည်းဖြစ်တယ်။

စစ်တိုက်တဲ့အခါ စစ်သားဦးရေများရုံနဲ့ အသာစီးမရနိုင်ဘူး။ မဆင်မခြင်အင်အားသုံးပြီး ချီတက်တိုက်ခိုက်ခြင်း မပြုသင့်ဘူး။ ရန်သူရဲ့ အခြေအနေကို မှန်မှန်ကန်ကန် စိစစ်သုံးသပ်ကာ မိမိရဲ့ စစ်အင်အားကို သိဖို့လိုတယ်။ မိမိတပ်သားတွေရဲ့ အထောက်အကူကိုလည်း ပြည့်ပြည့်၀၀ရဖို့လိုတယ်။ အဲဒီလိုဆိုရင်တော့ ရန်သူကိုအသာစီးရနိုင်ဖို့ လုံလောက်ပါတယ်။ ရှေးကဖြစ်နိုင်တယ်ဆိုတာလည်း ကြိုမမြင်တတ်၊ ရန်သူကိုလည်း အထင်သေးနေမယ်ဆိုရင် ရန်သူရဲ့ဖမ်းဆီးခြင်းကိုခံရဖို့ သေချာတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ စစ်တပ်အရာရှိများဟာ အခြေအနေကို စိစစ်ခန့်မှန်းရာမှာ အောက်ပါအချက်များကို ထည့်သွင်းဆောင်ရွက်ကြပါတယ်။

၁။ အဓိကဦးတည်ရည်ရွယ်ချက် (သက်သက်မှတ်မှတ် တာဝန်ပေးထားတာပဲဖြစ်ဖြစ်၊ လက်တွေ့လုပ်ကိုင် ဆောင်ရွက်နေရတဲ့ ကိစ္စများအရပဲဖြစ်ဖြစ်သိနိုင်တဲ့ အဓိကဦးတည်ရည်ရွယ်ချက်)

၂။ သုံးသပ်ခန့်မှန်းရတဲ့ အခြေအနေနဲ့ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ရမလဲဆိုတဲ့ အချက်တွေ

(က) ဆောင်ရွက်ရမယ့်ကိစ္စများနဲ့ ထိစပ်နေတဲ့ အချက်တွေ (ဥပမာ-စစ်ရေးအရတခြားဆောင်ရွက်နေ ရတာတွေ၊ ပတ်ဝန်းကျင်နဲ့ ရန်သူရဲ့ အခြေအနေစသည်)

(ခ) ပေါ်ပေါက်လာနိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားတဲ့အခက်အခဲတွေ

(၃) လက်တွေ့ဆောင်ရွက်ရတဲ့ ကိစ္စများဆန်းစစ်ကြည့် ခြင်း

(၄) ထိုလုပ်ငန်းများကို နှိုင်းယှဉ်ကြည့်ခြင်း။

(၅) တပ်မှူးရဲ့ အယူအဆနဲ့ ရည်ရွယ်ချက်များပါရှိတဲ့ ဆုံးဖြတ်ချက်
သင့်တပ်ရဲ့ အနေအထားကို အဆုံးအဖြတ်ပေးတဲ့ မေးခွန်းများ-

(၁) လောလောဆယ် ဘယ်လိုအနေအထားမှာ ရှိသလဲ။

(၂) ဘယ်လိုအနေအထားမျိုးကို လိုချင်သလဲ။

(၃) ရန်သူထက်သာအောင် ဘာတွေကို ဘယ်လိုလှုပ်ရှား ဆောင်ရွက်မလဲ။

(၄) အချိန်နဲ့ အရင်းအမြစ်တွေ ဘယ်လောက်လိုသလဲ။

(၅) ကြာရှည်ထိန်းထားနိုင်ပါ့မလား။

(၆) ထွက်ပေါ်လာတဲ့ အကျိုးရလဒ်ဟာ သုံးစွဲကုန်ကျသွားတာတွေနဲ့ တန်ရဲ့လား

ပြိုင်ဘက်(ရန်သူ)ရဲ့ အနေအထားနဲ့ပတ်သက်တဲ့ မေးခွန်းတွေက-

(၁) သူတို့ ဘယ်လိုအနေအထားမှာရှိသလဲ

(၂) အနေအထားကို ပြောင်းလဲဖို့၊ သို့မဟုတ် ပိုခိုင်မာအောင်လုပ်ဖို့ ကြိုးစားနေကြသလား

(၃) ဘယ်လိုအနေအထားမျိုးကို ဦးတည်လုပ်ကိုင်နေကြသလဲ။

(၄) သူတို့အခုလောလောဆယ်ဆယ် လုပ်နေတာတွေ့ အောင်မြင်သွားရင် ကျွနု်ပ်တို့ ကိုယ်ကိုယ်ထိခိုက်လာနိုင်မလဲ။

