စီးပွားရေးလုပ်ငန်းတွေမှာ မိတ်ဆက်စာကို အီးမေးလ်နဲ့ပို့တဲ့အခါမှာ လိုက်နာသင့်တဲ့ ကျင့်ဝတ် ၆ ခု

စီးပွားရေးလုပ်ငန်းတွေမှာ မိတ်ဆက်စာကို အီးမေးလ်နဲ့ပို့တဲ့အခါမှာ လိုက်နာသင့်တဲ့ ကျင့်ဝတ် ၆ ခု
စီးပွားရေးလုပ်တဲ့အခါ လုပ်ငန်းပိုမိုအောင်မြင်အောင် တိုးချဲ့နိုင်ဖို့အတွက် တခြားစီးပွားရေးလုပ်ငန်းတွေနဲ့ မိတ်ဆက်ရတာက အစဉ်အလာပါပဲ။ လူကိုယ်တိုင်သွား ရောက်မိတ်ဆက်တာကကောင်းပေမဲ့ လူကိုယ်တိုင် သွားရောက်ဖို့ အဆင်မပြေတဲ့အခါမှာတော့ အီးမေးလ်ကနေတစ်ဆင့်ပဲ မိတ်ဆက်ရပါတယ်။ ဒါကြောင့် ကိုယ်က မိတ်ဆက်စာပို့တဲ့အခါဘဲဖြစ်ဖြစ်၊ တခြားသူပို့လာတဲ့ မိတ်ဆက်စာကို ပြန်ရတဲ့အခါဘဲဖြစ်ဖြစ် လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

စီးပွားရေးလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ရမှာက မဖြစ်မနေဆောင်ရွက်ရမယ့် အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါမှလည်း ကိုယ့်ရဲ့လုပ်ငန်းဟာ ရေရှည်မှာတိုးတက်အောင်မြင်လာမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်၊ လုပ်ငန်းတစ်ခုနဲ့တစ်ခု အပြန်အလှန် မိတ်ဆက်ထားတာဟာ ကိုယ့်လုပ်ငန်းအတွက် အများကြီးအထောက်အကူပြုသလို ရေရှည်အတွက် ခိုင်မြဲတဲ့ဆက်ဆံမှုတစ်ခုကိုလည်း ဖြစ်စေပါတယ်။ တစ်ဦးနဲ့တစ်ဦး၊ လုပ်ငန်းတစ်ခုနဲ့တစ်ခုဟာ အတိုင်းအတာတစ်ခုထိ ခင်မင်ရင်းနှီးမှုရှိနေတယ်ဆိုရင် အခက်အခဲတွေ ကြုံလာတဲ့အခါမှာ အလွယ်တကူကျော်လွှားနိုင်မှာဖြစ်သလို လုပ်ငန်း မှာလိုအပ်တဲ့ လိုအပ်ချက်တွေကိုလည်း ပိုပြီးမြင်လာစေပါတယ်။

၁။ ချက်ချင်းစာပြန်ပါ။

ချက်ချင်းစာပြန်ဖို့က လွယ်လွယ်လေးလို့ထင်ရပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် တချို့လူတွေဟာ စာပြန်ပို့ဖို့ ရက်အတော်ကြာတဲ့အထိ အချိန်ယူကြတာကို ခဏခဏကြုံရလေ့ရှိပါတယ်။ တစ်ဖက်လူရဲ့စာကို အချိန်အ ကြာကြီးယူထားပြီးမှ စာပြန်တာဟာ သူ့ကိုအလေးမထားဘူးလို့ မြင်စေနိုင်တဲ့အပြင် ကိုယ်နဲ့အတူ လုပ်ငန်းတွဲမလုပ်ချင်လို့ စာမပြန်တာလို့လည်း အထင်ရောက်စေ နိုင်ပါတယ်။ ဒါကြောင့် မြန်နိုင်သမျအမြန်ဆုံး သူ့စာကိုပြန်သင့်ပါတယ်။

၂။ ကိုယ့်ကို မိတ်ဆက်စာပို့ထားသူတွေကို အချိန်ကုန်လူပန်းတာမျိုး မဖြစ်ရအောင် ဂရုစိုက်ပေးပါ။

တစ်ယောက်ယောက်က ကိုယ်နဲ့တွေ့ဆုံစကားပြောခွင့်ရဖို့ မိတ်ဆက်စာပို့ထားတယ်ဆိုရင် ဒီလိုအချိန်မျိုးမှာ သူတို့အနေနဲ့ ကြိုတင်ပြင်ဆင်နိုင်မယ့်၊ အထောက်အကူရနိုင်မယ့် အချက်အလက်တွေကို ပြန်စာနဲ့အတူတွဲပြီး ပို့ပေးလိုက်ပါ။ ဒီလိုပြုလုပ်လိုက်တာဟာ သင့်အတွက်တအားကြီး အပန်းမကြီးပေမဲ့ သူတို့ကိုအလေးထားတယ်လို့ မြင်သွားစေပါတယ်။ ဒါဟာ ရေရှည်ဆက်ဆံရေးအတွက်လည်း အများကြီးအထောက်အကူပေးမှာ ဖြစ်ပါတယ်။

