တရုတ်တွေကို သတိထား

တရုတ်တွေကို သတိထား
ယင်ယုကိုကြည့်လိုက်လျှင် တကယ့်ပါရမီရှင်တစ်ဦးဟု ထင်စရာအကြောင်းမရှိ။ သူ့ကိုယ်အလေးချိန်ကလည်း ပေါင် ၁၀၀ ကျော်ကျော်လေးပဲ ရှိမည်ထင်သည်။ မြို့သားတစ်ဦးပီပီ ဆံပင်ကို ဆေးဆိုးထားသည်။ သူက ခေါင်းစွပ်လေးတစ်ခုကို စွပ်ထားသည်။ သူ့ခေါင်းစွပ်တွင် ရေးထိုးထားသည့် စာတန်းက Dope Shit  ဖြစ်သည်။ တရုတ်သည် ဆူပါ ပါဝါအနေအထား မြင့်တက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အသက် ၂၀ ခန့်သာရှိသေးသည့် ကျောင်းသားအရွယ် အထင်ကြီးစရာမကောင်းသော ယင်ယုတစ်ယောက် အရေးပါသော နိုင်ငံ၏အခန်းကဏ္ဍတစ်ခုတွင် တာဝန်ထမ်းဆောင်နေရသူတစ်ဦးဟု ပြောလိုက်လျှင် ပိုပြီး အံ့အားသင့်သွားကြပေလိမ့်မည်။

ယင်ယုသည် Bainiaohe Digital Town ဆိုသည့် နည်းပညာကုမ္ပဏီကြီးတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်သည်။ ထိုကုမ္ပဏီသည် တရုတ်နိုင်ငံအနောက် တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင်ရှိသည်။ သစ်ပင်များ ဖုံးလွှမ်းထားသော တောင်ကုန်းပေါ်တွင်ရှိသည့် ထိုကုမ္ပဏီသည် နည်းပညာတွင်အရေးပါသည့် လုပ်ငန်းကြီးများကို လုပ်နေသည်။ ထိုဒေသသည် ရိုးရာအားဖြင့် လက်ဖက်ပင်များ စိုက်ပျိုးခြင်းနှင့် မော်ထိုင်းအရက်ထုတ်လုပ်ရာ၌ နာမည်ကြီးသည်။ သို့သော် ယနေ့ခေတ်တွင် ယင်ယုအပြင် အခြားသော လူငယ်ရာပေါင်းများစွာကို မျက်စိကျစေသည့် နေရာတစ်ခုဖြစ်နေသည်။ ထိုကုမ္ပဏီနှင့် နေရာသည် AI ခေါ် Artificial Intelligence နည်းပညာရပ်တွင် အတိုးတက် အထွန်းကားဆုံး လုပ်ဆောင်နိုင်သည့်အတွက် ယင်ယုအဖို့ ဂုဏ်ယူစရာလည်းဖြစ်သည်။

ထိုကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် လူငယ်များသည် ကွန်ပျူတာရှေ့တွင် တစ်နေ့ ၈ နာရီလောက် ထိုင်ပြီး အလုပ်လုပ်ကြသည်။ သူတို့သည် မျက်နှာပြင် မှတ်မိနိုင်သည့် ဆော့ဖ်ဝဲများ၊ အသံဖြင့် ခိုင်းစေနိုင်သည့် ဆော့ဖ်ဝဲများ၊ မောင်းသူမဲ့ ကားပရိုဂရမ်၊ မိုဘိုင်းလ်ဖုန်းဆော့ဖ်ဝဲများကို စမ်းသပ်နေကြသည်။ ထူးဆန်းသည်က နည်းပညာနှင့် အပင်၊ ပိုးမွှားများကိုပါ ပေါင်းစပ်ပြီး စမ်းသပ်နေကြခြင်းဖြစ်သည်။