(၅) မအောင်မြင်ရင် ကျွနု်ပ်တို့ ကိုယ်ကိုယ်ထိခိုက်မလဲ

မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်
အခြေအနေကို အသေအချာ လေ့လာသုံးသပ်ကာ မိမိအမှန်တကယ်အသာစီးရနိုင်တဲ့နေရာကိုပဲ အားစိုက်လုပ်ကိုင်ပါ။

Amazon.com လုပ်ငန်းရဲ့တိုးတက်မှုဟာ တည်ထောင်သူ Jeff Bezos ရဲ့ မိမိလုပ်ငန်းဆက်လက်တည်တံ့နေရေးဆိုတဲ့ ဦးတည်ရည်မှန်းချက်ကြောင့် ဖြစ်ပါတယ်။ သူ့ရဲ့ အွန်လိုင်းစာအုပ်အရောင်းလုပ်ငန်းဟာ ဒေါ်လာ ၈ ဘီလီယံရှိတဲ့ ဈေးကွက်ကြီးဖြစ်တယ်ဆိုတာသိတယ်။ အွန်လိုင်း စာအုပ်အရောင်းလုပ်ငန်းဟာ ဒေါ်လာရှစ်ဘီလီယံရှိတဲ့ ဈေးကွက်ကြီးဖြစ်တယ်ဆိုတာသိတယ်။ အွန်လိုအင်းအရောင်းလုပ်ငန်းရဲ့ အလားအလာကောင်းတွေကို စီစစ်သုံးသပ်ကာ (Seattle) ဒေသမှာ အခြေချလုပ်ကိုင်ခဲ့တာဖြစ်တယ်။

အမေရိကန်စစ်တပ်က ဗိုလ်ချုပ်ကြီး (Paul Cerjan) ကလည်း အထက်မှာဖော်ပြထားသလို အခြေအနေကို ဦးတည်ရည်မှန်းချက်ကအစ အဆင့်ဆင့်ခန့်မှန်း သုံးသပ်ဆောင်ရွက်ခဲ့တာဖြစ်တယ်။

အခြေအနေကို သုံးသပ်ခန့်မှန်းရာမှ အနောက်တိုင်းက မန်နေဂျာများက မြန်ဆန်စွာလုပ်ကိုင်လေ့ရှိလာ အရှေ့တိုင်းက မန်နေဂျာများကတော့ စေ့စေ့စပ်စပ်နဲ့ ရွေ့လျားစွာသုံးသပ်ခန့်မှန်းလေ့ရှိကြပါတယ်။

စီးပွားရေးလုပ်ကိုင်ကြရာမှာလည်း အချင်းချင်းအခြေအနေကို အလွယ်တကူသိနိုင်တဲ့ အချက်တွေရှိကြပါတယ်။ ဒါတွေကို သုံးသပ်ခန့်မှန်းကာဘယ်လိုပြိုင်ဆိုင်သွားမယ်၊ မိမိတို့မှာ အတွေးအားနည်းချက်ရှိနေတယ်ဆိုတာတွေကို သိလာနိုင်တယ်။

လူအချင်းချင်းအခြေအနေကို သုံးသပ်ခန့်မှန်းရာမှာလည်း သက်ဆိုင်ရာလူရဲ့ ကိုယ်နေဟန်ထား၊ ခြေလက်ထားပုံစတာတွေကို ကြည့်ပြီး အကဲခတ်နိုင်တယ်။ လက်ပိုက်ထားရင် အဲဒီလူဟာ ဆန့်ကျင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြခြင်းဖြစ်တယ်။ ရှေ့ကိုနည်းနည်း ကုန်းညွှတ်ပြီး နားစောင်းနေရင်တော့ တဖက်လူပြောတာကို လိုလိုလားလားလက်ခံနေတဲ့ သဘောဖြစ်တယ်။ မျက်မှောင်ကြုံ့နေပြီဆိုရင်တော့ သင့်ရဲ့အဆိုပြုချက်တွေ၊ အကြံဉာဏ်တွေကို ဘေးစွန်းထုတ်ချင်နေတဲ့ သဘောပဲ စီးပွားရေးလောကမှာဆိုရင် ကုမ္ပဏီတွေက ဈေးနှုန်းနဲ့ပတ်သက်ပြီး အပြောင်းအလဲလုပ်တာကို အများသိအောင် ထုတ်ပြန်လိုက်တာဟာ တခြားကုမ္ပဏီတွေ ဈေးနှုန်းမြှင့်စေချင်တဲ့သေဘာဖြစ်တယ်။ တခြားကုမ္ပဏီတွေက ဈေးမမြင့်ရဘူးဆိုရင် အဲဒီကြေညာတဲ့ ကုမ္ပဏီကဈေးလျော့ရောင်း လာနိုင်ပါတယ်။ ပြိုင်ဘက်ကို အထင်မကြီးချင်ပေမယ့် အထင်သေးရင် ဒုက္ခရောက်တတ်ပါတယ်။

ညွှန့်သောင်း
Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again