၃။ ကိုယ်တွေ့ချင်တဲ့သူက တွေ့ဖို့လက်ခံတဲ့အခါ သူ့အချိန်ဇယားကို ဦးစားပေးပါ။

အရင်ဆုံးကိုယ်ကတွေ့ဖို့တောင်းဆိုတဲ့သူဆိုတာ သတိရပါ။ ဒါကြောင့် တွေ့ဖို့ကမ်းလှမ်းတဲ့အခါမှာ ကိုယ်ကဘယ်နေ့တော့ အားတယ်ဆိုတာမျိုးမပြောဘဲ သူဘယ်နေ့၊ ဘယ်အချိန်အားလဲ၊ ဘယ်နေရာမှာတွေ့ရင် အဆင် ပြေနိုင်မလဲဆိုတာမျိုး အရင်မေးသင့်ပါတယ်။

၄။ တွေ့ဆုံမယ့်နေရာရွေးချယ်တဲ့အခါ သတိပြုပါ။

တွေ့ဖို့နေရာရွေးတဲ့အခါမှာလည်း ကိုယ်ကတွေ့ချင်တဲ့ သူဖြစ်တာကြောင့် သူ့ကိုကိုယ့်ရုံးခန်းကို ခေါ်တာမျိုး ကိုယ့်အဆင်ပြေမယ့်နေရာကို ကိုယ်ကရွေးတာမျိုး မပြုလုပ်သင့်ပါဘူး။ သူအဆင်ပြေမယ့်နေရာကို ဦးစားပေးပြီး တွေ့ဖို့ချိန်းတာက ကိုယ့်အပေါ်ကို အမြင်ကောင်းစေပါတယ်။

၅။ စာလုံးပေါင်းသေချာစစ်ပါ။

ဒီအချက်က အင်မတန်အရေးကြီးတာကြောင့် အသေအချာလုပ်ဆောင်ပါ။ ကိုယ်ပို့လိုက်တဲ့စာမှာ စာလုံးပေါင်းအမှားတွေပါသွားတာက သူ့ရဲ့အထင်ကြီးမှုကို လျော့နည်းသွားစေနိုင်တဲ့အပြင် လုပ်ငန်းဆောင်ရွက်တဲ့ အခါမှာလည်း အနည်းနဲ့အများယုံကြည်မှုလျော့နည်း သွားစေနိုင်ပါတယ်။

၆။ မိတ်ဆက်စာပို့ပြီးပြီဆိုရင်လည်း Follow Up လုပ်ပါ။

မိတ်ဆက်စာပို့ပြီးပြီဆိုရင်လည်း သူစာပြန်မှပြန်မယ်ဆိုတာမျိုး ပစ်မထားသင့်ပါဘူး။ စာပို့ပြီးတစ်ရက်၊ နှစ်ရက်နေလို့မှ သူ့ဘက်ကစာမပြန်လာသေးဘူးဆိုရင် စာပို့ထားတဲ့အကြောင်း သတိပေးတဲ့ ဖုန်းခေါ်ဆိုမှုဖြစ်ဖြစ်၊ နောက်ထပ်တွေ့ဆုံဖို့ စာကိုဖြစ်ဖြစ် မြန်မြန်ဆန်ဆန် ထပ်ပို့သင့်ပါတယ်။ ကိုယ်နဲ့တွေ့ဆုံဖို့ လက်ခံတဲ့ သူ့ရဲ့ပြန်စာကိုရရင်လည်း ကျေးဇူးတင်ကြောင်းစာကို ပြန်လည်ပို့ပေးဖို့လိုပါတယ်။

တွေ့ဆုံပြီးတဲ့အခါမှာလည်း တွေ့ဆုံခဲ့ရတဲ့အတွက် ကျေးဇူးတင်ကြောင်းစာကို ချက်ချင်းပို့သင့်တဲ့ အပြင်လုပ်ငန်းအတူတွဲလုပ်ဖို့ နောက်ထပ်ဘာတွေလို အပ်ဦးမလဲ၊ ဘယ်တော့ထပ်တွေ့ကြဦးမလဲဆိုတာမျိုးကို တစ်ခါတည်းချိန်းဆိုသင့်ပါတယ်။

Credit: CEO Myanmar facebook page

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again