“ကျွန်တော် AI ဆိုတဲ့ သဘောတရားကို အမေရိကန် စိတ်ကူးယဉ် သိပ္ပံကားတွေထဲမှာ ကြည့်ဖူးတယ်။ Star Wars ဆိုတဲ့ ဇာတ်ကားထဲမှာ စက်ရုပ်တွေအများကြီးကို ခိုင်းနေတာလည်းတွေ့ဖူးတယ်။ AI ဆိုတာနီးတော့ နီးစပ်နေပြီး ဒါပေမဲ့ ဘယ်အဆင့် လောက်ရောက်နေပြီဆိုတာ ပြောရခက်တယ်။ လေ့လာဖို့တော့ အများကြီးလိုသေးတယ်။ ဒီမှာ ကျွန်တော့်အလုပ်က AI ကို သင်ဖို့ပဲ”ဟု ယင်ယုက ဆိုသည်။ တရုတ်လူငယ်လေးတွေ ဘာတွေကို လေ့လာပြီး စူးစိုက်လုပ်ဆောင်နေကြသည်ဆိုခြင်းကို ယင်ယုနှင့် ပုံစံပြခြင်းဖြစ်ပါသည်။

တရုတ်နိုင်ငံစီးပွားရေးက ဖြည်းဖြည်းချင်းတက်နေသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် လူဦးရေနှင့် လုပ်သားအင်အား အပေါများဆုံးနိုင်ငံဖြစ်သော်လည်း ထုတ်လုပ်မှုတွင် သူတို့ကို မယှဉ်နိုင်လောက်အောင် ကြံစည်နေကြသည်။ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီအနေဖြင့် တိုင်းပြည်၏ ယိုင်နဲ့နေသည့် စီးပွားရေးကဏ္ဍကို နည်းပညာဖြင့် အဖြေရှာကြည့်ရန် စဉ်းစားကြသည်။ သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင်က တရုတ်နိုင်ငံ၏ အနာဂတ်ကို လမ်းကြောင်းချပေးထားပြီးဖြစ်သည်။ Made in China 2025 ဆိုသည်က နိုင်ငံတော် လမ်းစဉ်တစ်ခုဖြစ်လာသည်။ လာမည့် ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် AI နည်းပညာဖြင့် ကမ္ဘာကို လွှမ်းစေရမည်ဆိုသည့် လမ်းစဉ်ကိုချမှတ်ထားသည်။ တရုတ်က အာကာသနည်းပညာ၊ ကွန်ပျူတာ၏ အရေးအကြီးဆုံး microchip ထုတ်လုပ်မှုနှင့် အဆင့်မြင့် နည်းပညာများထုတ်လုပ်မှုတွင် ချုပ်ကိုင်ပြီး ၂၀၁၅ တွင် ကမ္ဘာကို ကိုင်လှုပ်နိုင်ရန် ကြိုးစားနေကြသည်။ 

၂၀၁၈ ခုနှစ်ကတည်းက တရုတ်နိုင်ငံသည် နိုင်ငံတော်ကောင်စီ၏ လမ်းညွှန်ချက်ဖြင့် မျိုးဆက်သစ် ကွန်ပျူတာ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံချက် (Next Generation Artificial Intelligence Development Plan) ကို ချမှတ်ထားပြီးဖြစ်သည်။ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တရုတ်သည် AI နည်းပညာတီထွင်မှုတွင် အဓိကကျသည့် နိုင်ငံကြီးတစ် နိုင်ငံဖြစ်လာစေရမည်ဆိုသော ဦးတည်ချက်အတိုင်းလည်း လုပ်ဆောင်နေသည်။ ထို့ကြောင့် AI ဆိုင်ရာ လုပ်ငန်းကြီးများအား လုပ်ဆောင်နိုင်မည့် ဌာနကြီးများကိုလည်း ဒေါ်လာ ၁၄၈ ဘီလီယံခန့်သုံးပြီး ထူထောင်တည်ဆောက်ရန် ပြင်ဆင်ထားသည်။ AI နှင့် ဆက်နွှယ်သည့် လုပ်ငန်းများကိုလည်း လက်ရှိအနေအထားထက် ၁၀ ဆတိုးပြီး လုပ်ဆောင်ရန်စီစဉ်နေသည်။

