ရန်သူထက်သာအောင် ကြိုးစားပါ

ရန်သူထက်သာအောင် ကြိုးစားပါ
မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ ဆွန်ဇူးက ဒီလိုမိန့်ဆိုပါတယ်

ကျွနုပ်တို့ဟာ ရန်သူရဲ့အနေအထားတွေ၊ တပ်သားတွေကို ဖြန့်ကျက်ချထားပုံတွေကို သိအောင် လုပ်ကြရမယ်။ ကျွန်ုပ်တို့ကိုယ်တိုင်ကတော့ ရန်သူမမြင်နိုင်အောင်နေကြရမယ်။ ဒီနည်းအားဖြင့် ကျွန်ုပ်တို့ရဲ့တပ်များကို စုစည်းထားနိုင်သွားမှာဖြစ်မယ်။ ရန်သူကိုတော့ တကွဲတပြားစီ ဖြစ်နေအောင် လုပ်သွားရမယ်။ ကျွန်ုပ်တို့ဟာ မိမိတို့ရဲ့ တပ်သားများကို တစ်နေရာတည်းမှာပဲ တစ်စုတစ်စည်းတည်းဖြစ်အောင် လုပ်သွားရမယ်။

ဒီနည်းအားဖြင့် တစ်နေရာတည်းမှာ စုစည်းပြီးသားဖြစ်နေတဲ့ ကျွနု်ပ်တို့တပ်များဟာ၊ နေရာပြန့်ကျဲနေတဲ့ ရန်သူတပ်သားများကို အလုံးအရင်းနဲ့ ဝင်တိုက်လို့ရသွားမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့က တစ်နေရာတည်းမှာပဲ မိမိတို့ရဲ့ တပ်သားများကို စုစည်းထားနိုင်တယ်ဆိုတဲ့ အားသာချက်ရှိနေလို့ဖြစ်တယ်။ ရန်သူတပ်သားအရေအတွက်နည်းနေတဲ့နေရာမှာ ကျွနု်ပ်တို့ရဲ့စုစည်းထားတဲ့ တပ်အင်အားနဲ့တိုက်ရင် ရန်သူဟာ ကျဉ်းထဲကျပ်ထဲ ရောက်သွားမှာဖြစ်တယ်။
ဘယ်နေရာဒေသမှာ ရွေးတိုက်မလဲဆိုတာကိုတော့ ရန်သူမသိစေရပါဘူး။ ဒီအခါရန်သူဟာ ကျွန်ုပ်တို့ လာတိုက်မယ့်အရေးကို ကြိုတင်သတိထားလုပ်ကိုင်နေကြ ရတော့မှာဖြစ်တယ်။ ရန်သူဟာ ဖြန့်ကျက်ထားတဲ့နေရာတွေကို ပြန်ပြီးသတိထားနေရလေလေ ကျွနုပ်တို့သွားရောက်တိုက်ခိုက်ရမယ့် ရန်သူဦးရေနည်းပါးလေလေဖြစ်တယ်။

ရန်သူဟာ ရှေ့တန်းအတွက် ပြင်ဆင်နေချိန်မှာ နောက်တန်းများအားနည်းသွားမှာဖြစ်တယ်။ နောက်တန်းအတွက် ပြင်ဆင်နေရချိန်မှာလည်း ရှေ့တန်းမှာ အင်အားချိနဲ့သွားမှာပဲ။ ဘယ်ဘက်ကို အင်အားတောင့်အောင်လုပ်ရင် ညာဘက်မှာအင်အားချိနဲ့သွားမှာဖြစ်တယ်။ ညာဘက်ကို အင်အားပြည့်အောင် လုပ်ပြန်ရင်လည်း ဘယ်ဘက်မှာ စစ်သားအင်အားနည်းသွားမှာပဲ။ ဒီတော့ နေရာအနှံ့အပြားမှာ အင်အားဖြည့်တင်းဖြန့်ကျက်ထားရင်လည်း နေရာတိုင်းမှာ အင်အားချိနဲ့ဆဲ ဖြစ်နေမှာပါ။

ရန်သူဟာ အထက်ပါအတိုင်းစစ်သားဦးရေ နည်းနေတဲ့အတွက် ကျွန်ုပ်တို့လာတိုက်နိုင်မယ့် အင်အားကို ကြိုတင်ပြင်ဆင်ထားကြရတော့တယ်။ ကျွန်ုပ်တို့ရဲ့စုစည်းထားတဲ့ စစ်သားဦးရေသာလွန်နေတဲ့အတွက် ရန်သူဟာ အဲသလိုမဖြစ်မနေပြင်ဆင်ကြရတော့တာဖြစ်တယ်။