ဘေဂျင်းနှင့် ဝါရှင်တန်သည် ဆိုက်ဘာလုံခြုံရေး ကိစ္စနှင့်ပတ်သက်ပြီး ရန်စောင်နေကြသည့် နိုင်ငံများ ဖြစ်လာသည်။ ထို့ပြင် ကုန်သွယ်ရေးဆိုင်ရာ၊ မူပိုင်ခွင့်ဆိုင်ရာ ပြဿနာများတွင်လည်း အချင်းများနေကြသည်။ သူတို့သည် တစ်နိုင်ငံအပေါ် တစ်နိုင်ငံက ကျော်လွှားအောင်နိုင်ရေးအတွက် မီးကုန်ယမ်းကုန် နည်းလမ်းစုံ ထုတ်သုံးကာ ပြိုင်ဆိုင်နေကြသည်။ ၂၀၁၇ ခုနှစ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က AI နည်းပညာကို ကောင်းစွာနိုင်နင်းအောင် ထိန်းချုပ်နိုင်သူများသည် ကမ္ဘာကိုစိုးမိုးနိုင်သူများ ဖြစ်လာလိမ့်မည်ဟု ဟောကိန်းထုတ်ထားသည်။

အမေရိကန်နိုင်ငံခြားဆက်ဆံရေး ကောင်စီမှ ဒစ်ဂျစ်တယ်နှင့် ဆိုက်ဘာမူဝါဒရေးရာအစီအစဉ်ဌာန၏ ဒါရိုက်တာတစ်ဦးဖြစ်သူ အဒမ်ဆီးဂဲလ်ကလည်း တရုတ်နိုင်ငံသည် လက်ရှိအနေအထားတွင် စီးပွားရေးကောင်းလာခြင်းနှင့် လုံခြုံရေးအပိုင်းတွင် ခိုင်မာအောင်တည်ဆောက်နိုင်ခြင်းများကြောင့် AI နည်းပညာအပိုင်းတွင် အဓိကကျသည့် နေရာတစ်နေရာကို ရောက်လာပြီဟု ထောက်ပြဝေဖန်ထားသည်။ 

တရုတ်သည် AI ကျောင်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာလကစပြီး ဖွင့်လှစ်ခဲ့သည်။ AI ဆိုင်ရာ ဖတ်စာအုပ်များကိုလည်း မူလတန်းမှသည် အထက်တန်းအဆင့်အထိ ထုတ်ရန် ပြင်ဆင်ထားပြီး ၂၀၁၉ ခုနှစ်ကစတင်ကာ သင်ကြားရန် ပြင်ဆင်နေကြပြီဖြစ်သည်။ တရုတ်က အနာဂတ်တွင် တစ်နိုင်ငံလုံး၌ AI ဆိုင်ရာလုပ်ငန်းတွေကို မီးခိုးငွေ့တွေထုတ်ကာ လေထုညစ်ညမ်းစေသော စက်ရုံများနေရာတွင် အစားထိုးလုပ်ကိုင်ရန် ပြင်ဆင်နေပြီ။ 

“အရှေ့အလယ်ပိုင်းဒေသက ရေနံတွေ အမြောက်အမြားထုတ်နေသလို တရုတ်က AI ဆိုင်ရာ ဒေတာတွေကိုထုတ်တဲ့ ဗဟိုအချက်အချာ နိုင်ငံဖြစ်လာလိမ့်မယ်”ဟု Mengdong လုပ်ငန်းစုကြီး၏ စီအီးအိုဖြစ်သူ ရှန်ဟွာက ဆိုသည်။
တရုတ်နိုင်ငံတွင် AI လုပ်ငန်းဌာနကြီးများကို ပြည်နယ်ဒေသအလိုက် ထူထောင်နေကြသည်။ ကွမ်ကျိုးတွင် မြေကလည်းပေါ၊ လုပ်သားအင်အားကလည်း ပေါပြီး ဈေးသက်သာသည်။ ရာသီဥတုကလည်း အေးသောကြောင့် နည်းပညာဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများ ထူထောင်ရာ၌ပင် အလွန်သင့်လျော်သည့် နေရာဒေသတစ်ခု ဖြစ်နေသည်။ ယင်ယုသင်ကြားပေးနေသည့် AI နည်းပညာကျောင်းကပင် ရထားစီးလျှင် နှစ်ရက်လောက်နှင့် ရောက်နိုင်သည်။ 

“လုပ်သားအင်အားတွေကို ဈေးသက်သာစွာ ရနိုင်တာက နိုင်ငံခြားက ပြိုင်ဘက်တွေကို ခြေလှမ်းဆယ်လှမ်းလောက် ဖြတ်ခဲ့နိုင်တယ်။ အမေရိကန် ဆိုတာက အလုပ်သမားတွေရဲ့ လုပ်အားခနှုန်းမှာ တရုတ်ကို ဘယ်နည်းနဲ့မှ မယှဉ်နိုင်ပါဘူး”ဟု ရှန်ဟွာက ဆိုသည်။

အမေရိကန်ပြည်ထောင်စုတွင် နည်းပညာရပ် ဝန်းကြီးတစ်ခုဖြစ်သည့် ဆီလီကွန်တောင်ကြားဒေသသည် ကုမ္ပဏီပေါင်းစုံဖြင့် နည်းပညာကို တီထွင်နေကြသည်။ သို့သော် ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် သီးခြားစီ ပြိုင်ဆိုင်တီထွင်နေကြသည့် သဘောဖြစ်သည်။ သူတို့ဆီတွင် AI ကို လုပ်နေကြသည် ဆိုသော်လည်း ကုမ္ပဏီအချင်းချင်း အချိတ်အဆက် မိချင်မှ မိနိုင်ပေလိမ့်မည်။ ထို့ကြောင့် မည်မျှအတိုင်းအတာအထိ လုပ်ဆောင်မည်၊ မည်သည့် အချိန်ပြီးရမည်၊ ပန်းတိုင်မည်သို့ရှိ မည်ဆိုခြင်းမှာ သိနိုင်ရန်ခက်ခဲလှသည်။ တရုတ်နိုင်ငံကတော့ AI လုပ်ငန်းကို နိုင်ငံတော်အထောက်အပံ့၊ နိုင်ငံတော်စီမံချက်များဖြင့် အကောင်အထည်ဖော်နေသောကြောင့် အရှိန်အဟုန်နှင့် လမ်းကြောင်းမှန်ပေါ်တွင် ရွေ့လျားနေသည်ဟု ဆိုရမည်။

တရုတ်နိုင်ငံတွင် ၂၀၁၇ ခုနှစ်ကတည်းက တစ်ကမ္ဘာလုံး AI အတွက် ငွေကြေးထုတ်သုံးနေမှု၏ ၅၀ ရာခိုင်နှုန်းခန့်ကို မတည်ပေးပြီး လုပ်ဆောင်ရန် ပြင်ဆင်နေသည်။ အမေရိကန်ပြည်ထောင်စုကို ကျော်လွန်သွားမည့် ငွေကြေးပမာဏကို သုံးစွဲရန် ပြင်ဆင်နေခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုက တရုတ်ကို မူပိုင်ခွင့်ဆိုင်ရာ ပြဿနာနှင့် ကိုင်တွယ်ချင်နေသည်။ တရုတ်ကလည်း တီထွင်မှုနှင့် မူပိုင်ခွင့်အတွက် မှတ်ပုံတင်ထားမှုများတွင် အမေရိကန်ထက်သာအောင် လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်သည်။ 