အထက်ပါဆွန်ဇူးရဲ့ အဆိုအမိန့်လိုရင်းအာဘော်ကို တခြားဘာသာပြန်ဆိုချက်တစ်ခုမှာ အောက်ပါအတိုင်း အနှစ်ချုပ်ထားပါတယ်။
''ရန်သူတပ်သားတွေ တကွဲတပြားဖြစ်နေရင် အဲဒီတပ်အစိတ်အပိုင်းကို ကျွန်ုပ်တို့ရဲ့ စုစည်းတပ်အင်အားနဲ့ တိုက်ယူနိုင်တယ်''။

ပထမထောင်စုနှစ်အတွင်း ပေါ်ထွန်းခဲ့တဲ့ ဆောင်းမင်းဆက် (Song Dynasty) အတွင်း တရုတ်နိုင်ငံဟာ ကမ္ဘာမှာ အင်အားအကြီးမားဆုံးစစ်တပ်ကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ခေါင်းဆောင်များဟာ ဆွန်ဇူးရဲ့ တပ်အင်အားစုစည်းမှုဆိုင်ရာ အကြံပေးချက်များကို လျစ်လျူရှုကာ တပ်တွေကို မြို့တော်နဲ့ နယ်ခြားဒေသများမှာ ခွဲပြီးဖြန့်ကျက်ထားခဲ့ကြတယ်။ ဒီတော့ မွန်ဂိုတပ်တွေ ဝင်ရောက်ကျူးကျော်တဲ့အခါ အညံ့ခံလိုက်ရတယ်။ မွန်ဂိုတပ်သားတွေဟာ တကွဲတပြားစီဖြစ်နေတဲ့ တရုတ်တပ်တွေကို သူတို့ရဲ့ စုစည်းထားတဲ့တပ်တွေနဲ့ နိုင်အောင်တိုက်ခိုက်နိုင်ကြလို့ ဖြစ်တယ်။

On War ''စစ်နဲ့ပတ်သက်လို့'' ဆိုတဲ့ စာအုပ်ထဲမှာ (Clausewitz) ဆိုသူက ''ဘယ်အချိန်အခါမဆို အင်အားတောင့်တင်းနေတာမျိုး မဖြစ်နိုင်ဘူး။ ဒါပေမယ့် အရေးကြီးတဲ့အချိန်မှာ မိမိတို့မှာရှိထားတာတွေကို ကျွမ်းကျင်စွာအသုံးပြုခြင်းအားဖြင့် သူများတွေထက်သာအောင်တော့ လုပ်သွားရမယ်'' လို့ ဆိုခဲ့တယ်။

မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်
မိမိမှာရှိနေတဲ့ ပစ္စည်း၊ ငွေ၊ လုပ်အားစတဲ့ အရင်းအမြစ်တွေကို စုစည်းတဲ့အင်အားတွေ ဖြစ်လာအောင် အသုံးချသွားပါ။
၁၉၈၀ ပြည့်လွန်နဲ့ ၁၉၉၀ ပြည့်လွန်နှစ်များကာလအတွင်း Barnes & Noble နဲ့ Borders ဆိုတဲ့ ကုမ္ပဏီများဟာ ပြည်တွင်းရှိ စာအုပ်ဆိုင်အားလုံးနီးပါးကို အသေသတ်နိုင်ခဲ့ပါတယ်။ ဒီကုမ္ပဏီက ဆိုင်တွေလည်းကြီးတယ်။ စာအုပ်တွေလည်း စုံလင်တယ်။ ဈေးတွေလည်း လျှော့ရောင်းတယ်၊ ဆိုင်တွေနဲ့ အခင်းအကျင်းနဲ့ ဝန်းကျင်တွေက ကောင်းနေတဲ့အတွက် လာရောက်ဝယ်သူတွေ သဘောကျကြတယ်။ ဒီအချက်တွေမှာ တခြားစာအုပ်ဆိုင်တွေ မယှဉ်နိုင်ဘူး။ ယှဉ်ပြိုင်ရပ်တည်နေနိုင်တဲ့ စာအုပ်ဆိုင်များဟာ အားသာချက်တွေရှိလို့ ဖြစ်တယ်။ ဥပမာအားဖြင့် (Powell) ရဲ့ စာအုပ်ဆိုင်ဟာ အမယ်ပေါင်းနှစ်သိန်းရှိတဲ့ စာအုပ်တွေ တင်ရောင်းတယ်။ စာအုပ်အဟောင်းတွေလည်း သုံးသိန်းရှိတယ်။ စာအုပ်သစ်တွေနဲ့ စာအုပ်ဟောင်းတွေကို တင်ထားတဲ့စင်တွေကို ယှဉ်ထားတဲ့အတွက် ဝယ်သူတွေက ကြိုက်ရာအလွယ်တကူရွေးနိုင်ကြတယ်။ ''ဆက်လက်ရပ်တည်နိုင်ဖို့ နည်းလမ်းတစ်ခုကတော့ ယှဉ်ပြိုင်ဘက်တွေထက် ဆိုင်လည်းကြီးရမယ်။ အမယ်လည်း မျိုးစုံရမယ်'' လို့ (Powell) က ဆိုတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာတော့ အထက်ဖော်ပြပါ (Barnes of Noble) နဲ့ (Borders) ဆိုတဲ့ စာအုပ်ဆိုင်ကြီးများလို အန်တုယှဉ်ပြိုင်လာတဲ့ (Amazon) ဆိုတဲ့ အွန် လိုင်းအရောင်းလုပ်ငန်းကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ (Amazon) ဟာ ဝယ်ယူသူတွေ အကြိုက်ကိုသိအောင်လုပ်ခြင်းအားဖြင့် ဝယ်သူတွေ အကျိုးရှိအောင် ဆောင်ရွက်ပေးတယ်။ ဒီလုပ်နည်းလုပ်ဟန်ကို အခုအခါတခြားဆိုင်တွေက အတုယူလုပ်ကိုင်နေကြတယ်။ စာအုပ်တွေသာမက တခြားပစ္စည်းတွေကိုလည်း အွန်လိုင်းက ရောင်းချနေပါပြီ။ ဒီနည်းများကတော့ စစ်ပွဲတွေမှာ ပျောက်ကျားစစ်ဆင်ရေးသုံးသလိုပါပဲ ပျောက်ကျားစစ်သားများဟာ ရန်သူ ဘယ်နေရာမှာ အားနည်းချက်ရှိသလဲ။ အဲဒီနေရာကို အခွင့်ကောင်းယူပြီး တိုက်ကြတာဖြစ်တယ်။

နေရာတိုင်းကိစ္စတိုင်းကို အာရုံစူးစိုက်နေပြန်ရင်လည်း ဒါဟာ စူးစိုက်မှုမဟုတ်တော့ဘူး။ သီးသီးသန့်သန့် ရွေးပြီး စုစည်းလုပ်ကိုင်လေလေ အောင်မြင်နိုင်လေလေဖြစ်တယ်။ အများသက်သာအောင်လုပ်တဲ့ လုပ်နည်းလုပ်ဟန်များဟာ စီးပွားရေးကုမ္ပဏီအများစုအတွက် အကောင်းဆုံးလုပ်နည်းလုပ်ဟန်တွေ ဖြစ်ကြတယ်။ ဒီလိုလုပ်ကိုင်ရာမှာ အရေအတွက်ချည်းသာ အာရုံစိုက်ရတာ မဟုတ်ဘူး။ တခြားနေရာတွေမှာလည်း သာအောင်လုပ်နိုင်တယ်။ အောက်ပါအတိုင်းပါပဲ။

- ဆီလျော်တဲ့ အကြောင်းအရာကလေးတွေ ထည့်ပေးခြင်း
- အရောင်းလိုက်နေတဲ့ ပစ္စည်းအမယ်များကို ဈေးကွက်ခွဲဆောင်ရွက်ခြင်း
- မိမိရဲ့အားသာချက်များကို အာရုံစိုက်လုပ်ကိုင်ခြင်း
- တွဲဖက်လုပ်ကိုင်မယ့်သူ (ဥပမာ- မိမိလုပ်ငန်းကို သူများနဲ့ပူးပေါင်းလုပ်ကိုင်ခြင်း)
- မိမိကုန်ပစ္စည်းတွေ အရည်အသွေးကောင်းအောင်နဲ့ ဝန်ဆောင်မှုတွေလည်း ကောင်းအောင်လုပ်ကိုင်ခြင်း၊

မိမိရဲ့ အရင်းအမြစ်များကို အကျိုးရှိအောင် အာရုံစိုက်လုပ်ကိုင်ရမယ်ဆိုတာ စီးပွားရေးလုပ်ကိုင်ရာမှာ အခြေခံကျတဲ့အချက်ဖြစ်ပါတယ်။

ညွန့်သောင်း
Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again