Bainiaohe Digital Town သည် ကွေ့ကျိုးရှိ Forerunner ကောလိပ်နှင့် တိုက်ရိုက်ချိတ်ဆက်ထားကြသည်။ အစိုးရကလည်း ထိုကောလိပ်ကို အထောက်အပံ့တွေ ပေးထားသည်။ ကျေးလက်မှ ပညာလိုလားသူများအတွက် အကျိုးအမြတ်မယူသည့် ပညာရေးဖြစ်စေရမည်ဟုလည်း ကောလိပ်ကျောင်းထဲတွင် ဆိုင်းဘုတ်ကြီးထောင်ပြီး AI နည်းပညာကို အားလုံးအတွက် ပညာရေးဖြစ်အောင် လုပ်ဆောင်နေကြသည်။ 

၂၀၁၂ ခုနှစ်ကတည်းက ထူထောင်ထားသည့် ထိုကောလိပ်သည် တစ်ကျောင်းလုံးတွင် AI ဆိုင်ရာ သင်ရိုးများကိုသာသင်ကြားနေသည့် ကျောင်းလည်းဖြစ်သည်။ ထိုင်ဝမ်မှ နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် HTC က ထိုကျောင်းကို အထောက်အပံ့ပေးထားသည်။ တစ်ကြိမ်လျှင် ကျောင်းသား ၄၀၀၀ လက်ခံနေပြီး သုံးနှစ်အိုင်တီဆိုင်ရာဘွဲ့အတွက် ကုန်ကျမည့် ငွေစုစုပေါင်းမှာ ဒေါ်လာ ၁၅၀၀ ခန့်သာဖြစ်သည်။ တစ်နှစ်လျှင် ဒေါ်လာ ၅၀၀ သာယူပြီး နည်းပညာရှင် AI သမားတွေကို မွေးထုတ်ပေးလာသည်မှာ ၇ နှစ် ရှိနေပြီဖြစ်သဖြင့် တရုတ်တို့ ဘာတွေ ကြိတ်ကြံနေကြသည်ကို သိထားစေချင်ပါသည်။

တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် AI နည်းပညာပိုင်းတွင် အပြိုင်အဆိုင်ဖြင့် ထိပ်တန်းကို လုတက်နေကြသည့် နိုင်ငံကြီးနှစ်နိုင်ငံဖြစ်သည်။ WIPO (World Intellectual Property Organization) အဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် အမေရိကန်ပြည်ထောင်စုမှ IBM ကုမ္ပဏီကြီးသည် AI နည်းပညာဆိုင်ရာ တီထွင်မှု အမျိုးအစားပေါင်း ၈၉၂၀ ခန့် မူပိုင်ခွင့်အတွက် မှတ်ပုံတင်ထားပြီး၊ Microsoft က ၅၉၃၀ ခန့်မှတ်ပုံတင်ထားသည်ဟု ဆိုသည်။ 

လက်ရှိ တရုတ်နိုင်ငံတွင် ထူထောင်ထားသောနည်းက ပညာကုမ္ပဏီပေါင်း၏ ၈၅ ရာခိုင်နှုန်းသည် AI ဆိုင်ရာ လုပ်ငန်းများကို တီထွင်ခြင်း၊ လေ့ကျင့်ခြင်း၊ အသုံးချခြင်း၊ လူသစ်စုဆောင်းခြင်း၊ ဈေးကွက်ဖော်ဆောင်ခြင်းများကို လုပ်ဆောင်လျက်ရှိကြသည်။ အမေရိကန်ပြည်ထောင်စုတွင် နည်းပညာဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်နေသော ကုမ္ပဏီများ၏ ၅၁ ရာခိုင်နှုန်းသာ AI ဆိုင်ရာတီထွင်မှုများကို လုပ်ဆောင်နေကြသည်။ 

တရုတ်နိုင်ငံတက္ကသိုလ်ကြီး ၁၇ ခုသည် ကမ္ဘာ့ AI ဆိုင်ရာ နည်းပညာလေ့လာသုတေသနပြုမှုတွင် ထိပ်တန်း ၂၀ စာရင်းဝင်ဖြစ်သည်။ သူတို့က စက်များ၏ လူသားအတိုင်း တုပလုပ်ဆောင်နိုင်စွမ်းများနှင့် အသံဖြင့် ထိန်းချုပ် ခိုင်းစေရသောစနစ်များကို တီထွင်နေကြသည်။ သို့သော် အမေရိကန်ကလည်း တရုတ်တို့ တီထွင်မှုမှန်သမျှသည် သူတို့ထံက ခိုးယူနေသည့် နည်းပညာများဖြစ်ကြောင်း တကြော်ကြော် အော်နေသည့်ကြားက တိုးတက်အောင်မြင်စွာဖြင့် ကမ္ဘာသိအောင် ဖော်ထုတ်ပြနေကြသည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်တို့၏ ပမာမခန့်လုပ်မှုကို ဒဏ်ပေးသည့်အနေနှင့် တရုတ်ကုန်ပစ္စည်း ဒေါ်လာ ၂၃၄ ဘီလီယံဖိုးခန့်ကို အမေရိကသို့ တင်သွင်းခွင့် ပိတ်ပင်ပြီး တရုတ်ကိုဆန့်ကျင်ပြခဲ့သည်။ 

တရုတ်တို့ဘက်ကလည်း AI ဆိုင်ရာ နည်းပညာ လေ့လာမှုတွင် ၂၀၁၃ ခုနှစ်က ဆော့ဖ်ဝဲပေါင်း ၁၁၈ မျိုးသာ မူပိုင်ခွင့်အတွက် မှတ်ပုံတင်နိုင်သော်လည်း ၂၀၁၆ ခုနှစ်တွင် ၂၃၉၉ မျိုးအထိတိုးတက်လာကြောင်း WIPO က ထုတ်ပြန်ထားသည်။ ထို့ပြင် မောင်းသူမဲ့ကားများကို ထိန်းချုပ်မောင်းနှင်သည့် AI နည်းစနစ်များကိုလည်း တရုတ်တို့မှတ်ပုံတင်ထားသည်မှာ ၄၉ ရာခိုင်နှုန်းခန့်အထိ တိုးမြင့်လာပြီဟုဆိုသည်။ 

၂၀၁၈ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။ AI ဆိုင်ရာ မူဝါဒများနှင့် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို နိုင်ငံတော်အနေနှင့် အသေးစိတ် ထုတ်ပြန်မည်ဟု ဆိုထားသည်။ လုံခြုံရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်ရေး၊ လူမှုရေးဆိုင်ရာ ကိုယ်ကျင့်တရား၊ အလုပ်များ ဖော်ဆောင်ရေး၊ ပုဂ္ဂလိကလုံခြုံရေး၊ နိုင်ငံတော် လုံခြုံရေးကိစ္စအားလုံးတွင် တရုတ်နိုင်ငံသည် AI စနစ်များဖြင့် တစ်နိုင်ငံလုံးကို ထိန်းချုပ် လုပ်ဆောင်သွားမည်ဟုလည်း ဆိုထားသည်။

တရုတ်နည်းကရှင်းပါသည်။ ယခင်က ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို AI နည်းပညာအစားထိုးအသုံးချပြီး တစ်ပြေးညီ တိုးတက်အောင်လုပ်ကာ ကမ္ဘာကိုပင် ထိန်းချုပ်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။

ကျော်ဗလ
(Ref: Time, Future of Life, Reuters, Forbes)
Credit: The Voice Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again